ကမ္ဘာ့အလှဆုံးမယ် ဆန်ခါတင် ၃၀ စာရင်းတွင် ခင်ဝင့်ဝါ ပါဝင်နိုင်ရန် ဖေ့စ်ဘွတ်ခ်၌မဲပေးနိုင်

ပို့စ်တင်ချိန် - 12/13/2013 05:20:00 PM



မေစနိုး၊ ရန်ကုန်၊ ဒီဇင်ဘာ-၁၂

Miss supranational 2013 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သော ခင်ဝင့်ဝါသည် The Ideal beauty ၏ ကမ္ဘာ့အလှဆုံး မယ်အဖြစ် ရွေးချယ်မည့် ဆန်ခါတင် အယောက် ၅၀ စာရင်းတွင် လက်ရှိပါဝင်နေသည့်အတွက် ယင်းထဲမှ အယောက် ၃၀ ထပ်မံရွေးချယ် မည့်စာရင်း၌ ပါဝင်နိုင်ရေးအတွက် ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုလျှင် တစ်မဲနှုန်းဖြင့် မဲပေးနိုင်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် Miss Golden Land Myanmar အဖွဲ့အစည်းမှ သိရသည်။

မြန်မာကိုယ်စားပြုမယ် ခင်ဝင့်ဝါသည် The Ideal beauty ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အလှဆုံးမယ်အဖြစ် တစ်ယောက်တည်းရွေးချယ်ရန် အကြိုရွေးချယ် ထားသည့် အယောက် ၁၀၀ တွင် ပါဝင်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်က အယောက် ၁၀၀ ထဲမှ အယောက် ၅၀ ကို ထပ်မံရွေးချယ်မှုတွင်လည်း ဆန်ခါတင်ပါဝင်လာခဲ့ကြောင်း သိရသည်။ ယင်းကြောင့် ဒုတိယအကြိမ် ထပ်မံ၍ ဆန်ခါတင်ရွေးချယ်မည့် အယောက် ၃၀ တွင် ထပ်မံပါရှိရေး
အတွက်မဲပေးကြစေလိုကြောင်း Miss Golden Land Myanmar က နှိုးဆော်ထားသည်။

The Ideal beauty ၏ ကမ္ဘာ့အလှဆုံးမယ်ကတစ်နှစ်လျှင် တစ်ယောက်ရွေးချယ်ခြင်းဖြစ်ကာ ယခုနှစ်တွင် ကမ္ဘာ့နာမည်ကြီး မယ်ပြိုင်ပွဲကြီးများဖြစ်သော မယ်စကြ၀ဠာ၊ မယ်ကမ္ဘာ၊Miss supranational ၊Miss Earth၊ မစ်အင်တာ နေရှယ်နယ်၊ မစ်ဂရင်းအင်တာနေရှင်နယ် ပြိုင်ပွဲကြီးများ၏ အလှမယ်၅၈၅ ယောက်ထဲမှ အယောက် ၁၀၀ ကိုသာ ရွေးချယ်ပြီး ယင်းထဲမှ The Ideal beauty ၏ ကမ္ဘာ့အလှဆုံးမယ် တစ်ယောက်ကို နောက်ဆုံးအဖြစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်မှုကို ၂၀၀၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။The Ideal beauty အဖွဲ့အစည်းသည် ကမ္ဘာ့တစ်ဝန်းရှိ ကာယ၊ ဥာဏစွမ်းရည်မြင့်ပြီး နိုင်ငံအတွက်အကောင်းဆုံး ကိုယ်စားပြုပေးနိုင်မည့် အလှမယ်များကို နှစ်စဉ် ရွေးချယ်ပေးသည့် ဂျာမနီအခြေစိုက် အလှအပဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

၂၀၁၂ ခုနှစ်က The Ideal beauty ၏ ကမ္ဘာ့အလှဆုံးမယ်အဖြစ် မယ်စကြ၀ဠာပြိုင်ပွဲ ၂၀၁၂ တွင် နောက် ဆုံး Top Ten စာရင်း၌ ပါဝင်ခဲ့သည့် တောင်အာဖရိကနိုင်ငံမှ အလှမယ် မယ်လင်ဒါဘန်က ရရှိသွားခဲ့ကြောင်း သိရသည်။ လက်ရှိ The Ideal beauty ၏ ကမ္ဘာ့အလှဆုံးမယ် အယောက် ၅၀ စာရင်းတွင် မယ်စကြ၀ဠာ ပြိုင်ပွဲ ၂၀၁၃ တွင် သရဖူရရှိခဲ့သူ ဗင်နီဇွဲလားမယ်၊ မယ်စကြ၀ဠာပြိုင်ပွဲ ၂၀၁၃ တွင်Top Ten ငါးယောက်စာရင်းတွင်ပါဝင်ခဲ့သော ဖိလစ်ပိုင်မယ်၊ Grand International 2013 မယ်တို့လည်း ပါဝင်နေကြောင်း သိရသည်။

စံတော်ချိန် သတင်းစာ