ဘုရင့်နောင်တံတား စီဘီတွဲအောက် ငါးဖမ်းစက်လှေမှောက်၍ နှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 12/13/2013 04:04:00 PM


ငါးဖမ်းစက်လှေတစ်စီး လှိုင်မြစ်အတွင်း စက်ပျက်၍ ဘုရင့်နောင်တံတားဆောက်နေသည့် စီဘီတွဲအောက်သို့ နစ်မြုပ်သွားသောကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ငါးဖမ်းစက်လှေတစ်စီးတွင် စက်လှေမောင်းသမားနှင့် လှေပိုင်ရှင်သားအဖတို့ လိုက်ပါကာ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်က လှိုင်မြစ်အတွင်း မောင်းလာပြီး ငါးပိုက်များဖော်နေစဉ် စက်လှေစက်ပျက်ပြီး မြစ်အတွင်း မျောသွားခဲ့သည်။

ထို့နောက် စက်လှေသည် အမှတ် (၂) ဘုရင့်နောင်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး စီဘီတွဲအောက်သို့ ၀င်သွားပြီးနောက် မှောက်လျက်ပြန်ပေါ်လာကာ လှေပေါ်ပါလာသူများ ပျောက်ဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြခဲ့သည်။

စက်လှေမောင်းသူသည် ဒီဇင်ဘာ ၉ ရက်တွင် နေအိမ်သို့ ပြန်ရောက်လာသော်လည်း သားအဖနှစ်ဦးမှာ ယနေ့တိုင် ပျောက်ဆုံးနေသောကြောင့် စက်လှေပေါ့ဆစွာမောင်းသူ ကျော်စွာဝင်းကို လှိုင်သာယာမြို့မရဲစခန်းမှ ပုဒ် မ ၂၈၀ ဖြင့် အမှုဖွင့်အရေးယူထားသည်။
““ဒီနေ့အထိ သားအဖနှစ်ယောက်ရဲ့ အလောင်းပေါ်တယ်လို့ မကြားမိသေးဘူး”” ဟု တာဝန်ရှိ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်ညတွင် ပြောသည်။

အဆိုပါ ဘုရင့်နောင်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဇွန်လမှစတင်ကာ ယနေ့အထိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ခုန်ချ၍ သေကြောင်းကြံစည်ခြင်းနှင့် ဆန်တင်လာလည့် စက်လှေတစ်စီး တံတားတိုင်နှင့် တိုက်မိခြင်းအပြင် လုပ်ငန်းခွင်မှ ၀မ်းဗိုက်ပြားသင်္ဘောကို ၀င်တိုက်မိခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
7 Day Daily