သထုံမြို့၏ ရှေးအကျဆုံး ဦးဖိုးသီး ပိဋိကတ်တိုက်အတွင်းမှ ပေစာများထိန်းသိမ်း သန့်ရှင်း

ပို့စ်တင်ချိန် - 5/19/2014 03:01:00 PM


သထုံ မေ ၁၆
သထုံမြို့၊ မြသပိတ်တောင်ခြေ သဒ္ဒမဇောတိကာရာမ ကျောင်းတိုက်အတွင်း တည်ရှိသည့် သထုံမြို့၏ ရှေးအကျဆုံး ဦးဖိုးသီးပိဋိကတ်တိုက် အတွင်းရှိ ပေစာများ နှစ်ကာလကြာမြင့်စွာ ဆက်လက်
တည်တံ့နိုင်ရေး အတွက် စနစ်တကျ သန့်ရှင်းကာ သိုမှီးသိမ်းဆည်းခြင်းလုပ်ငန်းများကို သုဝဏ္ဏဘူမိပရိယတ္တိ သာသနာ့ဟိတ အသင်းမှ ဦးဆောင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဒီပိဋိကတ်တိုက်က အသင်းပိုင် ပိဋိကတ် တိုက်ကြီးပါ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အငြိမ်းစား ၀န်ထောက်မင်း ဦးဖိုးသီး နဲ့ ဇနီးဒေါ်ခင်ခင်ကြီးမိသားစုတို့ လှူဒါန်းခဲ့ပြီး ရှားပါးပေ၊ ပုရပိုက်နဲ့ ပိဋိကတ်တော်တွေ အမြောက်အမြားရှိပါတယ်။ အလွန်ရှေးကျပြီးတော့ နိုင်ငံတကာက သုတေသီတွေ မကြာခဏဆိုသလို လာရောက်လေ့လာကြပါတယ်၊ ဒီပေစာတွေ ပိုးမစား ခြမစားဘဲ နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိစေဖို့ ပေစာထုပ်တွေကို တရွက်ချင်း သန့်ရှင်းရေးလုပ်၊ စပါးလင် ဆီတွေသုတ်ပြီး ပြန်လည်ထုတ်ပိုး သိမ်းဆည်းတာပါ၊



နှစ်ကာလကကြာပြီမို့လို့ အရမ်းဂရုစိုက်ရပါတယ် ” ဟု အသင်းကြီး၏ အတွင်းရေးမှူး ဦးခင်အောင် က ပြောသည်။ အဆိုပါပိဋိကတ်တိုက်တွင် မွန်၊ ပါဠိ၊ မြန်မာစာတို့ဖြင့် ရှေးဟောင်းပေစာထုတ်ပေါင်း ၇၈၈ ထုတ်၊ ပုရပိုက် ၂၈ ထုတ်၊ အခြားပိဋိကတ်တော်နှင့် ကျမ်းစာပေါင်း အမြောက်အများရှိပြီး အသင်းကြီးမှ တစ်လလျင် ၂ ကြိမ်၊ တစ်ကြိမ်လျင် ၅ ရက်ကြာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တစ်နှစ်ဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar