ရွှေတစ်ဆုလျှင် သိန်း ၁၀၀ ပေးမည်ဟု ပန်ကြပ်ဆီလတ် ကြေညာ

ပို့စ်တင်ချိန် - 12/13/2013 07:00:00 AM

12-12-2013

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် ပန်ကြပ်ဆီလတ် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယွပ်ဆိုင်းအိန်က လက်ရှိပြိုင်ပွဲဝင်နေသည့် ပန်ကြပ်ဆီလတ်အားကစားသမားများ နိုင်ငံတော်ကို ဂုဏ်ဆောင် နိုင်ခဲ့မည်ဆိုပါက ရွှေဆု တစ်ဆုလျှင် သိန်း ၁၀၀၊ ငွေတစ်ဆုလျှင် သိန်း ၅၀၊ ကြေးတစ်ဆုလျှင် သိန်း ၃၀ ချီးမြှင့်မည်ဖြစ်သည့်အပြင် ဇွဲဆုနှစ်ဆုပါ ချီးမြှင့်မည်ဖြစ်ကြောင်း Seagames Daily သတင်းစာသို့ ပြောသည်။

မြန်မာ့လက်ရွေးစင် ပန်ကြပ်ဆီလတ်အသင်းသည် ဒီဇင်ဘာလ ၁၀ ရက်အပြီးတွင် အားကစားသမား ငါးဦး ၀င်ပြိုင်ခဲ့ရာ သုံးဦးမှာ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။

“ပြိုင်ပွဲကစားသမားတွေ တိုင်းပြည် ဂုဏ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ရွှေတစ်ဆုကို သိန်း၁၀၀ ငွေ တစ်ဆုကို သိန်း ၅၀ ကြေးတစ်ဆုကို သိန်း ၃၀ ချီးမြှင့်သွားဖို့ ရှိပါတယ်။ ဒီဆုကြေးတွေအားလုံးကို ရွှေတောင် ကုမ္ပဏီကနေ အားလုံးချီးမြှင့်မှာပါ။ ဒါ့အပြင် ပွဲစဉ်တိုင်းမှာ အနိုင်ရရင် မြန်မာ့သိုင်းအဖွဲ့ချုပ်ကနေပြီးတော့ နိုင်ရင် နှစ်သိန်း၊ ရှုံးရင်တစ်သိန်း ချီးမြှင့်ပါတယ်။ ပြိုင်ပွဲကာလပြီးဆုံးရင်လည်း ပြိုင်ပွဲဝင် အားကစားသမား တွေ အားလုံးကို ဂုဏ်ပြုပွဲလုပ်ပေးမှာပါ။ အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြိုင်ပွဲဝင်အားကစားသမား တွေထဲကနေ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကိုလည်း ဇွဲဆုချီးမြင့်ဖို့လည်း ကျွန်မတို့ တာဝန်ရှိသူတွေ စီစဉ်ထားပါတယ်” ဟု မြန်မာ့သိုင်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ပန်ကြပ်ဆီလတ် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲအပြီး ဆုကြေးချီးမြှင့်မှုများနှင့် ပတ်သက်၍ ပြောသည်။

ထို့ပြင် ၎င်းကဆက်လက်၍ ဇွဲလုံ့လဆုတစ်ဆုကို ငါးသိန်း ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် မြန်မာ့နိုင်ငံ အား ကစားဝန်ကြီးဌာနမှလည်း ဆုတံဆိပ်အလိုက် ချီးမြင့်ရန်ရှိသော်လည်း အတိအကျ မသိရှိသေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ မြန်မာ့လက်ရွေးစင် ပန်ကြပ်ဆီလတ်အသင်းသည် ၁၉၉၁ ခုနှစ် ၁၆ ကြိမ် မြောက် ဖိလစ်ပိုင်ဆီးဂိမ်းတွင် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ် ၁၇ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆက်တိုက်ဆိုသလိုဝင် ရောက်ယှဉ်ပြိုင်ခဲ့ကာ ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲကို ၁၂ ကြိမ်မြောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
Myanma Spectrum