ရန်ကုန်တွင် မည်သည့် တရုတ် ဆေးခန်းမှ ကုသခွင့် ပေးထားခြင်း မရှိ

ပို့စ်တင်ချိန် - 12/13/2013 09:15:00 PM


မှတ်ပုံ မတင်ထားသော တရုတ် ဆေးခန်း တခု ကြော်ငြာ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မည်သည့် တရုတ် ဆေးခန်းကိုမှ ဆေးကုသခွင့် လိုင်စင်ချပေး ထားခြင်း၊ တရုတ် ဆေးဆရာများ အား တရားဝင်ဆေးကုသခွင့် ပေးထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှု ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း က ယမန်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန် အစည်းအဝေး(ဒုတိယနေ့) တွင် စမ်းချောင်း မဲဆန္ဒနယ်(၂)လွှတ် တော် ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာများ အား ဆေးကုသခွင့် ပြုနေသည့် အပေါ်မေးမြန်း ရာတွင် ယခုကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။

“တရုတ်ဆေးခန်းတွေနဲ့ တရုတ်ဆရာဝန်တွေကို တရားဝင်ဆေးကုသခွင့် မပေးထားပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်း မာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ရာမှာ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ကျန်းမာရေးဥပဒေ အတိုင်းသာ ခွင့်ပြုပေး တယ်။ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီကိုလည်း ဗဟိုအဆင့်၊ တိုင်းဒေသကြီး အဆင့် ဖွဲ့စည်းပြီး လိုက်လံ စစ်ဆေးနေပါတယ်”ဟုလည်း ဒေါက်တာ မြင့်သိန်းက ပြောသည်။

နိုင်ငံခြားသားများ ဆေးကုသမည်ဆိုပါက တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာနမှတဆင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ တရားဝင် ဆေးကု လိုင်စင်လျှောက်ခြင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီတွင် ခွင့်ပြုလိုင်စင် လျှောက်ခြင်း စသည့် အဆင့်ဆင့် ခွင့်ပြုချက် ရမှသာ ဆေး ကုသခွင့် ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခွင့်ပြုချက်မရှိဘဲ ဆေးကုသတာ တွေ့ရင် ဆေးခန်းကို ယာယီပိတ်သိမ်း ခိုင်းတယ်။ နောက်ပြီး စစ်ဆေးတယ်။ လိုက်နာတာ မရှိရင် ဆေးခန်းကို ပိတ်သိမ်း ခိုင်းပါတယ်”ဟု ဒေါက်တာ မြင့်သိန်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင် မြို့နယ်တွင် အပိုလို အမည်ရှိ ဆေးခန်းသည် ဆေးကုသခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ ဖွင့်ခဲ့ပြီး တရုတ် နိုင်ငံသားများက ဆေးဝါးကုသမှု လုပ်ငန်းများ ပြုလုပ် ခဲ့သဖြင့် ကျန်းမာရေးဦးစီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စမ်းချောင်း မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က“ငွေကြေး တောင်းတဲ့အခါမှာ ကုသဖို့လာရင် တမျိုး၊ ကုသပြီးရင် တမျိုး၊ တခါတရံကုသ၍ မပြေလည်တာကြောင့် ခန္ဓာကိုယ်လည်းနာ၊ လူလည်းနာရတာတွေ ရှိတယ်။ သက်ဆိုင်ရာတွေက သိနေပေမယ့် အရေးယူမှုပိုင်းမှာ အားနည်းနေတာတွေ ရှိနေတယ်”ဟု လွှတ်တော်တွင် ထောက်ပြ ပြောကြားသွားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရုတ်အပ်စိုက် ဆေးကုခန်းများ၊ တရုတ်အကြောပြင် ဆေးခန်းများ၊ မျက်နှာပြင် ပြုပြင် မှု ဆိုင်ရာ ဆေးခန်းများ၊ မျိုးပွားခြင်း ဆိုင်ရာ ဆေးခန်းများကို ဖွင့်လှစ်လျက် ရှိနေဆဲဖြစ်သည်။

ထိုဆေးခန်းများနှင့် ပတ်သက်ပြီး နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြည်သူ့ ကျန်းမာရေး ဌာနမှ အမည် မဖော်လိုသည့် တာဝန်ရှိသူ တဦးက“ဒီအပိုင်းကတော့ ကျနော်တို့ဘက်က စစ်တာပဲ။ ခင်ဗျားတို့ဘက်က သေချာတယ်ဆိုရင် နာမည်နဲ့တကွ စာရင်းပေးပါ။ ကူညီရာရောက်ပါတယ်”ဟု ဖြေကြားသည်။

သို့သော် မည်သို့ အရေးယူသည်၊ မည်မျှ အရေးယူ ထားသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

တရုတ် ဆေးခန်းအများစုမှာ ရိုးရာအပ်စိုက်ပညာ အခြေခံကုသသည့် ဆေးခန်းများကို ရန်ကုန်မြို့ လသာလမ်း တလျှောက်တွင် အများဆုံးတွေ့ရှိရပြီး တချို့ဆေးခန်းများမှာမူ ဆေးဥ၊ ဆေးမြစ်နှင့် စက်ကိရိယာများဖြင့် အသေးစား ခွဲစိတ်ခြင်းများပါ ဆောင်ရွက်လျက်ရှိကြောင်း သွားရောက် ကုသခံခဲ့ရသူများက ပြောပြသည်။

“ညီမ အစ်မက မျက်နှာမှာ ဝက်ခြံများလို့ သွားကုဖူးတယ်။ ကြည့်မြင်တိုင်ဘက်မှာ။ ပန်းဖလက်(လက်ကမ်းစာစောင်)တွေ လမ်းမှာဝေ တော့ သွားကုတာ၊ သူတို့ တရုတ်ဆေးတွေနဲ့ ပေါင်းတယ်။ သောက်ခိုင်းတယ်။ အရေပြားကို ခွဲတယ်။ ပိုက်ဆံ တော်တော်ကုန်တယ်။ မသက်သာဘူး၊ စတုန်းတော့ ဟုတ်မလိုနဲ့ နောက်ပိုင်း အရေပြားဆရာဝန်နဲ့ပြပြီး ကုလိုက်ရတယ်။ နာမည်က ချွိုင်ဟွမ် မျက်နှာပေါင်း တင်၊ ဝက်ခြံခြစ် အကြောပြင် ဆိုပြီးရေးထားတယ်”ဟု ကမာရွတ်တွင် နေထိုင်သူ မစန္ဒာက ပြောသည်။

မြန်မာနိုင်ငံ ဆေးကောင်စီမှလည်း နိုင်ငံခြားဆရာဝန်များကို ဆေးကောင်စီနည်းဥပဒေ အတိုင်း လျှောက်ထားမှသာ ဆေးကုသခွင့် ပေး ကြောင်း၊ သို့ရာတွင် မည်သည့် တရုတ်ဆေးခန်းကိုမှ ဆေးကုသခွင့် ပေးမထားကြောင်း ထုတ်ပြန် ပြောဆို ထားသည်။

သို့သော် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် တရားမဝင် တရုတ်ဆေးခန်းများမှာ နှစ်စဉ်တိုးပွားလျက်ရှိပြီး ဆေးကုသမှု ပုံစံ အမျိုးမျိုးဖြင့် ကုသနေကြောင်း၊ ပမာဏအားဖြင့် ဆေးခန်းပေါင်း ၅၀ ကျော် ရှိမည်ဟု ခန့်မှန်းကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ အငြိမ်းစား ဆရာဝန်ကြီး တဦးက ပြောသည်။
ဧရာဝတီ သတင်း Myanmar News