ဖွဲ့စည်းပုံ ပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ပို့စ်တင်ချိန် - 12/13/2013 11:33:00 AM

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က“တကယ်ပဲ ဒီမိုကရေစီလိုချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တဲ့စိတ် ရှိကိုရှိရမယ်။ အဲဒီလိုစိတ် မရှိဘူးဆိုရင် တ ကယ့်ဒီမိုကရေစီကို မလိုလားလို့ပဲ”ဟု ဆိုသည်။

၎င်းက ဆက်၍ “အဲဒါတော့ ကျွန်မတို့က ခပ်မာမာပဲ ကိုင်ထားတယ်။ ဒါပေမဲ့ ဒီလိုကိုင်ထားလို့ ကျွန်မတို့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရင် ဘယ်သူ့ပေါ်မှာမှအနိုင်ကျင့်ဖို့၊ အနိုင် ယူဖို့ ကြောဖို့ဆိုတာ လုံးဝစိတ်ထဲမှာ မရှိဘူး။ အဲတော့ အဲ့ဒါကို အားလုံး နားလည်စေချင်တယ်”ဟု ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရာ တွင် အစိုးရတစ်ခုကို ဖြုတ်ချချင်တာကြောင့် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ်တစ်ခုကို ပြောင်းချင်တာကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက အခု အစိုးရတစ်ခုကို ဖြုတ်ချချင်လို့ မဟုတ်ဘူး။ စနစ်တစ်ခုကို ပြောင်းချင်လို့။ အဲတော့ စနစ်တစ်ခုကို ပြောင်းတဲ့အခါမှာ ပြုတ်တဲ့လူလဲ ပြုတ်သွားမှာပေါ့။ အခြေအနေ အရ၊ ဒါပေမဲ့ အမေတို့ကလဲ နာအောင်ဖြုတ်ချင်လို့လဲ မဟုတ်ဘူး။ ကျွန်မပြောသလိုပဲ၊ စနစ်တစ်ခုပြောင်း ချင်လို့”ဟု ပြောသည်။

ထိုအပြောင်းအလဲတွင် အားလုံးက တစ်နေရာတည်းမှာ အမြဲနေဖို့ဆိုတာ မဖြစ်သည့်အတွက် အပြောင်း အလဲတွေကတော့ ရှိရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘယ်သူမှ မနာအောင်တော့ လုပ်ဖို့ ကြိုးစားမည်ဟု ဆိုသည်။

ပြည်သူလူထု အားလုံးအနေဖြင့်လည်း ထိုသို့သော ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်ရန်နှင့် ကလဲ့စား ချေချင်သောစိတ်ဓာတ်၊ နာကျည်းသောစိတ်ဓာတ်၊ မုန်းတီးသောစိတ်ဓာတ်များဖြင့် မလုပ်ဆောင်ရန် ကာတာရောက် မိသားစုများကို တိုက်တွန်းပြောကြားသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့အသံများရယူကာ အကြံပြုစာတင်နိုင်ရန် လုပ်ဆောင်နေပြီး ၎င်းအကြံပြုစာကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ် ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ တတိယပတ်အတွင်း တင်မည် ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေရာတွင် နိုင်ငံတစ်နိုင်ငံလုံး၏ လုံခြုံရေးနှင့် သာယာရေးအတွက်၊ ပြည်သူများအားလုံးကြားတွင် ညီညွတ်မှုရှိရေးအတွက် ဦးတည်လုပ် ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ပြည်ပရောက် နိုင်ငံသားများ အချိန်မရွေး ပြန်လာချင်လျှင် ပြန်လာနိုင်သည့် တိုင်း ပြည်မျိုးဖြစ်အောင် သူမအနေဖြင့် ကြိုးစားထူထောင်သွားမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့ တည်း လုပ်၍မရသည့်အတွက် အားလုံးပါဝင်ကူညီရန် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ ဒိုဟာမြို့သို့ အရှေ့အလယ်ပိုင်းပထမဆုံးခရီးစဉ်အဖြစ် ဒီဇင် ဘာ ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ကာ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်ညီလာခံ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်က အဆိုပါညီလာခံတွင် “မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြောင်းလဲ ခြင်းဆိုင်ရာ စိန်ခေါ်မှုများ” နှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သေးသည်။

ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

Mizzima Burmese