City Mart ပိုင်ရှင်နှင့် ဆက်နွှယ်နေသော ဂိုဒေါင်တွင် တွေ့ရှိရသည့် ၀ိုင်၊ အရက်များအတွက် တရားဝင် အထောက်အထားမူရင်း သတ်မှတ်ရက်အတွင်း ပြသနိုင်ခြင်း မရှိသဖြင့် ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် အရေးယူရန် စီစဉ်

ပို့စ်တင်ချိန် - 12/13/2013 11:34:00 AM



City Mart ပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိသော Premium Food Sevice Products ကုမ္ပဏီမှ ၀ိုင်၊ အရက်တို့ကို တရားမ၀င် တင်သွင်းခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူမှုကို ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

သာကေတ စက်မှုဇုန်ရှိ Premium Food Sevice Products ကုမ္ပဏီမှ လုပ်ကိုင်နေသော ဂိုဒေါင်ကို ဒီဇင်ဘာ ၄ ရက်မှစ၍ ၀င်ရောက် စစ်ဆေးရာ ၀ိုင်ပုလင်း၊ အရက်နှင့် အေးခဲအသားများကို တွေ့ရှိခဲ့ပြီး ကုမ္ပဏီမှ အေးခဲအသားများနှင့် ပတ်သက်သော တင်သွင်းခွင့် အထောက်အထားများကို ပြသနိုင်ခဲ့ပြီး ၀ိုင်၊ အရက်များနှင့် ပတ်သက်၍မူ တရားဝင် အထောက်အထား အပြည့်အစုံကိုမူ သတ်မှတ်ရက် ရှစ်ရက်အတွင်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍ တရားမ၀င်ကြောင်း ပေါ်လွင်ခဲ့ကာ အရေးယူရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်စစ်ဆေးသည့် ရက်မှစ၍ သုံးရက်အတွင်း အထောက်အထားများ မပြသနိုင်သဖြင့် ဒီဇင်ဘာ ၈ ရက်၌ Premium Food Sevice Products ကုမ္ပဏီမှ ဒါရိုက်တာ၊ လက်ရှိ City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ထံ အကြောင်းကြားခဲ့ပြီး ၎င်းမှတစ်ပတ်ခန့် အချိန်စောင့်ဆိုင်းရန် မေတ္တာရပ်ခံစာဖြင့် ပြန်လည် အကြောင်းကြားခဲ့ကြောင်း Mobile Team မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့သော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ အချိန်တစ်ပတ်ခန့် ပေးရန် မဖြစ်နိုင်သော်လည်း ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲအထိ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသတ်မှတ်ထားသည့်အချိန် ရောက်ရှိခဲ့သော်လည်း လာရောက်တင်ပြနိုင်ခြင်း မရှိခဲ့သဖြင့် သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မဖြင့် အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုတွင် တွေ့ရှိထားသော ၀ိုင်းပုလင်း အရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှ ၀င်ရောက်ရှာဖွေ စစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးဖြစ်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိက နိုင်ငံထုတ်များ ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဂိုဒေါင်အား စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ရာ နိုင်ငံခြားဖြစ် ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၁၀၀ ကျော်ရှိပြီး အလုံးရေ ၈၇၆၀၀ နှင့် အရက်ပုလင်း ၁၃၀၀ ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များ၏ နောက်ဆက်တွဲ အခြေအနေမှာ City Mart Holding လက်အောက်ရှိ City Mart၊ Ocean၊ City Express ဆိုင်များတွင် အရက်၊ ဘီယာ၊ ၀ိုင်ရောင်းချမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၆ ရက်က ပြည်တွင်းမီဒီယာ အချို့ကို ပြောကြားထားကြောင်း သိရသည်။

စီးတီးမတ် အရောင်းဆိုင်များတွင် တစ်ရက်လျှင် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် ကျပ်သိန်း ၃၀ ခန့်ရောင်းချ နေရသည်ဟု ဆိုထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စီးတီးမတ် အရောင်းဆိုင် ၂၀၊ Ocean Super Center၊ City Mart Holding ဆိုင်ခွဲပေါင်း ငါးဆိုင်နှင့် City Express ဆိုင်ခွဲပေါင်း ၂၆ ဆိုင် ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက် ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးမှု အပါအ၀င် ယင်းမတိုင်မီ စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ၏ ပြစ်မှုပြစ်ဒဏ်အရ မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။
eleven media group