ယောက်ျားလေး လိင်လုပ်သားများ များပြားလာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမျိုးသား လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက အမျိုးသားငယ် ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ထိုင်း နိုင်ငံ အခြေစိုက် သုတေသန အဖွဲ့အစည်းတချို့ရဲ့ စစ်တမ်းတခုက ဆိုပါတယ်။
ချင်းမိုင် တက္ကသိုလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က Urban Light နဲ့ Love 146 အဖွဲ့တို့ ပူးတွဲပြီး “ယောက်ျားလေးတွေဟာ ရောင်း စရာ မဟုတ်”(Boys are Not 4 Sale) ခေါင်းစဉ်နဲ့ ကျင်းပတဲ့ A Study on Sexually Exploited Young Males အမည် ရှိ စစ်တမ်း ရှင်းလင်းပွဲမှာ သုတေသန ပြုသူတွေက ပြောဆို ထုတ်ပြန်ခဲ့တာပါ။
သုတေသန ပြုသူ တဦးဖြစ်တဲ့ မစ္စတာ ဂျရက် ဒေးဗစ်က သူတို့ မေးမြန်းခန်း လုပ်ခဲ့သူ အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်ပြီး တချို့ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ ဧရာဝတီ ကို ပြောပါတယ်။
ရှမ်း၊ ကရင်၊ လီဆူး၊ လားဟူ၊ အခါ စတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က တိုင်းရင်းသားတချို့ကို မေးမြန်းခွင့်ရခဲ့ တာလို့လည်း သူက ရှင်းပြပါတယ်။ ဒါကြောင့် စစ်တမ်းကောက်ယူရာမှာ အခက်အခဲတွေရှိပေမယ့် အခု စစ်တမ်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အဓိက လိင်လုပ်သား အမျိုးသားငယ်တွေရှိရာ ချင်းမိုင် ညဈေး အပါအ၀င် နေရာ ၃ ခုရှိ ဘားဆိုင်တွေ၊ ကေတီဗွီတွေနဲ့ အမျိုးသား အနှိပ်ခန်းတွေက လိင်လုပ်သား ၅၀ လောက်ကို ထိုင်း ဘာသာစကားနဲ့ မေးမြန်းထားတာပါလို့ သူက ပြောပါတယ်။
လိင်အလုပ်သမားလို့ ဆိုရင် အမျိုးသမီးတွေကိုသာ လိင်အသုံးတော်ခံတွေအဖြစ် လူသိများကြပေမယ့် ဒါကလည်း တကယ် တမ်း ပွင့်ပွင့်လင်းလင်း သိပ်မရှိကြပါဘူး။ ဒီအထဲကမှ အမျိုးသား လိင်လုပ်သားဆိုတာ ပိုပြီးတော့တောင် သိုသိပ်ကြပါတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။
အမျိုးသား လိင်လုပ်သားတွေက အမျိုးသမီး လိင်လုပ်သားတွေနဲ့နှိုင်းယှဉ်ရင် ၃ ချိုး ၁ ချိုး ရှိတယ်လို့ အာရှ ဒေသမှာ အမျိုးသား ငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေကြခြင်းက အကာအကွယ်ပေးရေး လုပ်နေတဲ့ Love 146 က ဒါရိုက်တာ ဒေါက် တာ Glemn Miles က ဧရာဝတီကို ပြောပါတယ်။ ဒီလောက မှာ အသက် ၁၈ နှစ်ကျော်တွေလည်း ရှိကြသလို အသက် ၁၈ နှစ်အောက်တွေက အများစုဖြစ်ပေမယ့် အလုပ်ရှင်တွေ က အသက်ကို ပြောမပြဖို့ ဟန့်တားထားပုံ ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ဥပမာ ဘားဆိုင် တခုဆိုပါစို့၊ အသက် ၁၈ နှစ် မပြည့်တာကို ဒီကလေးတွေကို မပြောဖို့ တားမြစ်ထားတယ် ထင်တယ်။ ဘာကြောင့် လည်း ဆိုတော့ သူတို့က အသက် ၁၈ နှစ်ကျော်ပြီပဲ၊ ကျနော် တို့ကို ပြောလိုက် တယ်လေ”လို့ သူက ဆိုတယ်။ Love 146 အဖွဲ့ဟာ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံတွေမှာ အခြေစိုက် သုတေသနပြုလုပ်ပြီး ကူညီ ကယ်ဆယ် ဘ၀ မြှင့်တင်ရေး လုပ်ငန်း တွေ လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အမျိုးသားငယ်လေးတွေဟာ လိင်အပျော်အပါး လိုက်စားသူတွေရဲ့ ပစ်မှတ်မဖြစ်သင့်သလို လိင်ပိုင်းဆိုင်ရာ အသုံးချခံ ပစ္စည်းလည်း မဖြစ်သင့်ဘူးလို့ သုတေသန အဖွဲ့က ပြောပါတယ်။ လိင်လုပ်သားငယ်လေးတွေနဲ့ ပတ်သက်ပြီး လိင်တူချစ်သူ အမျိုးသားတွေ(Gay) ရဲ့ အလိုဆန္ဒဖြည့်ပေးဖို့၊ နိုင်ငံခြားသူ အပါအ၀င် အမျိုးသမီးတွေရဲ့ အသုံးတော်ခံဖို့၊ ဂေး (Gay) တွေလို အသုံးချဖို့ ဆိုပြီး ၃ ပိုင်း ရှိကြောင်း သိရပါတယ်။
စစ်တမ်းအရ ၄ ပုံ ၁ ပုံဟာ ဖောက်သည်တွေက သူတို့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်ပဲ လိုလားပြီး အဓမ္မ လိင်မှုကိစ္စ လုပ်တာမျိုး လည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်တမ်းမှာတော့ အဓိက ဖောက်သည်တွေ က နိုင်ငံခြား သားတွေပဲ ဖြစ်တယ်လို့ ပါရှိပါတယ်။
အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် အမျိုးသား လိင်လုပ်သားက ၄၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး လိင်လုပ်သားငယ် အများစု ကတော့ သူတို့ရဲ့ လက်ရှိဘ၀ကို ရှက်ရွံ့ကြပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အတန်းပညာ ၁၀ တန်းအောက်သာ ရှိတယ်လို့သိရပါတယ်။ မေးမြန်းခဲ့သူတွေထဲက တယောက်ပဲ ထူးထူးခြားခြား ဒီအလုပ်ကရတဲ့ ၀င်ငွေနဲ့ တက္ကသိုလ်ပညာရေး ပြီးမြောက် ခဲ့ တယ်လို့ ဆိုပါတယ်။
လိင် လုပ်သားလုပ်သူ အများစုကတော့ ကိုယ့်မိသားစုကို ထောက်ပံ့ဖို့ ငွေလိုတာကြောင့် ဖြစ်ကြပြီး တလ အမြင့်ဆုံးဝင်ငွေ က ဘတ်ငွေ ၁ သောင်းခွဲ (ကျပ် ၅ သိန်းခန့်) လောက်ဖြစ်ပြီး အနိမ့်ဆုံးကတော့ ဘတ်ငွေ ၆ ထောင် လောက် ရှိကြပါတယ်။ သူတို့ဟာ နေ့ဘက်မှာ တလ ဘတ် ၆ ထောင်လောက် ရတဲ့ တခြားအလုပ်လည်း လုပ်ကြပါသေးတယ်လို့ စစ်တမ်းက ဆိုပါတယ်။
လိင်ပညာပေး အသိနဲ့ပတ်သက်လို့တော့ လိင်လုပ်သားငယ်အများစုဟာ ကွန်ဒုံး အကာအကွယ် အသုံးပြုတာ ရှိကြပေမယ့် ဖောက်သည် တွေရဲ့ အလို လိုက်ရတာတွေလည်း ရှိပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိင်လုပ်သား ထက်ဝက်ကျော်က HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှု မလုပ်ဘူးကြဘဲ HIV ရောဂါ ကူးစက်ခံရမှု အန္တရာယ် က တော့ လိင်လုပ်သားတွေမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတယ်လို့ မစ္စတာ ဂျရက် ဒေးဗစ်က ဧရာဝတီ ကို ရှင်းပြပါတယ်။
သူက ဆက်လက်ပြီး ဒီ အမျိုးသား လိင်လုပ်သား လုပ်ငန်းဟာ လူမှောင်ခို လုပ်ငန်းနဲ့လည်း ဆက်စပ်တယ် လို့ ဆိုပေမယ့် ဘယ် လို ပုံစံ လူမှောင်ခိုလုပ်တယ် ဆိုတာတော့ သူတို့ရဲ့ သုတေသန လုပ်ငန်းနဲ့ မဆိုင်လို့ မသိဘူးလို့လည်း ပြောဆိုပါတယ်။
Irrawaddy
ကာမစွမ်းအားကြွခြင်း၏အဟန့်အတား
ကာမစွမ်းအားကြွခြင်း၏အဟန့်အတားဆိုသည်မှာရာစုနှစ်70နောက်ပိုင်းတွင်ကြွခြင်း၏ သဘောတရား နှင့်ရောဂါလက္ခဏာလေ့လာမှုအရစိတ်ကြောင့် ကာမစွမ်းအားကြွခြင်းကိုအဟန့်အတားဖြစ်စေ သည်ဟုလူအများသိရှိလာကြသည်။သို့သော်လည်းအမျိုးသားအများစုအတွက်ကာမစွမ်းအားကြွခြင်း၏ အဟန့်အတားသည်အခြားသောရောဂါလက္ခဏာများဖြစ်သည့်သွေးတိုးခြင်း၊ ဆီးချိုရောဂါ ၊နှလုံးသွေးကြောဆိုင်ရာရောဂါ ၊ေ ဆးဝါး၊အပြင်ဒဏ်ရာ၊ခွဲစိတ်မှုတို့နှင့်သက်ဆိုင်သည်။
လိင်တံကြွခြင်း၏ဖွဲ့စည်းမှုမှာလိင်တံဂွမ်းလိပ်ပုံကြွက်သားလျော့ရဲခြင်း၊ လိင်တံ သွေးလွှတ်ကြောကျယ်ပြန့်လာခြင်း ၊သွေးလည်ပတ်မှုတိုးလာခြင်းနှင့်သွေးပြန်ကြောပိတ်ဆို့ခြင်း စသည့်သွေး လည်ပတ်မှုအဆင့်ဆင့်တို့ဖြစ်ပါသည်။
အမျိုးသားများကာမစွမ်းအားကြွခြင်း၏အဟန့်အတားကိုအဆင့်(၃)ဆင့်ခွဲထားပါသည်။
ပထမအဆင့်။ ။လိင်တံအလိုအလျောက်ထောင်နိုင်သော်လည်းကြာရှည်စွာမမာနိုင်ပါ။
ဒုတိယအဆင့်။ ။လိင်တံအလိုအလျောက်မထောင်နိုင်ခြင်း၊ကာမစိတ်လျော့နည်းခြင်းနှင့် စိတ်မပြင်းပြခြင်း၊လိင်                ဆက်ဆံချိန်တွင်ပျော့သွားခြင်းတို့ဖြစ်ပါသည်။
တတိယအဆင့်။ ။တွေ့ရသည့်လက္ခဏာအလွန်များသည်။ ဥပမာ-အမျိုးသားများ၏လိင်တံကျုံ့ဝင်သွားခြင်း၊ကာမ စိတ်မရှိခြင်းနှင့်လိင်တံလုံးဝမထောင်နိုင်ခြင်း တို့ဖြစ်ပါသည်။
          အထက်ဖော်ပြသည့်အချက်များမှာအမျိုးသားများ၏ကာမစွမ်းအား ကိုအဟန့်အတားဖြစ်စေသည့် မတူညီ သောလက္ခဏာအဆင့်ဆင့်ဖြစ်ပါသည်။
Soucrce :
Asia Royal Hospital
Witoriya Hospital
ဦးသိန်းစိန် ဥပဒေချိုးဖောက်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သတိပေး
ဥပဒေအတိုင်းဆိုရင်  ... သမ္မတလစာက သိန်း ၅၀ ဖြစ်တယ်၊ သို့သော်လည်း
ဦးသိန်းစိန်က    တလ ငွေကျပ် ၁၅ သိန်းပဲ ယူနေပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ အင်း... ဘာမှမဖြစ်ဘူးလို့ ယူဆခဲ့ရပေမယ့် အခုတော့ ဖြစ်နေတယ်ဆိုပါတော့။
ဒီလို လျှော့ယူတာဟာ  ဥပဒေ ချိုးဖောက်တာပဲ ဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ် တဲ့။
 လွှတ်တော် အစည်းအဝေးမှာ -  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ်မှာ  သတိပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
သိန်း ၅၀ ကို ယူသင့်တယ်၊ မယူ တဲ့ အတွက်  ဥပဒေ ကို ပြန်ြပင်နေရတယ် လို့ ဦးခင်အောင်မြင့်က ပြောပါတယ် တဲ့။
 ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းရင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြတယ်လို့ သိရပါတယ်။
ဒီတော့... ဥပဒေပါ အတိုင်း သိန်း ၅၀ ယူမလား၊ မယူဘူးလား ဆိုတာ
သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက်ဖုန်းဆက်ဖို့ ဦးခင်အောင်မြင့်က ဒုဝန်ကြီးကို ပြောလိုက်ပါတယ် တဲ့။
ချက်ချင်း ဖုန်းဆက်လိုက်ပုံရပါတယ်၊ သမ္မတဆီက ပြန်လာတဲ့အဖြေက ... သမ္မတလစာနှုန်း သတ်မှတ်ချက်ကို လွှတ်တော်က သတ်မှတ်ပေးဖို့ အကြောင်းပြန်တယ် ဆိုပဲ။ ဗဟိုအစိုးရအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်မပြုနိုင်သေးပါဘူး။
လစာ လျှော့ယူခြင်းဟာ ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း  သိထားရတာ ကောင်းပါတယ်။
ဥပဒေနားလည်ဖို့ဆိုတာ သာမန်လူ မပြောနဲ့ သမ္မတရာထူး ယူထားရသူအတွက်တောင် ခက်ခဲတယ်မဟုတ်လား။
ဥပဒေကို လေးစားတဲ့အနေနဲ့ ကျနော် ဧရာဝတီဘလော့သတင်းထောက် စည်သူလင်းလည်း
လစာ လျှော့ယူဖို့ အစီအစဉ် မရှိကြောင်း တာဝန်ရှိသူများကို ဒီနေရာကနေ တရားဝင် အကြောင်းကြားပါတယ်။
Irrawaddy
ခင်ပွန်းလောင်းကို စိတ်ကြိုက်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် စကားလက်ဂျိုဟန်ဆန်
ရိုမိန်း ဒေါ်ရီရက်နှင့် စေ့စပ်ထားသည့် ဟောလီးဝုဒ် မင်းသမီးက သူမအနေဖြင့် ရိုမိန်းကို ပင်ကိုယ်သဘာဝ အခြေအနေမှ အတန်ငယ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်
ခင်ပွန်းလောင်းကို စိတ်ကြိုက်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် စကားလက်ဂျိုဟန်ဆန်စကားလက် ဂျိုဟန်ဆန်က မိမိသည် ခင်ပွန်းလောင်းအပေါ် စိတ်တိုင်းကျ ပုံသွင်းရန် အားထုတ်မှုအချို့ ပြုလုပ်ဖူးကြောင်း ဝန်ခံလိုက်သည်။ ရိုမိန်း ဒေါ်ရီရက်နှင့် စေ့စပ်ထားသည့် ဟောလီးဝုဒ် မင်းသမီးက သူမအနေဖြင့် ရိုမိန်းကို ပင်ကိုယ်သဘာဝ အခြေအနေမှ အတန်ငယ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ ပြင်သစ် ဂျာနယ်လစ် ရိုမိန်းသည် မကြာမီ Avengers: Age of Ultron စတားနှင့် လက်ထပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ စကားလက်က သူမသည် ရိုမိန်းနှင့် ပတ်သက်၍ အရာရာ သဘောကျ နှစ်သက်မှု မရှိဘဲ အတန်ငယ် ပြောင်းလဲမှု အချို့ကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း ဖွင့်ဟသွားသည်။
သို့သော်လည်း ရိုမိန်း၏ ပင်ကိုယ်စရိုက်ကို လေးစားမှုရှိပြီး အရာရာ သူမစိတ်ကြိုက် ပုံသွင်းရန်မူ ရည်ရွယ်မထားဟုလည်း စကားလက်က ဆိုသည်။ "ကျွန်မအနေနဲ့ ကိုယ့်လက်တွဲဖော်ကို ပုံစံလောင်းဖို့ အာသီသ နည်းနည်းတော့ ရှိတယ်လို့ ဝန်ခံရပါမယ်။ ဘယ်သူမဆို လူတစ်ယောက်က ကိုယ်ဖြစ်စေချင်တဲ့ ပုံစံကို လိုက်လျော သဘောတူပေးရင် သဘောကျတတ်တာပဲ မဟုတ်လား"ဟု စကားလက်က မှတ်ချက်ပြုခဲ့သည်။ အသက်(၂၉)နှစ်ရှိ မင်းသမီးက "ကျွန်မတို့ကြားမှာ ကွဲပြားမှုတွေ ရှိပေမယ့် အပြန်အလှန် နားလည်မှုကို ပိုပြီး သန်မာမြင့်မားလာအောင် တည်ဆောက်ယူရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ရိုမိန်းရဲ့ ပင်ကိုယ် ပုံစံကိုလည်း ကျွန်မ အလေးထားရပါတယ်။ တစ်ခါတစ်လေ သူ့ကို ကျွန်မစိတ်ကြိုက် ပြုပြင်ဖို့ အားထုတ်မိတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသွားသလိုတောင် ခံစားမိတတ်ပါတယ်"ဟုလည်း ဖွင့်ဟသွားခဲ့သည်။
Planet Myanmar Network
အသက်အရွယ်အလိုက် လိုအပ်သော အိပ်ချိန်များ
မွေးကင်းစကလေးငယ်လေးများသည် တစ်နေ့လျှင် ညဘက်အိပ်ချိန် (၉) နာရီ မှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် (၃) နာရီကျော် လိုအပ်ပါသည်။ တောက်လျှောက် တစ်ဆက်တည်း (၃) နာရီ အိပ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ နေ့ဘက်အိပ်ချိန်များ စုပေါင်းလိုက်လျှင် (၃) နာရီကျော် ရှိရမည်ဟု ဆိုလိုပါသည်။
တွားသွားအရွယ်၊ လမ်းလျှောက်စအရွယ်နှင့် မူလတန်းကြိုအရွယ် ကလေးငယ်များသည် ညဘက်အိပ်ချိန် (၉) နာရီမှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် အိပ်ချိန် (၂) နာရီ မှ (၃) နာရီခန့် လိုအပ်ပါသည်။
ကျောင်းတက်အရွယ်ကလေးငယ် များသည် ညဘက်အိပ်ချိန် (၉) နာရီ မှ (၁၁) နာရီ ရရှိရန်လိုအပ်ပါသည်။
ဆယ်ကျော်သက်များသည် ညအိပ်ချိန်စုစုပေါင်း (၈) နာရီမှ (၉) နာရီခန့်လိုအပ်ပါသည်။
အရွယ်ရောက်သောသူများသည် ညဘက်အိပ်ချိန် (၇) နာရီမှ (၈) နာရီအထိ ရရှိရန် လိုအပ်ပါသည်။
ကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန်ပထမ သုံးလ အရွယ်၌ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကြောင့် အိပ်ချိန် ပိုမိုလိုအပ်လာပါသည်။
အိုမင်းမစွမ်းအရွယ်နှင့် အသက်ကြီးပိုင်းလူများသည် အများအားဖြင့် လူလတ်ပိုင်းများနှင့်အိပ်ချိန်ပမာဏ တူညီစွာ လိုအပ်ပါသည်။ သို့သော် အသက်ကြီးလာသောအခါ အိပ်သည့် ပုံစံပြောင်းလဲသွားတတ်ကာ ကြက်အိပ်ကြက်နိုးသာ အိပ်လေ့ရှိသောကြောင့် လူလတ်ပိုင်းများထက် အိပ်ချိန် လျော့နည်းသွားပါသည်။ ထို့ပြင် အိပ်ရာဝင်ဝင်ချင်း ချက်ချင်း အိပ်ပျော်လေ့မရှိသောကြောင့် စောစီးစွာအိပ်ရာဝင်ရန် လိုအပ်ပါသည်။ နေ့လည်နေ့ခင်း တရေးတမော အိပ်သင့်ပါသည်။
အိပ်ရေးပျက်ထားပါက ပုံမှန်အိပ်ချိန်ထက် ပိုအိပ်ရန် လိုအပ်ပါသည်။ အိပ်နေစဉ် ပတ်ဝန်းကျင် အနှောင့်အယှက်များကြောင့် မကြာခဏ နိုးပြီး နှစ်ခြိုက်စွာ မအိပ်ရပါက ပိုမိုအိပ်ပေးရန် လိုအပ်ပါသည်။
အချို့သောသူများသည် တစ်ညလျှင် နာရီအနည်းငယ်မျှ အိပ်စက်ရုံဖြင့် အိပ်ရေးဝသည်ဟု ထင်တတ်ကြပါသည်။ သုတေသန ပြုချက်များအရ နာရီအနည်းငယ်သာ အိပ်စက်သောညများ များလာပါက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်လုပ်ဆောင်နိုင်စွမ်း လျော့နည်းလာသည်ကို တွေ့ရပါသည်။
တစ်နေ့တာ အိပ်စက်ချိန် (၇) နာရီထက် လျော့နည်းသူများသည် သက်တမ်းတိုသည်ကို တွေ့ရပါသည်။
ညဘက်အိပ်ချိန်ကိုလုံလောက်စွာအသုံးပြု၍အိပ်စက်သော်လည်း နေ့အချိန်၌ မကြာခဏ အိပ်ငိုက်လေ့ရှိပါက ဆရာဝန်နှင့် ပြသဆွေးနွေးသင့်ပါသည်။ ဆရာဝန်မှ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး လိုအပ်ပါက နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေရန် အကြံပေးမည် ဖြစ်ပါသည်။
မှတ်ချက် ။ ။တွားသွားအရွယ် သို့မဟုတ် လမ်းလျှောက်စအရွယ် - အသက် (၉) လမှ (၂)နှစ်
မူလတန်းကြိုအရွယ် - အသက် (၃) နှစ်မှ (၅)နှစ်
ကျောင်းတက်အရွယ်ကလေးငယ် - အသက် (၆) နှစ်မှ (၁၀) နှစ်
ဆယ်ကျော်သက်အရွယ် - အသက် (၁၁) နှစ်မှ (၁၇) နှစ်
အရွယ်ရောက်သောသူများ - အသက် (၁၈) မှအထက်
နှင်းဆီဖူးလေးများ-Love BUDS
ဒီနှစ်မှာဘယ်သူတွေ မင်္ဂလာပွဲကျင်းပကြမလဲ
ဝိုင်းစုခိုင်သိန်း
ဝိုင်းစုရဲ့ချစ်သူ ဥက္ကာနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ လက်မှတ်ရေးထိုးဖို့လုပ်ထားတယ်။ နေရာအတိအကျတော့ ပြောလို့မရသေးပါဘူး။ ဖေဖော်ဝါရီ ၁၀ ရက်မှာ မင်္ဂလာဦးဆွမ်းကျွေးမယ်။ ၁၄ ရက် မနက်မှာ ဆီဒိုးနားဟိုတယ်တွင် ဘိသိက်မင်္ဂလာပွဲလုပ်မယ်။ ၁၄ ရက် ညနေပိုင်းမှာတော့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ မင်္ဂလာညစာ စားပွဲလုပ်ဖို့ အကြမ်းဖျင်းစီစဉ်ထားပါတယ်။ Pre Wedding ဓာတ်ပုံတွေကိုတော့ အမေရိကမှာလည်း ရိုက်ကူးခဲ့တယ်။ ရန်ကုန်မှာလည်းForever မှာ ရိုက်ကူးထားပါတယ်။ မင်္ဂလာဆောင်ပြီးရင် ဒီမှာပဲနေပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။
ပပ၀င်းခင်
မင်္ဂလာဆောင်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ စဉ်းစားနေတုန်းပါပဲ။ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်နေဦးမှာပါပဲ။ အခုထက်ထိတော့ ယူဖို့မရှိသေးပါဘူး။ အိမ်ထောင် ပြုတယ်ဆိုတာက ဖူးစာဆိုတာပါပဲ။ သူ့အချိန်ရောက်ရင်တော့ ပြုရမှာပါပဲ။ အနုပညာလောကထဲက တခြားသောသူတွေလည်း အိမ်ထောင်ပြုမယ်ဆိုပြီး သတင်းတွေကြားနေရတာပါပဲ။ဘယ်သူတွေလဲဆို တာတော့ ပပလည်းသေချာမသိဘူး။
Too Big အဖွဲ့မှ စိုးသူရ
နိုဝင်ဘာ ၉ ရက်က မင်္ဂလာဆွမ်းကျွေးလုပ်ခဲ့တယ်။ ၁၅ ရက်ကျရင် လက်မှတ်ရေးထိုးမှာပါ။ မင်္ဂလာဆွမ်း ကျွေးလုပ်ပြီးမှ လက်မှတ်ရေးထိုးဖို့ စီစဉ်ဖြစ်တာပါ။ ၂၀၁၄ ဇန်န၀ါရီကျရင် ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်နဲ့ သူနဲ့ကအသက်ခုနစ်နှစ်ကွာတယ်။ နာမည်ကတော့ မေစိုးဦး (ခေါ်) ဖြူလေးဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်မယ်။တတိယအယ်လ်ဘမ်လည်း ဆက်လုပ်သွားမှာပါ။
ဖြိုးငွေစိုး
ချစ်သူသက်တမ်းကတော့ လေးနှစ်ရှိသွားပါပြီ။ အားလုံးသိနေကြတဲ့သူပါပဲ။ ရှေ့မှာမင်္ဂလာဆောင်ကြတဲ့ သူတွေရှိပေမယ့် ကျွန်တော့်ရဲ့မင်္ဂလာသတင်းကတော့ တော်တော်လိုဦးမှာပါ။ အခုလက်ရှိ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှုနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။
အဆိုတော်နေနေ
အစက ၂၀၁၄ မှာလုပ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ၂၀၁၄ မှာ သူက သင်္ဘောပြန်တက်ဖို့ရှိတော့ ၂၀၁၅ ကျမှ ယူဖို့ စီစဉ်ထားတယ်။ သတို့သား နာမည်ကတော့ ကိုလင်းမြိုင်ပါ။ နေနေတို့က အမေရိကန်စင်တာက လုပ်တဲ့ ပြဇာတ်တစ်ခုမှာ စတွေ့ကြတာ။ အဲဒီကနေ သူကနေနေကို စိတ်ဝင်စားပြီး စလိုက်ခဲ့တယ်။ အခုဆိုချစ်သူသက်တမ်း ခုနစ်နှစ်ကျော်ပါပြီ။ သူက အသက်ငယ်ပေမယ့် လူကြီးလိုပဲ ပိုပြီးသည်းခံနိုင်တယ်။ နေနေက သူ့အပေါ်နည်းနည်း အနိုင်ကျင့်ချင်တယ်။ မင်္ဂလာဆောင်ပြီးသွားလို့ နေနေဘက်က အလျှော့ပေးရင် အစစအရာရာအဆင်ပြေမှာပါ။ မင်္ဂလာဆောင်မယ့်နေရာအတွက် စဉ်းစားထားတာတော့ ပန်းခြံ တစ်ခုမှာလုပ်ဖို့ စဉ်းစားထားတယ်။
ပန်းမြတ်ဇော်
Mizzima - News in Burmese
မြန်မာအိမ်ဖေါ် စင်္ကာပူ အလိုရှိ
ဖိလစ်ပိုင်နိုင်ငံက အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနဲ့ မြန်မာလို ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို လှည့်လာနေတယ်လို့ International Business Times သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
အရင်က စင်္ကာပူနိုင်ငံရဲ့ အိမ်ဖေါ်လိုအပ်ချက် (၉၀) ရာနှုန်းကျော်ကို ဖိလစ်ပိုင်နိုင်ငံက ဖြည့်ဆည်းပေးနေတာ ဖြစ်ပေမယ့်၊ အခုအခါ ဖိလစ်ပိုင်အိမ်ဖေါ် ငှားရမ်းခတွေ မြင့်တက်သွားခဲ့တာကြောင့် စင်္ကာပူရဲ့ ငှားရမ်းနှုန်းဟာ ၂၀ - ၃၀ ရာနှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO မှာ အိမ်ဖေါ်လုပ်ငန်းကို တရားဝင်မှတ်ပုံတင်ထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ILO စည်းမျဉ်းအရ အိမ်ဖေါ်ပွဲစားကုမ္ပဏီတွေဆီကနေ ဖိလစ်ပိုင်အိမ်ဖေါ်တွေ ငှားရမ်းတဲ့အခါ၊ အိမ်ဖေါ်ရဲ့လစာအပြင် ပွဲစားခ၊ ဝန်ဆောင်ခတွေကိုပါ ငှားရမ်းသူက ပေးရပါတယ်။
အခုလို ဖိလစ်ပိုင်အိမ်ဖေါ်ငှားရမ်းခ မြင့်တက်လာတာ၊ ဖိလစ်ပိုင်အစိုးရရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် သိမ်မွေ့ပြီး ကျိုးနွံနာခံသူတွေလို့ သိထားကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာလိုနိုင်ငံတွေက အိမ်ဖေါ်တွေကို လိုချင်သူတွေ ပိုများလာနေတယ်လို့ စင်္ကာပူ အလုပ်သမား NGO အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
အဲဒါကြောင့် အခုအခါ ကမ္ဘောဒီးယားအစိုးရက ရှေ့ပြေးအစီအစဉ်အဖြစ် အိမ်ဖေါ် ၄၀၀ စင်္ကာပူကိုစေလွှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယား အိမ်ဖေါ်တွေဟာ ရတဲ့လစာထဲကနေ ပွဲစားခ၊ ဝန်ဆောင်ခတွေ ပေးရမှာဖြစ်တဲ့အပြင်၊ ကမ္ဘောဒီးယား အစိုးရကလည်း စည်းမျဉ်းစည်းကမ်း တစုံတရာ သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။
မြန်မာအစိုးရကလည်း ပြည်ပကို အိမ်ဖေါ်လုပ်ငန်းစေလွှတ်ဖို့ စဉ်းစားနေကြောင်း ဒီနှစ်ဆန်းပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
RFA Burmese
အရင်ကတည်းက မှီငြမ်းရိုက်လာခဲ့ကြတာ အခုမှကော်ပီဆိုပြီး ထအော်နေလို့မရပါဘူးဆိုတဲ့ အကယ်ဒမီခန့်စည်သူ
ဝါရင့်သရုပ်ဆောင်တွေထဲမှာ ပရိသတ်လည်းချစ်၊ သရုပ်ဆောင်လည်း တော်တဲ့ အကယ်ဒမီ ခန့်စည်သူနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို မေးမြန်းကြည့်တဲ့အခါ ‘အစ်ကို အခုရိုက်နေတဲ့ ဇာတ်ကားလေးကတော့ စာရေးဆရာမယဉ်မင်းဦး(ဆေးတက္ကသိုလ်) ရဲ့အက်တိုးပစ်အပျိုစင် ဆိုတဲ့ဝတ္ထုကိုရိုက်နေတာပါ။ ဇာတ်ညွန်းက မင်းခိုက်စိုးစံ၊ ဒါရိုက်တာက ညွန့်မြန်မာညီညီအောင်။ မင်းသမီးက နန်းခင်ဇေယျာပါ။ ဒီဇာတ်ရဲ့သဘောသဘာဝကို ပြောရမယ်ဆိုရင်တော့ ယနေ့ချိန်မှာ ဖြစ်ပျက်နေတဲ့ မိန်းကလေးတော်တော်များများက တားဆေးတွေ သောက်ကြတာ၊ ကိုယ်ဝန်ဖျက်ချတာတွေ တော်တော်များများရှိလာကြတယ်။ တရားဝင်မဟုတ် တာမျိုးတို့၊ တခုလပ်တို့ ဆိုလူတွေကအထင် သေးကြတယ်။ နှစ်ခုလပ်မှ မဟုတ်ပါဘူး။ သုံးခုလပ်၊ လေးခုလပ်၊ ငါးခုလပ်တွေတောင် ရှိသေးပါတယ်။
အဓိကကတော့ မိန်းကလေးဆိုတာအပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့ကအရေးကြီးဆုံးပဲဆိုတာကိုသိဖို့အတွက် ရည်ရွယ်ပြီး ရိုက်ကူးခြင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး လေ့လာမှုကတော့ ကိုယ်တို့ကျတော့ ဆေးလောကနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င် ရှိကြတာမဟုတ်တော့ ဇာတ်ညွှန်းရေးဆရာနဲ့ စာရေးဆရာမတွေက ဆရာဝန်ဖြစ်တဲ့အတွက် အစ်ကိုတို့ အပေါ်မှာအများကြီးအထောက်အပံ့ အကူအညီရပါတယ်။ ဒီဝတ္ထုကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ဖတ်လာပြီးအရမ်းကြိုက် ခဲ့တာပါ။ အရင်တည်းကလည်း ဒီဇာတ်ကိုရိုက်ကူးဖို့လုပ်ခဲ့ပေမဲ့ အရင်တုန်းက ဆင်ဆာစနစ် အရရိုက်ကူးခွင့်မရခဲ့ပါဘူး။ အခုမှ ရိုက်ကူးခွင့် ရခဲ့တာပါ။’လို့ ပြောပါတယ်။
မြန်မာဇာတ်ကားတွေ နိုင်ငံခြားဇာတ်ကားတွေကို မှီငြမ်းတာနဲ့ ပတ်သက်ပြီး သူက ‘ကော်ပီဆိုတာမျိုးက အခုမှရှိလာတာမျိုးမဟုတ်ပါဘူး။ ရုပ်ရှင်ဆိုတာစပေါ်လာချိန်အရင် ခေတ်ကတည်းကိုက ကော်ပီကိုပဲပြန်မှီငြမ်း ပြီးရိုက်လာခဲ့ ကြတာဆိုတော့ အခုမှကော်ပီကော်ပီဆိုပြီး ထအော်နေလို့မရပါဘူး။ မြန်မာ့ရုပ်ရှင်သည် နိုင်ငံတကာကိုထိုးဖောက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ ပညာရှင်တွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ပံ့ပိုးမှုမပါပဲနဲ့တော့ မထိရောက်နိုင်ပါဘူး’လို့ ပြောခဲ့ပါတယ်။
Trend Myanmar
ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည်
မန္တလေး၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးရှိ ကျူးကျော်နေထိုင်သူ များကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (SEA Games) မတိုင်မီ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ရွှေ့တဲ့သူကလည်း ရွှေ့ပြီးသွား ကြပါပြီ။ ကျန်တဲ့သူတွေကို ဆီးဂိမ်းပွဲ မတိုင်မီ အပြီး ရှင်းလင်းသွားမှာပါ။ ဒီကြားထဲမှာ ဒုတိယအကြိမ် သတိပေးစာ ပို့ဖို့လည်း ရှိပါတယ်။ ဒဏ်ရိုက် အရေးယူတာတော့ မရှိသေးပါဘူး" ဟု ၄င်းကဆိုသည်။
အဆိုပါ ကျူးကျော်နေထိုင်သူ များကို အောက်တိုဘာလ အတွင်းက ရွှေ့ပြောင်းပေးရန် သတိပေး အကြောင်းကြားစာများ ပို့ထားပြီး ပြောင်းရွှေ့ရန် ကျန်ရှိသူများကို အောက်တိုဘာ လကုန်တွင် ရှင်းလင်းသွားရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်း လိုက်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
"စည်ပင်က စာပို့ထားတော့ တော်တော်များများတော့ ပြောင်းပြီးသွားကြပြီ။ ဈေးဆိုင်တွေနဲ့ ကုန်တင်ကုန်ချ ဂိတ်လေးတွေပဲ ကျန်တော့တယ်။ ဈေးဆိုင်လေးတွေ ကတော့ ပြောင်းပေးဖို့ အဆင် မပြေနိုင်ဘူး။ မော်တော်ဆိပ် ရှိနေသရွေ့တော့ အဲဒါကို အမှီပြုပြီး စီးပွားရှာရတာ ဆိုတော့လေ။ စည်ပင်က လာရှင်းတဲ့ အချိန်ကျရင်တော့ ပြောကြည့်ရမှာပဲ" ဟု ဧရာဝတီ မြစ်ကမ်းဘေးရှိ ချမ်းအေးသာစံ မြို့နယ်တွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးကဆိုသည်။
အဆိုပါ ကျူးကျော်နေထိုင်သူ အများစုမှာ ကျပန်းအလုပ်သမားများ ဖြစ်ပြီး ယင်းနေရာတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယင်းနေရာတွင် ရှိသော တဲအိမ် အချို့တွင် နေထိုင်သူများမှာ မပြောင်းရွှေ့ဘဲ ဆက်လက် နေထိုင်ခွင့်ပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ အသနားခံစာ တင်ထားကြောင်း ၄င်းတို့ထံမှ သိရသည်။
The Voice Weekly
ဦးခင်ညွန့်အား လက်လွတ်စပယ် မပြောရန် ဇာဂနာသတိပေး
ဦးခင်ညွန့်နှင့် ပတ်သက်၍ ရန်ကို ရန်ဖြင့်တုံ့နှင်းခြင်းနှင့် လက်စားချေခြင်း မျိုးပြုလုပ်မည် မဟုတ်ဟု ဦးသူရ (ဇာဂနာ)က ပြောလိုက်သည်။
ဝေါစထရိ ဂျာနယ်၊ အင်တာနက် ဝက်ဆိုက်တွင် ဖော်ပြထားသည့် ဦးခင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါးနှင့် ပတ် သက်၍ ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။
”ဒီစာတွေကို လွန်ခဲ့တဲ့ လေးပတ် လောက်က ဖတ်ခဲ့ရပါတယ်။ သြော်သူ ပြောတာပြောပါစေ။ အကောင်း ထင်ပြီး လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော် ရန်ကို ရန်ခြင်း မတုံ့ပြန် ဘူး။ လက်စားလည်း မချေပါဘူး။ လူချင်းတွေ့တုန်း ကလည်း ဒီအတိုင်း ပြောခဲ့ပြီးသားပါ”ဟု ဇာဂနာ က ပြောသည်။
ဇာဂနာ အနေဖြင့် နိုင်ငံရေး အကျဉ်း သား ကော်မတီတွင် ပါဝင်ပြီး နိုင်ငံရေး အကျဉ်းသား များနှင့်အတူ အကျဉ်းထောင် ထဲတွင် ကျန်ရှိနေသေးသည့် ထောက် လှမ်းရေး ၂၂ ယောက် ကိုလည်း လွှတ် ပေးရန် ကိုကိုကြီး၊ ကိုရဲအောင်၊ ကိုညွန့် ထွန်း တို့နှင့်အတူ သမ္မတကြီးထံ စာတင်ခဲ့ ကြောင်း သိရသည်။
၎င်းက ဆက်၍ ”ဒီလိုပြောတာကို ထိုင်ကြည့်နေ ရလောက်အောင်လည်း ကျွန်တော် တို့မှာ ခွင့်လွှတ်စရာ မရှိတော့ဘူး။ ဖမ်းဆီးခံရတဲ့ လူတွေ၊ မိသားစု ဖျက်ဆီးခံ ရတဲ့ လူတွေ အတွက် ကျွန်တော့်မှာ တာဝန် ရှိတယ် လို့ ပြောတာပါ”
”ဦးခင်ညွန့် လက်ထက်မှာ အဖမ်းခံ ရတဲ့ လူတွေ အများကြီးပဲ။ ဘယ်လောက် အထိ အနှိပ်စက်ခံရလဲ မိသားစုတွေ ဘယ်လောက် ဒုက္ခ ရောက်ခဲ့လဲ အဲဒီလူ တွေ မသေ ကြသေးပါဘူး”
”ဦးခင်ညွန့်မြေး ကို ထောက်လှမ်း ရေးတွေ လိုက်နေတာ မလုပ်ပါနဲ့။ သူတို့ ခေတ်က ဒါတွေ မလိုက်ခဲ့ပါဘူး။ အဲဒီ ထက်ဆိုးတာ အများကြီး။ ဒါကို ကျွန်တော် တို့က ငြိမ်ပြီး နာခံရမှာလား။ ဒါ ပေမဲ့ ဒီလိုမျိုး သူတို့ မသိပါဘူးမလုပ်ပါဘူး ဆိုတာ ကတော့ လုံးဝ သည်းမခံနိုင်ဘူး”
”ကျွန်တော် ဆိုရင်ဆရာဝန်၊ ဆရာ ဝန်ဖြစ်ကြောင်း လက်မှတ်သွား တောင်း တာတောင် အငြင်းခံရတယ်။ နိုင်ငံခြား ကိုလည်း မိသားစုပဲ သွားခွင့် ရတယ်။ ဒါလား သူ မလုပ်ခဲ့ပါဘူး ဆိုတာ”ဟု ၄င်း က မေးခွန်းထုတ်လိုက်သည်။
၎င်းက ဆက်လက်၍ ”ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ နှိပ်စက်လို့ ခေါင်း ငုံ့ခံခဲ့ရတဲ့ လူတွေ မသေကြသေးပါဘူး။ သက်ရှိ ထင်ရှား အများကြီး ကျန်သေး တယ်” ဟု ၄င်းက ပြောသည်။
”ကျွန်တော်တို့က အငြိုးမထား ဘူး။ အဲလောက်ကြီး လက်လွတ်စပယ် မပြောပါနဲ့။ သူ့ကို ဘယ်သူမှ ဓား နဲ့မထိုး တုတ်နဲ့မရိုက်ပါဘူး” ဟု ၄င်းက ပြော ကြားခဲ့သည်။
”သူ ဒီလိုပြောတာ သူ့ကို လူမုန်း ပိုများမယ်။ ထောင်ထဲမှာ လွတ်ဖို့ သူ့လူ တွေ ၂၂ ယောက်တောင် ကျန်သေး တယ်တဲ့။ အဲဒီ လူတွေ အတွက် ပိုအခက် အခဲ မရှိပေ ဘူးလား။ ဘာကောင်းကျိုး မှ မရှိဘူး” ဟု သူ့အမြင် ကိုပြောသည်။
ထူးထူး
Popular Myanmar News Journal
မြန်မာတို့ လျှပ်စစ် မဂ္ဂါဝပ် ၂၀၀၀ ခန့်သုံးစွဲချိန်တွင် ဘင်္ဂလာဒေခ်ျ့ တို့ မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနိုင်၍ အောင်ပွဲခံ
မဂ္ဂါဝပ် တစ်သောင်းထိ တိုးမြှင့် သုံးစွဲနိုင်၍ ဘင်္ဂလာတို့ အောင်ပွဲခံ အခမ်းအနား။ ( ဓါတ်ပုံ- The Star)
မြန်မာ နိုင်ငံထက် သုံးဆခန့် ငယ်ပြီး မြန်မာထက် ၂၃ နှစ်ကြာမှ လွှတ်လပ်ရေး ရလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် ယခုအခါ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ကျော် ထုတ်လုပ် သုံးစွဲနိုင်သဖြင့် ယမန်နေ့ ညနေက အခမ်းအနား ပြုလုပ်ပြီး အောင်ပွဲခံခဲ့သည်။
လက်ရှိ အစိုးရမှ မီးရှူး၊ မီးပန်းများကို မိုးသို့ ပစ် ဖေါက်ပြီး လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနိုင်မူ အခမ်းအနားကို ပြုလုပ်ပြီး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်ဟု သိရသည်။
၎င်းအောင်ပွဲခံ အခမ်းအနားအား ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဗိသုကာ ဘင်ဂါဘောင်ဒူ နိုင်ငံတကာ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဘင်္ဂလာဒေခ်ျ့  ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက စက်ခလုတ်ဖွင့်ကာ ဖွင့်လှစ်ပေးခဲ့သည်ဟု သတင်းစာများတွင် ဖေါ်ပြသည်။ ၎င်းနောက် မီးရှူး မီးပန်း ပစ်လွှတ်ရာ အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်က “ ဒီကနေ့ဟာ ငါတို့ အားလုံးအတွက် အောင်ပွဲဖြစ်တယ်။ လက်ရှိ အစိုးရရဲ့ သမိုင်းဝင် အောင်ပွဲလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
၎င်းပြင်သူမက ၂၀၁၃ ခုနှစ် အကုန်တွင် ဘင်္ဂလာဒေခ်ျ့တွင် မဂ္ဂါဝပ် ၇၀၀၀ ထိ တိုးမြှင့် ထုတ်လုပ်သုံးစွဲရန် ရာတားထားသော်လည်း ယခုအခါ မဂ္ဂါဝပ် တစ်သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊လက်ရှိ အစိုးရ လက်ထက်တွင် လျှပ်စစ် စီမံကိန် ၅၇ ခုကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ နောက်ထပ် လျှပ်စစ် ဓါတ်အား ထုတ်လုပ်မည့် စီမံကိန်း ၃၃ ခုကို တည်ဆောက်လျှက် ရှိနေကြောင်း ပြောကြားသည်။
၎င်းပြင် ဘင်္ဂလာဒေခ်ျ့သည် ရုရှား အစိုးရ အကူအညီဖြင့် နျူကလီးယားသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ (၂) ခုကို သူ့နိုင်ငံတွင်းတွင် တည်ဆောက်နေကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သူ့တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနေချိန်တွင် မြန်မာနိုင်ငံတွင်မူ လျှပ်စစ် ဓါတ်အား သုံးစွဲမူ ပမာဏမှာ ၂၀၁၁ ခုနှစ်က မဂ္ဂါဝပ် ၁၄၂၀ သာရှိပြီး ၂၀၁၃ ခုနှစ်တွင် ၂၀၆၀  မဂ္ဂါဝပ်သာ ရှိကြောင်း သိရသည်။
၎င်းပမာဏာကို လျှပ်စစ် စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြည်သူ့ လွှတ်တော်တွင် နိုဝင်္ဘာလ ၁၂ ရက်နေ့က ထုတ်ဖေါ် ပြောကြားခဲ့သည်။
ယင်းပြင် လျှပ်စစ် စွမ်းအားဝန်ကြီးက ၂၀၁၅ ခုနှစ်တွင် လျှပ်စစ် ဓါတ်အား မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိနှင့် ၂၀၁၆ ခုနှစ်တွင် မဂ္ဂါဝပ် ၄၀၀၀ ထိ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြားသွားသည်။
(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)
သမ္မတ လစာလျှော့ယူမှု ဥပဒေ ချိုးဖောက်သည့်ပုံစံဖြစ်နေဟု ဦးခင်အောင်မြင့် သတိပေး၊ လစာကိစ္စ သမ္မတထံ တိုက်ရိုက်ဖုန်းခေါ်ခိုင်း
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၃
သမ္မတဦးသိန်းစိန်က ဥပဒေပါ သမ္မတလစာ သိန်း ၅၀ ကို မခံစားဘဲ တလ ငွေကျပ် ၁၅ သိန်းသာ လျှော့ယူခံစားမှုသည် ဥပဒေ ချိုးဖောက်သည့် ပုံစံဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောဆိုလိုက်သည်။
ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးစဉ် ဦးခင်အောင်မြင့်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
`` နိုင်ငံတော် သမ္မတရဲ့လစာခံစားခွင့် သိန်း(၅၀)ဟာ ဥပဒေ မှာပါရှိပြီးဖြစ် တဲ့အတွက် လိုက်နာရ မယ်။ အခု လို မယူ တဲ့ အတွ က် ဥပဒေ ကို ချိုး ဖေါက် သလို ဖြစ်နေ ကြောင်း၊ သူ့အနေ နဲ့ဒီလစာကိုယူသင့်ကြောင်း ၊သူ မယူ တဲ့ အတွက် အခု လို ဥပဒေ ကို ပြန်ြပင်နေရတယ်´´ ဟု ဦးခင်အောင်မြင့်က ဆိုသည်။
သမ္မတက လတ်တလော တလ ငွေကျပ် ၁၅ သိန်းရယူနေသည့်အတွက် ယင်းလစာအတိုင်း ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းပေးရန် လွှတ်တော်က ဆောင်ရွက်သောအခါ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းလျှင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြ လာသဖြင့် ဦးခင်အောင်မြင့်က ``သမ္မတအနေဖြင့် ဥပဒေပါ သိန်း ၅၀ လစာ ခံ စားခွင့် ဆက် လက် ခံ စား မယ်၊ မခံစားဘူး´´ မေးမြန်းရန် ဒေါက် တာ မောင် မောင်သိမ်းကို သမ္မတ ဦးသိန်းစိန် ထံသို့ တိုက်ရိုက်ဖုန်း ဆက် မေးမြန်းခိုင်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် က တလ သိန်း၅၀ မ ခံ စား လိုဘဲ လစာ ခံစား ခွင့် သတ် မှတ် ချက် ကို လွှတ်တော် က သာ သတ်မှတ် ပေးရန် ပြန် လည် ပြောဆို ခဲ့ ကြောင်း သိရှိရသည်။
လတ်တလောတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း အတည်မပြုနိုင်သေးပေ။
ယာဉ်ကြောပိတ်ဆို့မှုများနေသည့် ရန်ကုန်အတွက် ယာဉ်မရပ်ရနေရာ ၂ဝ ထပ်မံထုတ်ပြန်
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ စွာဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်စည်းကမ်းထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီမှ ယာဉ်မရပ်ရမည့် လမ်း ၂၆ လမ်း သတ်မှတ်ပြီး နှစ်လအကြာတွင် တိုင်းဒေသကြီး အစိုးရမှ ထပ်မံ၍ ယာဉ်မရပ်ရ နေရာများကို ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီက စက်တင် ဘာလ ၁ဝ ရက် နေ့၌ ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်း၊ ဘုရင့်နောင်လမ်း၊ အင်းလျားလမ်း လှည်း တန်းလမ်းနှင့် အောက်ပုဇွန်တောင်လမ်းအပါအ ဝင် ၂၆ လမ်းကို ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် များ မရပ်တန့်ရန်နှင့် ခရီးသည်တင်ယာဉ်များ ရပ်တင်ထွက်စနစ်ကို ကျင့်သုံးရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
အထက်ပါလမ်းများတွင် ယာဉ်များ၊ ရပ် တန့်ပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူ သွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအချိန် အထိ
ယာဉ်ရပ်တန့်မှုများရှိနေဆဲပင်ဖြစ်သည်။ယင်းအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံ၍ ယာဉ်မရပ်ရနယ်မြေ ၂ဝ သတ်မှတ်ကာ ကြေညာချက်ထပ်မံထုတ်ပြန်သည်။ကြေညာချက်တွင် တိုင်းဒေသကြီး အစိုးရမှ သတ်မှတ်သော နေရာများတွင် ယာဉ်ရပ်တန့်ပါ က ရပ်နားယာဉ် အားဆွဲယူသွားမည်ဖြစ်ပြီး ရန် ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမည်ဟု ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်လိုက်သည့် ယာဉ်မရပ်ရ နေရာ ၂ဝ မှာ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း ယင်းမှ ဘုန်းကြီး လမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ အင်း စိန်ဘူတာရုံလမ်းနှင့် အင်းစိန်လမ်းဆုံမှ အင်းစိန်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ၊ အောက် မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်းဆုံမှ ဘုရင့် နောင်လမ်းအတိုင်း၊ သမိုင်းဘူတာရုံလမ်း၊ ရွာမ ကျောင်းလမ်း၊ ယင်းမှ ဘုရင့်နောင်လမ်းအတိုင်း လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံအထိ၊ အင်းစိန်ပန်းခြံမှ ဗဟိုလမ်းအတိုင်း သမိုင်းဘူတာ ရုံလမ်းဆုံ၊ ပါရမီလမ်းဆုံ၊ အုတ်ကျင်းဘူတာရုံလမ်း ဆုံ၊ ယင်းမှ ရွာမကျောင်းလမ်း၊ ဗဟိုလမ်းအတိုင်း ဟံသာဝတီလမ်းအထိ၊
ပြည်လမ်းနှင့်မင်းဓမ္မလမ်း ဆုံမှ မင်းဓမ္မလမ်းအတိုင်း ပါရမီလမ်းဆုံအထိ၊ ပြည်လမ်းနှင့် အင်းလျားလမ်းဆုံမှ အင်းလျားလမ်းအတိုင်း ဓမ္မစေတီလမ်းအထိ၊ ကျွန်းတော လမ်းနှင့် နာနတ်တောလမ်းဆုံမှ ကျွန်းတောလမ်း အတိုင်း ဟံသာဝတီလမ်းအထိ၊ ဟံသာဝတီအဝိုင်း မှဦးဝိစာရလမ်းအတိုင်း ဓမ္မစေတီလမ်းဆုံ၊ ဦးဝိ စာရအဝိုင်း ယင်းမှရွှေတိဂုံဘုရားလမ်းအထိ၊ ဗိုလ်ချုပ်ဆောင်ဆန်းလမ်းနှင့် ရွှေဘုံသာလမ်းဆုံမှ ရွှေဘုံသာလမ်းအတိုင်း ကမ်းနားလမ်းအထိ၊ ကန် ရိပ်သာလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းဆုံမှ အထက်ပန်းဆိုးတန်းလမ်း ယင်းမှ ပန်းဆိုးတန်း လမ်းအတိုင်းကမ်းနားလမ်းအထိ၊ ကန်ရိပ်သာ လမ်းနှင့် သိမ်ဖြူလမ်းဆုံမှ သိမ်ဖြူလမ်းအတိုင်း ကမ်းနားလမ်းအထိ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းဆုံ(၆ ကွေ့ ဝေ ဇယန္တာလမ်းအနီး)မှ သုဓမ္မာလမ်းအတိုင်း၊ ၎င်းမှ ဝေဇယန္တာလမ်းအတိုင်း
ဧရာဝဏ်လမ်းသုဝဏ္ဏတံ တားအထိ၊ ၎င်းမှ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ ၎င်းမှ မင်းနန္ဒာလမ်း ယမုံနာလမ်းနှင့် မင်းနန္ဒာ လမ်းဆုံအထိ၊
၎င်းမှ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလ တံတားမှ ဗိုလ်တထောင်ဈေးလမ်း အောက်ပုဇွန် တောင်လမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းဆုံ(ပြည်ထောင်စုခုံးကျော် တံတား)မှ သံသုမာလမ်းအတိုင်း သမိန်ဗရမ်း လမ်းဆုံ(ကြက်ဘဲဈေး) ရှေ့အထိ၊ သမိန်ဗရမ်း လမ်းနှင့် သံသုမာလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့မှ အထက်ပုဇွန်တောင်လမ်းအတိုင်း
ဗိုလ်ချုပ်လမ်း နှင့် အောက်ပုဇွန်တောင်လမ်းဆုံ၊ ၎င်းမှ အောက် ပုဇွန်တောင် တောင်လမ်းအတိုင်း သန်လျက်စွန်း အထိ၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် သံသုမာလမ်းဆုံမှ သံသုမာလမ်းအတိုင်း လေး ထောင့်ကန်လမ်းဆုံ(ပြည်ထောင်စုခုံးကျော်တံ တား)၊ ၎င်းမှ လေးထောင့်ကန်လမ်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ၎င်းမှ
အရှေ့မြင်းပြိုင် ကွင်းလမ်းအတိုင်း တာမွေမီးပွိုင့်၊ ရွှေဂုံတိုင်လမ်း နှင့် သမိန်ဗရမ်းလမ်းဆုံအထိ၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမှ ခရေ ပင်လမ်းအတိုင်း၊ ပြည်လမ်းဆုံ၊ အောင်မင်္ဂလာ လမ်းဆုံမှတစ်ဆင့် ရွှေပြည်သာတံတားအထိ၊ အင်းစိန်မြို့နယ်၊ ပြည်လမ်းနှင့် လမ်းသစ်လမ်းဆုံ မှ လမ်းသစ်လမ်းအတိုင်း(အာလိန်ငါးဆင့်လမ်း) ဗဟိုလမ်းဆုံ၊ ၎င်းမှလှိုင်မြစ်လမ်းအတိုင်း အောင် ဇေယျတံတားအထိ၊ မရမ်းကုန်း (၈)မိုင်လမ်းဆုံမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း၊ ၎င်းမှ ကိုယ့်မင်း
ကိုယ့်ချင်းလမ်းနှင့် နန္ဒဝန်လမ်းဆုံအထိ ၎င်းမှ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းလမ်း၊ ဦးထောင် ဘိုအဝိုင်းမှတစ်ဆင့် တိရစ္ဆာန်ဥယျာဉ်လမ်း၊ ၎င်းမှ အလံပြဘုရားလမ်းအတိုင်း ဆူးလေဘုရားလမ်း နှင့် ကမ်းနားလမ်းဆုံအထိ၊ ဆူးလေဘုရားလမ်းမှ ဂျိုးဖြူလမ်း၊ ၎င်းမှ တိရစ္ဆာန်ဥယျာဉ်လမ်းနှင့် ဗိုလ် မင်းခေါင်လမ်းဆုံအထိတို့ ဖြစ်သည်။
အဆိုပါလမ်းများအပြင် ကျန်ရှိသောလမ်း များအားလည်း တစ်ဆင့်ပြီးတစ်ဆင့် ယာဉ်ရပ် နားခြင်းကို ပိတ်ပင်သွားမည်ဟု ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများ အရ တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်အစီးရေ ၄ သိန်းခန့်ရှိပြီး တစ်နိုင်ငံလုံးအစီးရေ၏တစ်ဝက် မှာ ရန်ကုန်မြို့တွင် ရှိသည်။
ဝေမာထွန်း
Popular Myanmar News Journal
တိုက်ကြီးမြို့နယ်တွင် လူသတ်မှုဖြစ်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
တိုက်ကြီးမြို့နယ်၊ ကတိုင်စိန်ကျေးရွာအုပ်စု၊ဆောက်ဝိုင်းကြီးကျေးရွာနေ ကိုလွှမ်းမိုးအောင်သည်တော်လတီကျေးရွာတွင်ရေတုံကင်တူးသည့်လုပ်ငန်းအား ညအိပ်သွားရောက်လုပ်ကိုင်နေရာမှ ၁၃.၁၁.၂၀၁၃ရက်နေ့ ၀၈၀၀အချိန်ခန့်တွင် ၎င်း၏ဇနီးဖြစ်သူ မတင်တင်ဝင်းသည် နေအိမ်တွင် ဒဏ်ရာများဖြင့်လဲကျနေကြောင်း ကြားသိရ၍သွားရောက်ကြည့်ရှုခဲ့ပါသည်။
နေအိမ်တွင်ဇနီးဖြစ်သူမှာ ဦးခေါင်းနောက်စေ့၊ မျက်နှာ၊၀ဲ/ယာလက်တို့တွင်
ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး မတင်တင်ဝင်းမှ အိမ်နီးချင်းနေ ကိုတင်အုန်းလေး (ဘ)ဦးထွန်းရွှေထံ ငါးဖမ်းပိုက်ဖိုးငွေ
အကြွေးတောင်းသည့်ကိစ္စကို မကျေနပ်ဖြစ်ကာ တင်အုန်းလေးမှ မတင်တင်ဝင်းအား ထင်းခုတ်ဓါးမဖြင့် ခုတ်သောကြောင့် ဒဏ်ရာရ
သေဆုံးခြင်းဖြစ်ကြောင်းသိရှိရ၍ တင်အုန်းလေး အားအရေးယူပေးရန် တိုင်တန်းသဖြင့် ကတိုင်စိန်နယ်မြေရဲစခန်း(ပ)၄၉/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
မုန်တိုင်းသတင်း
ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်းထဲမှာ မုန်တိုင်းငယ်တစ်ခု အခြေတည်နေပါတယ်။ သူ့ကို 30W လို့နာမည် ပေးထားပါတယ်။ ဘာပြုလို့လည်း ဆိုတော့ ဒိမုန်တိုငးရဲ့ နောက်ကြောင်းရာဇ၀င်ကိုလိုက်လိုက်တော့ ဒီမုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ ၂၀၁၃ ခုနှစ်အတွင်း အကြိမ်(၃၀)မြောက်ဖြစ်ခဲ့တဲ့ မုန်တိုင်းဖြစ်ခဲ့ရာကနေ အနောက်ဖက်ကိုရွေ့လာခဲ့ပြီး၊ တောင်တရုတ်ပင်လယ်-ထိုင်းပင်လယ်ကွေ့- ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း...အဲဒီကမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအထိ ရောက်လာတဲ့ Disturbance ဖြစ်နေလို့ ဖြစ်ပါတယ်။
ကြည့်...။ လူသားတွေ မပြောနဲ့၊ မုန်တိုင်းတွေမှာတောင် ရာဇ၀င်ရှိတယ်။ အရေးလည်းကြီးတယ်။ မုန်တိုင်းတစ်လုံးဟာ သူစတင်ပေါက်ဖွားရာဒေသ(Source Region) ကိုလိုက်ပြီး ပြုမူတတ်ကြတယ်။ ဒါတွေကို ကြိုသိနိုင်တယ်။ ဒါကို Statistical Analysis လုပ်တယ်လို့ ခေါ်ပါတယ်။
ဒီမုန်တိုင်းကို အနောက်ဖက်ကိုဘဲရွေ့မယ်လို့ ကနဦးအစ ခန့်မှန်းမှုမှာ ဖေါ်ပြထားခဲ့ ပါတယ်။ အခုလည်းမပြောင်းသေးပါဘူး။ ဒါပေမယ့် ကျွန်တော် မုန်တိုင်းရဲ့အမည် ကို မြန်မာလို ချစ်စနိုးလေးနဲ့ "မိချိုသဲ" လို့ အမည်ပေးထားပါတယ်။ ဦးဝင်းဦးကို သတိရတာလည်း ပါတာပေါ့ဗျာ။ အဲ..သူငယ်မလေး တစ်ဦးရဲ့ နာမည်ပေါ့။ အဲ..မိန်းမနာမည်ပေးလိုက်တော့ ပညတ်သွားရာ၊ ဓါတ်သက်ပါလာလေမလားတော့ သတိထားရလိမ့်မယ်။ ဒါကတော့ ဒီမုန်တိုင်းလေးဟာ ဟိုသွာမယ်ဆိုဒီ၊ ဒီသွားမယ် ဆိုဟို၊ ဖြစ်သွားမှာ စိုးရပါတယ်။ ဒီတော့ မိချိုးသဲလေးကို (၂၄)နာရီ မပြတ် စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
ဒီလိုပြောရတာ အကြောင်းအချက်တွေရှိပါတယ်။ အဲဒါတွေကတော့ 30W ဟာ ထင်ထားတာထက် မြောက်ဖက်ကို ပိုရောက်လာတယ်။ (၂) မှန်းထားသလောက် အနောက်ဖက်ကိုမရွေ့ခဲ့ဘူး။ (၃) အိန္ဒိယ ကုန်းမြေအပေါ်မှာ လေအေးတွေ အားကောင်းနေတော့ မုန်တိုင်းကို အနောက်ဖက်ကိုရွေ့မလာအောင် တားဆီး(Block) လုပ်ထားတယ်။ (၄) နောက်ပြီး ကာလံဒေသံအရ လက်ရှိကာလဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမုန်တိုင်းရာသီဖြစ်နေတယ်။
အဲဒါတွေကြောင့် လက်ရှိအဆင့်ကို နှိုးဆော်တဲ့အဆင့် (ALERT)အဆင့် ထားလိုက် ပါတယ်။
သေချာတာတစ်ခုကတော့ မူလအတိုင်း အနောက်ဖက်ကိုဘဲ သွားသွား ၊ ကျွန်တော်တို့ရှိရာ အရှေ့မြောက်ဖက်ကိုဘဲ ကွေ့ကွေ့။ သေချာတာ တစ်ခုကတော့ ကြိုသိရပါစေ့မယ် ဆိုတာပါဘဲ။ ဘာပြုလို့လည်းဆိုတော့ ဒီမုန်တိုင်းကို မိုေးလ၀သဂြိုဟ်တုတွေက နာရီမပြတ်စောင့်ကြည့်နေကြမှာဖြစ်လို့ပါဘဲ။
ဒေါက်တာထွန်းလွင်
မြန်မာ့ခြင်းလုံးများ နိုင်ငံတကာသို့ ဖြန့်ဝေသွားမည်
မန္တလေး၊ နိုဝင်ဘာ ၁၃။
မြန်မာ့ခြင်းလုံး အားကစားနည်း ပြန့်ပွားစေရန်အတွက် ခြင်းလုံး အလုံးရေ တစ်သိန်းနီးပါး နိုင်ငံတကာနှင့် ပြည်တွင်းသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ ချုပ် အတွင်းရေးမှုးဦးရဲအောင်က ပြောသည်။
“အခုလက်ရှိတော့ ထောက်ပံ့ပေးမယ့် ကုမ္ပဏီတွေနဲ့  ညှိုနှိုင်းနေပါတယ်။ အလုံးအရေအတွက်ကတော့ များများယူမယ် တစ်သိန်းနီးပါးပေါ့။ ကျော်ရင်လည်း ကျော်မယ်။ အဲဒီပမာဏလောက်ထိ ဖြစ်သွားမှာပါ”ဟု ၎င်းကပြောသည်။
ယင်းသို့ ဖြန့်ဝေမှုကို ကုမ္ပဏီများနှင့် စာချုပ်ချုပ်အပြီးနောက် နှစ်ဆန်းတွင် ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့ခြင်းလုံး အားကစားနည်းကို စိတ်ဝင်စားသော နိုင်ငံများတွင် ခြင်းလုံး အားကစားနည်း ကျယ်ပြန့်စေရန်အတွက် အခမဲ့ဖြန့် ဝေသွားမည်ဖြစ်ကြောင်း၊ ဆီးဂိမ်းတွင် ပါဝင်မည့် နိုင်ငံများအပြင် ဂျပန်၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံများကိုပါ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း ဦးရဲအောင်က ပြောသည်။
ဖြန့်ဝေပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံ တစ်ဝှမ်းရှိ ခြင်းလုံးယက်လုပ် ရောင်းချသူ လုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူထားသော ခြင်းလုံးများမှာ အလေးချိန် ၁၄၀ဂရမ်မှ ၁၆၅ဂရမ်ကြား၊ လုံးပတ်မှာ ၄၈စင်တီမီတာမှ ၅၀စင်တီမီတာကြား၊ အချင်းမှာ၁၄.၆စင်တီမီတာမှ ၁၆စင်တီမီတာကြား၊ ခြင်းလုံးအရောင်မှာ အဖြူရောင် ရှိရမည်ဖြစ်သည်။
လူလူ
The Myanma Age
ဓာတ်ပုံရိုက်သော သတင်းထောက် အဓိပတိ ယာဉ်နောက် လိုက်ရိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၃။
လှည်းတန်းမီးပွိုင့်အနီးကားပိတ်သည့် ဓာတ်ပုံရိုက်နေသော သတင်းထောက်အား အဓိပတိအနီမှ ယာဉ် နောက်လိုက်က ဆဲဆို၍ သံပိုက်လုံးဖြင့် ရင်ဘတ်အား ထိုးရိုက်ရန်ပြင်ခဲ့ကြောင်း B2B မဂ္ဂဇင်းနှင့် Acuman english မဂ္ဂဇင်းမှ ကာယကံရှင် သတင်းထောက် ကိုဟိန်းဇော်ကပြောကြားသည်။
“ကျွန်တော်အစတုန်းက လမ်းပိတ်တဲ့ပုံကို ရိုက်နေတာ လေးငါးခြောက်ပုံလောက်ရှိပြီ။ ဒါပေမယ့် ကျွန်တော်အဲဒီ့ အဓိပတိအနီနားရောက်တော့ ကျွန်တော် လမ်းပိတ်တဲ့ပုံကိုထပ်ရိုက်တယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကို ကားပေါ်က ဆင်းလာပြီး ပြဿနာရှာတော့တာပဲ”ဟု ၎င်းကပြောကြားသည်။
လှည်းတန်းမီးပွိုင့်အနီး နံနက် ၈နာရီခွဲအချိန်ခန့်က အဓိပတိယာဉ်နောက်လိုက်နှင့် သတင်းထောက် ကိုဟိန်းဇော်တို့ အချင်းများကြရာတွင် အဓိပတိယာဉ်နောက်လိုက်က “မင်းတို့သတင်းထောက်တွေက ကား တွေကို ဓာတ်ပုံရိုက်ချင်တိုင်းရိုက်၊ ပြီးရင် ရေးချင်တာရေးတဲ့အကောင်တွေ”ဟုပြောဆိုပြီး ၎င်း၏ကားပေါ်မှ သတင်းထောက် ကိုဟိန်းဇော်အား ဆဲဆိုနေသည်ကို မဆဲဆိုရန် ကိုဟိန်းဇော်က ပြောကြားခြင်းအား ၎င်းမှ မကျေနပ်သဖြင့် ကားပေါ်ရှိ ချိုင့်ထောက်သံပိုက်လုံးဖြင့် ဆင်းလာကာ ကိုဟိန်းဇော်၏ရင်ဘတ်အား ထောက်၍ ရိုက်ရန်ပြင်ခဲ့ပြီး အနီးနားရှိသူများမှ ၀ိုင်းဆွဲရာမှ ပြီးသွားကြောင်း အချင်းဖြစ်ပွားရာနေရာမှသိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ပါရမီသယ်ယူပို့ဆောင်ရေးဌာန အား မေးမြန်းသော်လည်း ၎င်းတို့အနေနှင့် ညှိနှိုင်းဆွေးနွေးဆဲ သာရှိသေးကြောင်း၊ယင်းကိစ္စအား မည်သို့လုပ်ဆောင်ပေးမည်ဟု ယခုအချိန်ထိ မဆုံးဖြတ်ရ သေးကြောင်း ပါရမီသယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယင်းဖြစ်စဉ်ကို ကမာရွတ်ရဲစန်းမှ ရဲတစ်ဦးအပါအ၀င် သတင်းထောက်ကိုဟိန်းဇော်အား ရန်ကုန် ဆေးရုံကြီးသို့သွားရောက်ဆေးစစ်ခဲ့ပြီး၊ ကမာရွတ်ရဲစခန်းမှ အမှုအမှတ်စဉ် ၅၃၉/၂၀၁၃ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားစေခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှသိရသည်။
သတင်းေ၇းသူ-ဇော်မျိုး
တည်းဖြတ်သူ-နီတိုး
People power
နို့တိုက်မိခင်များကို ဗြိတိန် အစိုးရက ထောက်ပံ့မည်
မွေးကင်းစ ကလေးငယ်တွေကို မိခင်နို. တိုက်ကျွေးဖို. အားပေးတဲ့ အနေနဲ. ကလေး မီးဖွားပြီးချိန်မှာ ကိုယ်တိုင် နို.ချို တိုက်ကျွေးတဲ့ မိခင်တိုင်းကို ဗြိတိန်အစိုးရက ပေါင် ၂၀၀ တန် ဈေးဝယ်ဘောက်ချာတွေ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
အင်္ဂလန် အစိုးရနဲ. ဆေးသုတေသန ဌာနတို. ပူးပေါင်းလုပ်ဆောင်တဲ့ ဒီအစီအစဉ်ကို Yorkshire တောင်ပိုင်းနဲ. Derbyshire ဒေသတွေမှာ စတင်ဖို. စီစဉ်ထားပြီး တတိယမြောက် ဒေသတစ်ခုမှာ မကြာမီ ထပ်မံ လုပ်ဆောင်နိုင်ဖို. မျှော်မှန်းထားပါတယ်။
ဒီဒေသတွေမှာ အစီအစဉ် အောင်မြင်ခဲ့ရင် နောက်နှစ်မှာ ဒီအစီအစဉ်ကို အင်္ဂလန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ. တိုးချဲ. လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ယခု အစီအစဉ်ကို မိခင်နို. တိုက်ကျွေးမှု ရာခိုင်နှုန်း နည်းပါးတဲ့ ဒေသတွေမှာ ပစ်မှတ်ထား စတင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အင်္ဂလန် တစ်နိုင်ငံလုံးမှာ မိခင်တွေရဲ. ထက်ဝက်ကသာ မိခင်နို. တိုက်ကျွေးတယ်လို. သိရပြီး အထက်ပါ ဒေသတွေမှာတော့ မိခင် လေးဦးမှာ တစ်ဦးကသာ မိမိကလေးကို ကိုယ်တိုင် နို.ချိုတိုက်ကျွေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် မိမိမွေးထုတ်လိုက်တဲ့ ကလေးကို မိခင်နို. ကိုယ်တိုင် တိုက်ကျွေးဖို. ယခုလို ငွေကြေးနဲ. ဆွဲဆောင်တာဟာ မသင့်တော်ဘဲ ကလေးရဲ. ကျန်းမာရေးနဲ. အခြား အကျိုးရလဒ်တွေအတွက် မိခင်ကိုယ်တိုင်က လိုလိုလားလားနဲ. လုပ်ဆောင်တာမျိုးပဲ ဖြစ်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလဲ ရှိနေပါတယ်။
ဗြိတိန်ကျန်းမာရေး ဌာန အနေနဲ. ဒီလိုမျိုး ငွေကြေးထောက်ပံ့မှုနဲ. ဆွဲဆောင်မှုတွေ ပြုလုပ်တာဟာ ဒါ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ယခင်က ကိုယ်အလေးချိန် လျှော့ချရေးနဲ. ဆေးလိပ်တိုက်ဖျက်ရေးတွေမှာ ဒီနည်းကို သုံးစွဲအောင်မြင်ခဲ့ဖူးပါတယ်။
BBC Burmese
၂၀၁၅ မှာ ရေနံအထွက်များဆုံးနိုင်ငံ အမေရိကန်ဖြစ်မည်
လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတွေကို ကျော်တက်ပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ IEA နိုင်ငံတကာစွမ်းအင်အေဂျင်စီက ကြေညာပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဆယ်စုနှစ် နှစ်ခုအတွင်းမှာပဲ စွမ်းအင်အရ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာပြီလို့လည်း IEA က ပြောပါတယ်။
လာမယ့် ၁၀ နှစ်ကျရင် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာ ရေနံတူးဖော်မှုတွေနဲ့ ရေနံထုတ်လုပ်မှု ရှေ့ရောက်လာပြီး၊ ဘရာဇီးမှာ ရေနက်ပိုင်း ရေနံတူးဖော် ထုတ်လုပ်မှုတွေကြောင့် လက်ရှိ ကမ္ဘာမှာ သြဇာကြီးတဲ့ အရှေ့အလယ်ပိုင်း အများစုပါဝင်တဲ့ OPE ရေနံတင်ပို့မှု နိုင်ငံများအသင်းရဲ့ အခန်းကဏ္ဍကို လျော့ကျလာစေလိမ့်မယ်လို့ IEA က ပြောပါတယ်။
ဒါပေမဲ့လည်း ၂၀၂၀ ခုနှစ်များ အလယ်ပိုင်း ကာလကျရင်တော့ အမေရိကန်အနေနဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှု ထိပ်ဆုံးနိုင်ငံအဖြစ်ကနေ ပြန်လျော့ကျသွားမယ်လို့ ပဲရစ်အခြစိုက်တဲ့ IEA အဖွဲ့က ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းက Dakota နဲ့ Texas ပြည်နယ်တွေမှာ လက်ရှိ ထုတ်ယူသုံးစွဲနေတဲ့ ရေနံအရင်းအမြစ်တွေ လျော့ပါးလာတဲ့ အခြေအနေကို ထောက်ပြထားတာပါ။
အဲဒီအချိန်ကျရင်တော့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေဟာ ကမ္ဘာ့ရေနံဈေးကွက်မှာ ပိုပြီး တင်ပို့လာမယ်လို့ IEA က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ စွမ်းအင်လိုအပ်ချက်ကို ၂၀၃၅ ခုနှစ်ကျရင် ပြည်တွင်းအရင်းအမြစ်ကိုပဲ မှီခိုသုံးစွဲမယ်ဆိုတဲ့ ရည်မှန်းမှုကို တဖြေးဖြေးနဲ့ သွားနေတယ်လို့ နှစ်စဉ်ထုတ်ပြန်ကြ ကမ္ဘာ့စွမ်းအင်အခြေအနေ ဆန်းစစ်ချက် IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စွမ်းအင်ပိုင်းမှာ ကိုယ်ပိုင်ရပ်တည်နိုင်ရေးဟာ အတော်ကြာကတည်းကရှိခဲ့တဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ လက်ရှိ ကမ္ဘာမှာတော့ စီးပွားရေး တိုးတက်လာတဲ့ နိုင်ငံတွေကြောင့် စွမ်းအင်လိုအပ်ချက် ပိုများလာမယ်လို့ IEA က ခန့်မှန်းပါတယ်။
လာမယ့် ၂၀၃၀ လောက်ကျရင်တော့ တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာမှာ ရေနံ အသုံးအများဆုံး နိုင်ငံဖြစ်လာမယ်လို့လည်း ဆိုပါတယ်။
VOA
မြန်မာဆီးဂိမ်းတင်ဆက်မှု အင်ဒိုဆီးဂိမ်းထက်သာမည်ဟု တာဝန်ရှိသူများ အာမခံထား
ဟိန်းထက်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအတွက် ကြိုတင် သရုပ်ဖော်လေ့ကျင့်မှုများကို နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိဘောလုံး ကွင်းအတွင်း စတင်လေ့ကျင့်မှုများ ပြုလုပ်နေပြီးနောက် အင်ဒိုဆီးဂိမ်းထက်ပို၍ကောင်းမွန်သည့် တင် ဆက်မှုကို မြင်တွေ့ရမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက အာမခံပြောဆို လိုက်သည်။
“ကျွန်တော်တို့ ဆီးဂိမ်းကို အင်ဒိုဆီးဂိမ်းထက်သာမလားလို့ မီဒီယာတွေက အမြဲမေးတယ် “သာမှာပါ” အခုဆိုရင် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ လုပ်ထားတဲ့စင်တွေ LED မီးဘုတ်တွေ အားလုံးသူတို့ထက်သာပါတယ်။ ဖျော်ဖြေရေး သရုပ်ပြအပိုင်းမှာလည်း အားလုံးအဆင်ပြေပါတယ်။ ကြိုးတွေ နဲ့ အပေါ်ကနေ “က” မယ့်ကလေးတွေလည်း လေ့ကျင့်မှုတွေလည်းအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ အင်ဒိုဆီးဂိမ်းထက်သာရမယ်လို့ ကျွန်တော်အာမခံရဲပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် တရုတ်နိုင်ငံမှ နည်းပညာအကူအညီများရယူ ထားသော်လည်း မြန်မာ့နည်းမြန်မာ့ဟန်ကို ပေါ်လွင်အောင် တင်ဆက်သွားမည်ဟုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
“မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ တရုတ်က နည်းပညာအကူအညီပဲယူ ထားတာပါ။ အစီအစဉ်တွေအားလုံးကို တစ်ခုချင်းစီလေ့ကျင့်သွားမှာပါ သူ့အပိုင်းနဲ့သူပေါ့။ အကသရုပ် ဖော်တာတွေနဲ့ ကျန်တာတွေအားလုံးကို မြန်မာမှုမြန်မာ့ဟန်နဲ့ ပေါ်လွင်အောင် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အစမ်းလေ့ကျင့်မှု အခမ်းအနားတွင် ကလေးငယ် ၈၀၀၀ ကျော်တို့က ပါဝင်သရုပ်ဖော် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကျောင်းသား/သူ လူငယ်များ ပါဝင်သရုပ်ပြဖျော် ဖြေခဲ့ကြသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင် ကျင်း ပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိဘောလုံးကွင်း တွင် ပြုလုပ်ကျင်းပမည် ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Mizzima - News in Burmese
ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေ
ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားမှုကို တွေ့ရစဉ်
ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ တောင်းဆိုထားခဲ့သော နှစ်နိုင်ငံအတွင်း ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ နှစ်ပတ်ကြာ လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံ၏ သဘောတူညီမှု ရရှိခဲ့ပြီး လက်ရှိတွင် ညှိနှိုင်းဆဲသာဖြစ်ကြောင်း ထိုင်းနိုင်ငံသံရုံးက မကြာသေးမီက ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံဘက်က ယင်းကိစ္စကို ဆောင်ရွက်နေသည့် နိုင်ငံခြားရေးရာ ကောင်စစ်ရုံး၏ တာဝန်ရှိသူ ပြောကြားချက်အရမူ ဆီးဂိမ်းစ်အမီ လက်မှတ်ရေးထိုး နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုဝင်ဘာ ၁၂ ရက်က ပြောကြားသည်။
"ကျွန်မတို့ အနေနဲ့က ထိုင်းသံရုံးက ထုတ်ပြန်တဲ့အတိုင်း ညှိနှိုင်းမှု ပြုလုပ်နေဆဲပါပဲ။ ဒါပေမဲ့ ဆီးဂိမ်းစ်အမီ လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် နေပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှသာ အသက်ဝင်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးပြီး အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသေးစိတ် တရားဝင် ကြေညာချက် ထုတ်ပြန်သွားမည်ဟု သိရသည်။
ယင်းအပြင် ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဒီဇင်ဘာတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က မြန်မာ-ထိုင်းနယ်စပ် ဖြတ်ကျော်ဒေသဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-စူနာရွန်တို့ထိကို မြန်မာနိုင်ငံဘက်မှ ကရင်ပြည်နယ်အထိ ခွင့်ပြုပေးသွားမည် ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံ ဘက်ကလည်း လက်ရှိထိ ပိုမိုဖြတ်သန်းနိုင်ရန် စီစဉ်မှုများ ပြုလုပ်နေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှ သိရသည်။
Eleven Media Group
နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများ
ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါ သူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။
လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိရာမှ ယခုနှစ်တွင် ကျယ်ဆယ်သိန်းခန့်အထိ ရှိနေပါပြီ။
“ဈေးကောင်းရပြီဆိုပြီး ရောင်းလိုက်တာ။ အခုနွားဈေးက အရမ်းကြီးနေတော့ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တော့ဘူး”ဟု ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ကျေးရွာမှ တောင်သူဒေါ်စန်းဌေးက အားလျှော့သောလေသံဖြင့် ပြောသည်။
အိမ်နီးချင်းတရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် နွားများကို ၂ နှစ်အတွင်း နည်းလမ်းမျိုးစုံဖြင့် အဆမတန်ဝယ်ယူနေမှုကြောင့် ယခုကဲ့သို့ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နွားကိုအဓိကထား၍ လုပ်ကိုင်ကြရသော တောင်သူလယ်သမားများအနေဖြင့် ခိုင်းနွားရှားပါးမှု ကြုံတွေ့နေရပြီး ၀ယ်ယူစားသုံးသူများမှာလည်း အမဲသားဈေးနှုန်း မြင့်တက်မှုကို ခံစားနေရပြီဖြစ်သည်။
တရုတ်နဂါးကြီးဆီသို့ နွားမှောင်ခို အဓိကတင်ပို့သောနေရာဖြစ်သည့် ရှမ်းပြည်နယ်နှင့် ခိုင်းနွားအများဆုံးထွက်ရှိသော မြန်မာပြည်အလယ်ပိုင်းဒေသများမှာ ယခုအခါ ခိုင်းနွားရှားပါးမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရသော နေရာများဖြစ်သည်။
နွားအကောင်ရေ ပိုလျှံနေသောကြောင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ပါ ပြန်လည်ရောင်းချနေရသော မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှာ လက်ရှိအချိန်တွင် နွားရှားပါးမှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
“ဒီဘက်မှာ ရောင်းစရာနွားလည်း မကျန်တော့ဘူး။ လယ်ထွန်ဖို့လည်း နွားတွေမရှိတော့ဘူး”ဟု တရုတ်ပြည်သို့ တရားမ၀င် နွားများတင်ပို့နေသော နေရာတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ နွားတင်ပို့နေမှုကို နေ့စဉ်မြင်တွေ့နေရသူ ဒေသခံတောင်သူဦးညွန့်ဝေက နိုဝင်ဘာ ၇ ရက်တွင် ပြောပါသည်။ ထို့ကြောင့် ဦးညွန့်ဝေတို့ဒေသတွင် နွားဈေးကြီးလွန်းနေပြီး ခိုင်းနွားလည်း ရှားပါးလွန်းကာ ၀ယ်နိုင်သောသူလည်း မရှိသလောက်ပင်။ သူလည်း ကျွဲတစ်ကောင်နှင့်သာ ထွန်ယက်စိုက်ပျိုးနေရသည်။
ခိုင်းနွားရှားပါးသောကြောင့် လယ်ထွန်စက်များဖြင့် ထွန်ယက်စိုက်ပျိုးလျှင် သီးနှံထွက်နှုန်းမှာ နွားများဖြင့် ထွန်ယက်စိုက်ပျိုးသလောက် သီးနှံအထွက်တိုးမှုမကောင်းကြောင်း ရှမ်းပြည်မြောက်ပိုင်း တောင်ယာလုပ်ကိုင်သူများကဆိုသည်။
လယ်ထွန်စက်ဖြင့် ထွန်ယက်သောအခါ နွားနှင့်ထွန်ယက်သလောက် ထယ်ရေးမကြေပဲ၊ သီးနှံအထွက်ပိုနည်းပြီး နွားဖြင့်ထွန်ယက်မှုသည် လိုချင်သလို ထွန်ယက်စိုက်ပျိုးနိုင်သောကြောင့် သီးနှံပိုထွက်သည်ဟု နောင်ချိုမြို့နယ်ရှိ တောင်သူများကတော့ဆိုသည်။
ငါးရက်တစ်ကြိမ်ပြုလုပ်လေ့ရှိသော အညာဒေသနှင့် ရှမ်းပြည်နယ်ရှိ ဒေသတွင်းနွားပွဲဈေးများတွင် ရောင်းချလျှင် ရရှိနိုင်သောဈေးနှုန်းနှင့် တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့လျှင်ရမည့် အမြတ်အစွန်းက နွားဝယ်ရောင်းလုပ်သူကုန်သည်များအတွက် မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့်အချက်ကို စဉ်းစားစရာမလိုတော့ပေ။
နွားပွဲစားဈေးများမှ နွားများကို နွားပွဲစားများမှတစ်ဆင့် အဓိက၀ယ်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တို့တွင် စုရပ်ထားရှိသည်။ ထို့နောက် နွားများကို လူဖြင့်ဆွဲ၍သော်လည်းကောင်း၊ ၁၂ ဘီးကားများဖြင့် တင်၍သော်လည်းကောင်း တရုတ်ပြည်သို့ နေ့စဉ်တရားမ၀င်တင်ပို့လျက်ရှိသည်။ ၁၂ ဘီးကားတစ်စီးလျှင် နွားအကောင်ရေ ၂၂ ကောင်ထည့်ကာ တင်ပို့နေခြင်းဖြစ်သည်။ နွားများကို လူဖြင့်ဆွဲပြီး ကုန်းကြောင်းဖြင့်သွားလျှင် လူတစ်ယောက်ကို နွားနှစ်ကောင်ဆွဲ၍သွားကြောင်း ဆမ္မဆယ်ဒေသခံများကပြောသည်။
ယခုဆောင်းပါးရေးရန်အတွက် နောင်ချိုမြို့နယ်သို့ နိုဝင်ဘာ ၇ ရက်က သွားစဉ်အခါမှာပင် တရုတ်ပြည်သို့တင်ပို့ရန် ဆမ္မဆယ်ကျေးရွာ လယ်ကွင်းများတွင်ထားသော တင်ဆောင်မည့်နွားများနှင့် အဆိုပါ ၁၂ ဘီးကား ၁၀ စီးဝန်းကျင်ကို နောင်ချိုလမ်းခွဲ၌ ရပ်နားထားသည်ကို တွေ့မြင်ခဲ့ရသည်။
အမှန်တော့ ကျွဲ၊ နွား၊ ဆိတ် အကောင်လိုက်သာမက အေးခဲအမဲသားကိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ပိတ်ပင်ထားပြီး အကောက်ခွန်ဥပဒေအရသာမက အရေးကြီးပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်ပါ တားမြစ်ထားသည်။ သို့သော် တရုတ်သို့ တရားမ၀င်တင်ပို့နေသော နွားစီးကြောင်းကြီးက မြင်သာလွန်းလှသည်။ တရားမ၀င်တင်ပို့သောကြောင့် တိုင်းပြည်အတွက် အခွန်အခမရဘဲ လမ်းကြောင်းတစ်လျှောက်ရှိ အစိုးရ၀န်ထမ်းအချို့သာ လာဘ်လာဘရကာ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးနေသည်။
လက်ရှိအချိန်တွင် နောင်ချိုမှ ငါးရက်လျှင် နွားအကောင်ရေ တစ်ထောင်ခန့်နှင့် အောင်ပန်းမှ ငါးရက်လျှင် နွားအကောင်ရေ သုံးထောင်ဝန်းကျင် တင်ပို့နေပြီး ထိုစုရပ်နှစ်ခုမှ ပျမ်းမျှတစ်ရက်လျှင် တရားမ၀င်နွားတင်ပို့မှုမှာ အကောင်ရေရှစ်ရာခန့်ရှိနေသည်။ တရုတ်နိုင်ငံသို့ နွားတင်ပို့မှုများသည် လွန်ခဲ့သော ၁၀ နှစ် ၀န်းကျင်ကတည်းက ပို့ဆောင်နေသော်လည်း ယခု ၂ နှစ်အတွင်းမှ ပိုများလာခြင်းဖြစ်သည်။
ယခုအကောင်ရေနှုန်းဖြင့် ဆက်လက်တင်ပို့နေပါက မြန်မာနိုင်ငံတွင် လာမည့်တစ်နှစ်၊ ၂ နှစ်အတွင်း ခိုင်းနွားရှားပါးလွန်းပြီး လယ်ယာလုပ်ငန်းခွင် အခက်တွေ့မည်ဖြစ်သလို အမဲသားဈေး ခေါင်ခိုက်မည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု နွားပွဲဈေးများတွင် လုပ်ကိုင်နေသော နွားပွဲစားများက တညီတညွတ်တည်းပြောသည်။
ယခုအတိုင်း ဆက်လက်တင်ပို့နေမည်ဆိုပါက နောက် ၂ နှစ်အကြာတွင် နွားများမှာ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သယံဇာတကဲ့သို့ ရှားပါးနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးကသုံးသပ်သည်။
နွားဈေးကောင်းရရှိနေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အချို့ဒေသများတွင် မရောင်းချဘဲ ငယ်မွေးခြံပေါက်နွားများကိုသာ အားကိုးအားထားပြု၍ လုပ်ကိုင်နေကြသူများလည်း ရှိနေဆဲပါ။
“နွားရောင်းမယ်လို့ပြောရင် နှစ်ရက်မကြာဘူး။ ဘယ်တွေကမှန်းမသိဘူး။ လာဝယ်ကြတယ်။ ဒီဘက်မှာတော့ သိပ်မရောင်းဘူး”ဟု မကွေးတိုင်း၊ နတ်မောက်ဒေသခံ တောင်သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းမှ နွားများမှာ မွေးမြူရေးနွားမဟုတ်ဘဲ သဘာဝအစားအစာများဖြစ်သည့် မြက်၊ နွားစာများကိုစားသုံးပြီး အရသာအလွန်ကောင်းမွန်သောကြောင့် တရုတ်လူမျိုးများက အထူးကြိုက်နှစ်သက်ကြောင်း နွားတင်ပို့နေသူများကဆိုသည်။
မြန်မာနွားများသည် လျှာနာ၊ ခွာနာရောဂါဖြစ်တတ်သောကြောင့် တရုတ်အစိုးရက မြန်မာပြည်မှနွားများကို တရုတ်နိုင်ငံသို့ နွားအကောင်လိုက်တင်ပို့ခွင့် လုံးဝပိတ်ပင်ထားသည်။ ထို့ကြောင့်
မြန်မာနိုင်ငံမှ ခိုးသွင်းလာသောနွားများကို မူဆယ်မြို့အနီးတစ်ဝိုက်တွင် သတ်ဖြတ်ပြီး ကယ်ရီလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကျယ်ခေါင်မြို့တွင် နေထိုင်သော မြန်မာတစ်ဦးကပြောသည်။
“တရုတ်မှာ အမဲသားဈေးကောင်းလို့ ဆက်တိုက်ပို့နေတာ။ သိပ်မကိုက်ရင်လည်း အဆင်ပြေမယ့်မြို့တွေကို ပို့နေတာလို့ကြားတယ်”ဟု ၎င်းကဆိုသည်။
တရုတ်သို့ တရားမ၀င် ကောင်ရေများစွာတင်ပို့သော နွားစီးကြောင်းကြောင့် သက်ရောက်မှုကတော့ ဈေးတိုင်း၊ အိမ်တိုင်းလိုလိုသို့ ရောက်နေသည်။ ယခင်ကာလ ပြည်တွင်းဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် လေးထောင်ကျပ်ဈေးသာရှိသော်လည်း ယခုအချိန်တွင် အမဲသားတစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဈေးထိ ပေးဝယ်ယူနေရသည်။ ယခင်က အောက်ခြေလူတန်းစားများမှာ အသားဟင်းစားလျှင် ဈေးချိုသောအမဲသားကို စားကြသော်လည်း ယခုအချိန်တွင် တစ်ပိဿာလျှင် ကျပ်လေးငါးထောင်သာပေးရသော ကြက်သားနှင့်ဝက်သားကို ပြောင်းလဲစားသုံးနေကြပြီဖြစ်သည်။
“အမဲသားပေါတဲ့ဒီနေရာမှာတောင် အမဲသားကိုမစားနိုင်ကြတော့ဘူး”ဟု ပုဂံညောင်ဦးမြို့နယ် မိုးနတ်ကုန်းကျေးရွာမှ အိမ်ရှင်မတစ်ဦးဖြစ်သူ မကြည်ကြည်ဝင်းကပြောသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ခိုင်းနွားများမပြုန်းတီးရေးအတွက် သားသတ်လိုင်စင်(စီ)စနစ်ကို ဖျက်သိမ်း၍ သင့်လျော်သည့်စနစ်တစ်ခုဖြင့် အစားထိုးရန် ဆောင်ရွက်နေသည်ဟုဆိုပါသည်။
၂၀၁၀ မေလ ၁၂ ရက်တွင် ကုမ္ပဏီနှစ်ခုကို မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် နွားနှင့်ဆိတ်များ တရားဝင်တင်ပို့ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာက ပြန်လည်တားမြစ်ခဲ့သည်။
နယ်ကျော်နွားများဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဆိုသော်လည်း ဒေသလိုအပ်ချက်ကြောင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ပါမစ်ဖြင့် နယ်ကျော်နွားတင်ပို့လျှင် ရနိုင်သည်။ ဥပမာအားဖြင့် မကွေးတိုင်း နတ်မောက်မြို့ လေးအိမ်နွားပွဲဈေးမှ နွားများကို လိုအပ်ချက်ကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာနွားပွဲဈေးသို့ တင်ပို့ခွင့်ပြုရသည်ဟု လေးအိမ်နွားပွဲဈေးမှ ဦးမန်းကပြောပြသည်။
“အဓိကပို့တာက နွားပွဲဈေးတစ်ခုကနေတစ်ခု ကြားခံပြီး ပို့နေကြတာ။ အချို့ကလည်း ခွင့်ပြုမိန့်ပါမစ်နဲ့၊ တချို့ကလည်း လမ်းကြောင်းရှင်းပြီး တရုတ်ကိုပို့ကြတာ။ ကျွန်တော့်ကို ပါမစ်တစ်ခုပဲ ထုတ်ပေး၊ တစ်ခေါက်သယ်လို့ရတာကို သုံးလေးခေါက်ရအောင်သယ်ပေးမယ်”ဟု မိတ္ထီလာမြို့ ဒေသခံဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်တာ သားသတ်လိုင်စင်(စီ) လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကပြောသည်။
ယခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလလယ်ထိ တရားမ၀င်နွားတင်ပို့မှု ၃၀၀ ကျော်တွင် နွားအကောင် ၄၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
“ခိုင်းနွားရှားလို့ လုံးဝခွင့်မပြုထားပါဘူး။ ပြည်နယ်အစိုးရကလည်း ဖွင့်ပေးပိုင်ခွင့်မရှိပါဘူး။ အခုလောလောဆယ် တိရစ္ဆာန်အကောင်ကို ဘယ်နိုင်ငံမှ တင်ပို့ခွင့်လုပ်တာမရှိသေးပါဘူး”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးဦးလှထွန်းကဆိုပါသည်။
မှောင်ခိုတင်ပို့မှုများကြောင့် ဒေသတွင်း ခိုင်းနွားရှားပါးမှုကြုံတွေ့လာရပြီး သက်ဆိုင်ရာအနေဖြင့် အထိုင်အဖွဲ့၊ ရွေ့လျားအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးဖမ်းဆီးနေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နွားတင်ပို့မှုစုရပ်ဖြစ်သော နောင်ချိုမြို့သို့ အလယ်ပိုင်းဒေသမှ ကျောက်မြောင်း-လက်ပံလှ-နောင်ချို၊ မြင်းမူ-မြောင်-နွားထိုးကြီး-မြင်းခြံ-နောင်ချို၊ မန္တလေး-မေမြို့-နောင်ချို စသည့်လမ်းကြောင်းများရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ သာစည်၊ ရမည်းသင်း၊ ဘုရားငါးဆူ၊ အောင်ပန်းစသော နွားတင်ပို့သည့်လမ်းကြောင်းရှိသည်ဟု နွားပွဲစားအများစုကဆိုသည်။
ထို့အပြင် တရုတ်နှင့်ထိစပ်လျက်ရှိသော ကချင်နယ်တွင်လည်း မြစ်ကြီးနား-ဗန်းမော်-လိုင်ဇာလမ်းကြောင်းမှတစ်ဆင့် တစ်ရက်လျှင် နွားအကောင်ရေ ၇၀ ခန့် တရားမ၀င်တင်ပို့နေသည်။
“နွားတွေမြင်တွေ့နေရတာ စိတ်မကောင်းဘူး။ ဖမ်းလည်းခဏပဲ ။နောက်နေ့ပြန်ပြီးတင်ပို့နေတာပဲ။ ဖမ်းတုန်းတော့ ခဏရှောင်နေကြတာ။ နောင်ချိုက အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မတားဆီးကြဘူး”ဟု ဦးညွန့်ဝေကပြောသည်။
ခိုင်းနွားပေါများရာဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် အသင့်အတင့်ရှိသော ခိုင်းနွားတစ်ကောင်လျှင် အများဆုံးကျပ်ဆယ်သိန်းထိရှိသော်လည်း တရုတ်သို့တင်ပို့လျှင် ကျပ်ဆယ့်ငါးသိန်းခန့်ထိ ရရှိနေကြောင်း နွားပွဲစားများကပြောသည်။ တရားမ၀င်နွားတင်ပို့ရာတွင် စတင်ဝယ်ရသောနေရာမှ တရုတ်နယ်စပ်အရောက် နွားတစ်ကောင်လျှင် လမ်းတစ်လျှောက် ဖြတ်သန်းခလိုင်းကြေး တစ်သိန်းနီးပါးပေးရသည်ဟု နွားကုန်သည်များကဆိုသည်။
တရားမ၀င်နွားသယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်မှ အာဏာပိုင်များ၊ စည်ပင်၊ ထောက်လှမ်းရေး၊ အကောက်ခွန်နှင့် ဖြတ်သန်းရာဒေသများတွင် နွားများထားရှိရန်အတွက် ဒေသခံများအား အခကြေးငွေပေးရသည်ဟု နွားကုန်သည်အချို့ကပြောသည်။
“ဒီနေရာမှာ ဈေးချိုရင် ဒီနေရာကိုလာဝယ်တယ်။ နွားပွဲဈေးတစ်ခုမှာ တောင်သူအစစ်အမှန် လာဝယ်တယ်ဆိုတာ လေးငါးဦးထက်မပိုဘူး။ တောင်သူက ဒီဈေးနှုန်းကိုလည်း မတတ်နိုင်ဘူး”ဟု နှစ်နှစ်ဆယ်ကြာ နွားပွဲစားပြုလုပ်လာသူတစ်ဦးဖြစ်သူ မိတ္ထီလာမြို့မှ ဦးမြင့်အောင်ကပြောသည်။
တောင်သူများမှာ ခိုင်းနွားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးလာပြီး ယခင်က နွားထွန်ရှဉ်းနှစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် တစ်ရှဉ်းသာရှိတော့သလို ယခင်က နွားထွန်ရှဉ်းတစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် နွားမများဖြင့် ထွန်ယက်စိုက်ပျိုးနေသူများလည်းရှိသည်။ လယ်ထွန်စက်တစ်စီးလျှင် ၁၆ သိန်းနီးပါးရှိနေသောကြောင့် တောင်ယာလုပ်ငန်းလုပ်ရန် ခိုင်းနွားရှားပါးလာသော ဒေသများရှိ တောင်သူများသည် ခိုင်းနွားထွန်ရှဉ်းရှိသောအိမ်၏ အငှားနွားထွန်ရှဉ်းများကိုသာ အသုံးပြုကြသည်။
“ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို ထွက်တာသာလွယ်တာ။ ကုန်သွားလို့ သူများနိုင်ငံကပြန်သွင်းရင် မလွယ်တော့ဘူး”ဟု မိတ္ထီလာမြို့မှ နွားပွဲစားလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်သိန်းကပြောသည်။
နွားတစ်ရှဉ်းထောင်ဖို့စိတ်ကူးက ဒေါ်စန်းဌေးတွင်ရှိနေဆဲ။ ထို့ကြောင့် နွားဈေးပြန်ကျလာမည့် မရေရာသောအချိန်ကာလတစ်ခုကို ဒေါ်စန်းဌေးတစ်ယောက် မျှော်လင့်နေသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
7Day News Journal
ရေးသားသူ- ငြိမ်းချမ်း၊ ရဲနောင်၊ မောင်တာ
တော်လှန်ရေးရဲဘော်ကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲ
နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို ရဲရဲဝံ့ဝံ့တော်လှန်တိုက်ပွဲဝင်ခဲ့သည့် တို့ဗမာအစည်းအရုံးဝင် တော်လှန်ရေးရဲဘော်ဟောင်း သခင်တစ်ဦး တံတားပေါ်တွင် တောင်းရမ်းစားသောက်နေရသည့်သတင်းက လူအများ၏စိတ်ကို ရိုက်ခတ်အံ့အားသင့်စေခဲ့သည်။
သည်အဖြစ်အပျက်က အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည်။
အသက်(၉၁)နှစ်အရွယ် အဘိုးအို သခင်လှကြိုင်တစ်ယောက် ပဲခူးတံတားပေါ်တွင် တစ်နှစ်ခွဲခန့် တောင်းရမ်းစားသောက်ခဲ့ရပါသည်။ သူ့အတွက် လောကဓံ၏ရိုက်ခတ်မှုကို အခံရဆုံးသော နေ့ရက်များ ဖြစ်ခဲ့ပါလိမ့်မည်။
ယခုတော့ ပဲခူးမြို့ခံတစ်ဦးက သူ့ကိုဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်သို့ တင်ဆက်ခဲ့ရာမှ အစပြု၍ လူအများသိရှိသွားခဲ့ပြီး လူမသိသူမသိ နွမ်းပါးဆင်းရဲနေရှာသည့် တော်လှန်ရေးတပ်သားဟောင်းကြီး လူမြင်ကွင်းသို့ ပေါ်ထွက်လာပါပြီ။
“စားစရာမှမရှိတာ”ဟု တောင်းရမ်းစားသောက်သည့်ဘ၀မှ လွတ်မြောက်လာသည့် နှစ်ရက်မြောက်နေ့တွင် သူတောင်းရမ်းခဲ့ရသည့် အကြောင်းရင်းကို သခင်လှကြိုင်က ခပ်တိုတိုပင် ပြောပါသည်။
နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက သခင်လှကြိုင်တစ်ယောက် အသစ်စက်စက် စတစ်ကော်လာအဖြူရောင်လေးနှင့် အပြာရောင်ပုဆိုးသစ်ကို ခါးပတ်ဖြင့် ၀တ်ဆင်လျက် ၀ါးခင်းကြမ်းပြင်တွင် ထိုင်နေသည်။ ဘေးတွင် ရေသန့်ဘူးတစ်ကတ်ကို ချထားပြီး လာရောက်သည့်ဧည့်သည်များကို ကမ်းပေးလျက်ရှိသည်။
ပဲခူးမြို့ အိုးလေးစုရပ်ကွက်၊ ဗွက်ပေါက်နေသည့် ရွှေစေတီလမ်းသွယ်လေးအတွင်းရှိ ခြေတံရှည်အိမ်လေးပေါ်တွင် သခင်လှကြိုင် နေထိုင်သည်။ သစ်တိုင်အနည်းငယ်ဖြင့် ဖရိုဖရဲတည်ဆောက်ထားသည့် အိမ်လေးက လေတိုက်လျှင်ပင် လဲပြိုတော့မယောင်။ အိမ်ပေါ်တက်သည့်လှေကားက ခနော်ခနဲ့။ ၀ါးပြားများခင်းထားသည့် ကြမ်းခင်းက တကျိကျိမြည်နေသည်။ ခေါင်ကိုမိုးထားသည့် ထန်းလက်ရွက်များက ပေါက်ပြဲနေပြီး ၀ါးထရံက ဟိုတစ်ကွက်ဒီတစ်ကွက် ပေါက်ပြဲနေ၏။ ဒါက သခင်လှကြိုင်၏ လက်ရှိနေထိုင်မှု အခင်းအကျင်းပင်ဖြစ်သည်။
သခင်လှကြိုင်ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ပြီး ဇာတာအမည်မှာ စစ်ညွန့်ဖြစ်သည်။ နောက်ပိုင်းတွင် လှကြိုင်ဟူသည့် အမည်တွင်ခဲ့သည်။ အဖ ဦးအောင်ဘွင့်၊ အမိ ဒေါ်တိုးတို့မှ မွေးဖွားသည့် သားသမီးငါးဦးအနက် အကြီးဆုံးဖြစ်သည်။
(၁၆)နှစ်သားအရွယ်တွင် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့သည်။ ထို့နောက် ဟင်္သာတမြို့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏ တပ်အတွင်းဝင်ရောက်၍ လက်နက်ကိုင်ခဲ့သည်။ တိုက်ပွဲများစွာတိုက်ခဲ့ပြီး ခြောက်နှစ်ခန့်အကြာတွင် One Line Three Star တပ်ကြပ်ကြီးအဆင့်သုံးရစ်နှင့် လစာ ၅၅ ကျပ် ရရှိခဲ့သည်။
နာမည်ကျော် ရွှေတောင်တိုက်ပွဲတွင် သခင်လှကြိုင်ပါဝင်ခဲ့ပြီး ဂျပန်တပ်များနှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့သည်။ ရွှေတောင်တိုက်ပွဲ၌ နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့သည်ဟု သူကဆိုသည်။
“လက်ပစ်ဗုံးခြောက်လုံးနဲ့ ဂျပန်ဗိုလ် ဗိုလ်မုတ်ဆိတ်က အသေခံပြီးတက်တိုက်တာ ကျသွားတယ်။ သူကျသွားတော့ ဗိုလ်ရန်နိုင် တက်တယ်”ဟု သူက ရွှေတောင်တိုက်ပွဲအတွင်း မှတ်မိသလောက်ပြောပြသည်။
နောက်ပိုင်းတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာ၌ သခင်လှကြိုင်က သာယာဝတီအနောက်ခြမ်းရှိ စံရွေး-ဖိုးခေါင်အရပ်ဒေသမှ တိုက်ပွဲဝင်ခဲ့သည်။ ဖက်ဆစ်စနစ်ကိုဆန့်ကျင်ပြီး ဂျပန်ကို မောင်းထုတ်ခဲ့ကြသည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စစ်တိုက်ခဲ့ကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သတ္တိပြခဲ့သည်။
“လူက အဲဒီတုန်းက မိုက်တာလည်းမပြောနဲ့။ ဥုံခံပြီး တုတ်ပြီး ဓားပြီးဆေးထိုးတယ်။ ရဲဘော်အချင်းချင်း စမ်းသပ်ကြတာ။ တကယ်ခုတ်ရင်ပြတ်တယ်”ဟု သခင်လှကြိုင်က ဘယ်ဘက်လက်ဖျံရှိ ဓားခုတ်ရာ အမာရွတ်ကြီးကို ထုတ်ပြသည်။ ဓားပြီးသည်ဟူသည့်ဆေးကိုထိုးပြီး တကယ်ပြီး၊ မပြီးကို ဓားကောက်ဖြင့်ခုတ်လျက် စမ်းသပ်ကြခြင်းဟုဆိုသည်။ သို့သော် တကယ်မပြီးဘဲ ဓားခုတ်ရာကြီးသာ သေရာပါခဲ့သည်။
တိုက်ပွဲများအတွင်း သခင်လှကြိုင်က ဘယ်ဘက်ခြေမျက်စိတွင် သေနတ်ဒဏ်ရာတစ်ချက်သာ ရရှိခဲ့သည်။ ဟင်္သာတခရိုင်၊ သဲဖြူကျေးရွာတွင် ကရင်ခရစ်ယာန်လက်နက်ကိုင် ကော်သူလေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ရာမှ သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။
“ကိုယ့်ဘက်က တပ်ခွဲတစ်ခွဲ လူတစ်ရာကျော်ပဲပါတယ်။ ဟိုဘက်က အင်အားပိုများတယ်။ အဘကို စတင်းဂန်းတစ်လက်ပေးတယ်။ အဘက ကာဘိုင်ပေးပါလို့ပြောပြီး ကာဘိုင်နဲ့တိုက်တယ်။ ကာဘိုင်ကကျည်ပြေးတယ်”ဟု သခင်လှကြိုင်ကပြောပြသည်။
လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် သခင်လှကြိုင်တစ်ယောက် ဗိုလ်ထွန်းလှတပ်ရင်းသို့ လက်နက်ပြန်အပ်၍ အငြိမ်းစားယူခဲ့သည်။ ထို့နောက် မော်လမြိုင်သူ ဒေါ်ဝက်နှင့် လက်ထပ်၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ဟင်္သာတမြို့ပေါ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ဆေးဆိုးပန်းရိုက်အလုပ် လုပ်ကိုင်အခြေချခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် မေတ္တာညွန့်ရပ်ကွက် မီးလောင်သဖြင့် မြောက်ဥက္ကလာပမြို့နယ်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ပဲခူးမြို့၊ အိုးလေးစုရပ်ကွက်သို့ ပြောင်းရွှေ့၍ ဆေးဆိုးပန်းရိုက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ရာ အဆင်မပြေဖြစ်ပြီး စီးပွားပျက်ခဲ့သည်။ သမီးအငယ်ဖြစ်သူ (၅၅) နှစ်အရွယ် ဒေါ်သန်းစိန်နှင့်အတူနေထိုင်ရင်း တစ်လမ်းဝင်တစ်လမ်းထွက် ဖိနပ်ချုပ်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။
“ဖိနပ်ချုပ်မလား .. ဖိနပ်ဟောင်းတွေ ပြင်တယ်”ဟု သံစဉ်လေးဖြင့် အော်ခဲ့သည်ဟု သခင်လှကြိုင်ကပြောပြပြီး ထိုသံစဉ်ကို ပြန်ရွတ်ဆိုပြသေးသည်။
“ကိုယ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း တစ်ယောက်မှမရှိကြတော့ဘူး။ စိတ်ပျက်ပြီး ပဲခူးရောက်လာတာ။ စိတ်ပျက်တော့ ဟိုဟာလုပ်ဒီဟာလုပ်ဖြစ်သွားတာ”ဟု သူ့ဘ၀၏ အခက်ခဲဆုံးနေ့ရက်များကို ပြန်ပြောင်းပြောပြသည်။
သခင်လှကြိုင်က ဇာတ်သဘင်ဝါသနာကြီးသူဖြစ်သည်။ ထို့ကြောင့် ဗေဒါညွန့်ကပွဲသဘင်သို့ ၀င်ရောက်၍ လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့သေးသည်။ ဇာတ်မင်းသား နန်းညွန့်စိန်၊ ရွှေဘိုလွင်တို့နှင့်တွဲဖက်၍ မြန်မာပြည်အနှံ့ ဖျော်ဖြေခဲ့သည်။ မင်းသားရွှေဘိုလွင်က သူနှင့် ညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်သဖြင့် ဇာတ်ထဲလိုက်ခဲ့ရာ လူရွှင်တော်အလုပ်ရခဲ့သည်။
သမီးဖြစ်သူ ဒေါ်သန်းစိန်မှာ သွေးတိုးရောဂါဖြင့် ကျန်းမာရေးမကောင်းဘဲ ဆေးလိပ်လိပ်ခြင်း၊ ကျပန်းလုပ်ခြင်းတို့ဖြင့် ရပ်တည်ခဲ့ကြပြီး အသက်(၂၀)အရွယ် မြေးဖြစ်သူမှာ ပန်းရန်အလုပ်ကို ၀င်ရောက်လုပ်ကိုင်ရသည်။ အလုပ်က ရတစ်နေ့၊ မရတစ်နေ့ဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲလာသည်။ စားစရာမရှိသည့်နေ့ရက်များ ကြုံတွေ့လာရသည်။
ထိုအခါ သခင်လှကြိုင် အပြင်ထွက်တော့သည်။ မနက်ပိုင်းတွင် ဘေးအိမ်မှ ဆိုက်ကားဆရာကိုခေါ်ကာ ပဲခူးမြို့လယ်မှ လက်ဖက်ရည်ဆိုင်သို့ လိုက်ပို့ခိုင်းသည်။ ဆိုက်ကားဆရာ ပြန်သွားပြီးနောက်တွင် လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် အနီးရှိ ပဲခူးတံတားပေါ်သို့တက်ကာ တစ်နေရာတွင်ထိုင်လျက် အလှူခံခဲ့သည်။ ခြောက်လခန့်ကြာသည်အထိ အိမ်ကမသိ။
“မိုးလင်းရင် ထွက်သွားပြီ။ ခါတိုင်းလို ဖိနပ်သွားချုပ်တယ်လို့ထင်တာ။ ခြောက်လလောက်နေမှ သူများတွေလာပြောမှ သိတယ်။ ကျွန်မ မျက်ရည်ကျတယ်။ ငိုတယ်။ အဖေ သမီးတို့ကို အရှက်ခွဲနေတာလားဆိုပြီး။ အဲဒီမှာ အဖေက မသွားဘဲ အိမ်မှာထိုင်နေရင် ငါ လေဖြတ်မယ်။ ဆက်မလုပ်ရဘူးဆိုရင် ငါတစ်နေရာကို ထွက်သွားမယ်လို့ပြောတယ်။ နောက်တော့ လက်လျှော့လိုက်ရတယ်။ ဒါပေမဲ့ မိဘတစ်ယောက် တောင်းစားနေတာ ဘယ်သားသမီးကကြည့်နေနိုင်မှာလဲ”ဟု သမီးဖြစ်သူ ဒေါ်သန်းစိန်ကဆိုသည်။
သခင်လှကြိုင်ကလည်း သူတောင်းရမ်းစားသောက်ခဲ့ရခြင်းအပေါ် “အိမ်မှာ စားစရာမှမရှိတာ။ ကိုယ်ထွက်လုပ်မှစားရမှာ။ မြေးကလည်း အလုပ်မရှိဘူး။ ပန်းရန်လုပ်တာ ရတစ်ရက်၊ မရတစ်ရက်”ဟုသာ မှတ်ချက်ပေးသည်။
သူ့ကို အမြဲလိုက်ပို့ရသည့် အိမ်အနီးမှ ဆိုက်ကားဆရာ ကိုဇော်ဇော်ဟိန်းက “လက်ဖက်ရည် ထွက်သောက်တယ်ထင်လို့ လိုက်ပို့ပြီးထားခဲ့တာ။ နောက်ကျတော့ သားရေ.. အဘ လမ်းမလျှောက်နိုင်လို့ တံတားပေါ်လိုက်ပို့ပါဆိုတော့မှ အဘ.. ဘာလုပ်မလို့လဲဆိုတော့ သူက အဘအလှူခံတာလို့ ပြန်ပြောတယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်ကလည်း ရရစားစားတွေဆိုတော့ မကူညီနိုင်ဘူး”ဟု ပြန်ပြောပြသည်။
တော်လှန်ရေးရဲဘော်ဟောင်းကြီးသည် ဘ၀နေ၀င်ချိန်နီးလာသည်အထိ ကြုံရာအလုပ်များ လုပ်ကိုင်ခဲ့ပြီး မလုပ်ကိုင်နိုင်တော့သည့်အချိန်မှာပင် တောင်းရမ်းခြင်းဖြင့် သမီးနှင့်မြေးကို လုပ်ကျွေးခဲ့သည်။ ကျန်းမာရေးအနေနှင့် ယခုထိတိုင် ကောင်းမွန်နေဆဲဖြစ်ပြီး ဘယ်ဘက်မျက်လုံးကတော့ မမြင်ရတော့။ သို့သော် စာဖတ်၍ရသေးသည်ဟု သခင်လှကြိုင်ကဆိုသည်။
“ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အရက်မသောက်ဘူး။ ထန်းရည်တောင် မသောက်ဖူးဘူး”ဟု သူကပြောသည်။
သူ့ထံတွင် တို့ဗမာအစည်းအရုံးကပေးပို့သည့် ဂုဏ်ပြုပွဲဖိတ်ကြားလွှာတစ်စောင်ရှိသည်။ သခင်လေးမောင်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အသိအမှတ်ပြု ပေးပို့ထားခြင်းဖြစ်သည်။ မော်ကွန်းဝင်လျှောက်လွှာတင်ရန် သခင်များက ထောက်ခံထားသည့် လက်ရေးမူစာရွက်တစ်ရွက်လည်းရှိသည်။ သို့သော် သခင်လှကြိုင် မော်ကွန်းဝင်မဖြစ်ခဲ့ပါ။
“တပ်အထောက်အထားတွေအားလုံး မေတ္တာညွန့်မီးလောင်တော့ ပါသွားတယ်။ မော်ကွန်းဝင်လျှောက်မလို့။ သတင်းသွားပို့တော့ ပဲခူးမြို့စစ်မှုထမ်းဟောင်းအဖွဲ့က အဲဒီတုန်းက ဥက္ကဋ္ဌဗိုလ်ကြီးထွန်းမြင့်က လက်မခံဘူး”ဟု သူကပြောပြသည်။ ရလဒ်ကတော့ လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးရဲဘော်ကြီး လမ်းဘေးတွင် တစ်နေ့သုံးထောင်ခန့်ရအောင် တောင်းရမ်းရသည့်ဘ၀သို့ ရောက်သွားခြင်းပဲဖြစ်သည်။
“ပဲခူးသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိန်လှိုင်က ကျွန်တော့်ကိုလှမ်းပြောတာ။ ကျွန်တော်သွားမေးပြီး အွန်လိုင်းမှာတင်လိုက်တယ်။ လူတွေစိတ်ဝင်စားလာပြီး အထောက်အထားတွေ ထုတ်ပြတော့ လူသိသွားတယ်”ဟု သခင်လှကြိုင်အကြောင်းကို ဖေ့စ်ဘွတ်ခ်တွင် တင်ဆက်ခဲ့သူ ပဲခူးမြို့ခံ ကိုကြည်လင်းကပြောသည်။
အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သည့် ဦးမောင်မောင်အောင်က အလှူငွေများကောက်ခံခြင်း၊ သတင်းဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ လူအများသိရှိပြီး သခင်လှကြိုင်အတွက် ကူညီထောက်ပံ့မည့်သူများ ရုတ်ခြည်းပေါ်ထွက်လာခဲ့သည်။ သူ့အကြောင်းကို ကြားသိသူများကလည်း ကြေကွဲဝမ်းနည်းစိတ်ဖြင့် ဆုတောင်းပေးခဲ့ကြသည်။
ထိုအခါ ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ချက်ချင်းပင် သခင်လှကြိုင်ကို လိုက်လံရှာဖွေခဲ့သည်။ တွေ့လျှင်တွေ့ချင်း သခင်လှကြိုင်အတွက် စစ်မှုထမ်းဟောင်း ရဲဘော်နှစ်ဦးကို အနီးကပ်စောင့်ရှောက်ပေးခဲ့သည်။
“နိုဝင်ဘာ ၉ ရက်ကစပြီး မနက်ကနေ ည ၇ နာရီအထိ အဘဘေးမှာ ကူညီတာဝန်ထမ်းဆောင်နေပါတယ်”ဟု ကလျာနီရပ်ကွက် စစ်မှုထမ်းဟောင်း စည်းရုံးရေးမှူး ကိုနေ၀င်းကဆိုသည်။
မွေးရေ/ကျေးလက်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးအုန်းမြင့်ကိုယ်တိုင် ဆက်သွယ်၍ သခင်လှကြိုင်နှင့် ဖုန်းပြောအားပေးခဲ့သည်။ လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း ပြုလုပ်ပေးနေပြီဖြစ်သည်။
“သတင်းကြားကြားချင်း စုံစမ်းလိုက်တယ်။ အသက်လည်းကြီးနေပြီ။ စစ်မှုထမ်းဟောင်းလုပ်ခဲ့တာလည်း မှန်တဲ့အတွက် စစ်မှုထမ်းဟောင်းအဖွဲ့က တစ်လကို နှစ်သောင်းကျပ်နဲ့ ပြည်ထောင်စုဝန်ကြီးက တစ်လကို ခြောက်သောင်းကျပ် ပုံမှန်ထောက်ပံ့သွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းသော်တာကရှင်းပြသည်။
ယခုအခါ သခင်လှကြိုင် ဘ၀နေ၀င်ချိန်အထိ နေထိုင်သွားနိုင်ရန်အတွက် မြေကွက်တစ်ကွက်တွင် နေအိမ်တစ်လုံးကို ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ စင်ကာပူရောက် မြန်မာများ၊ I Love Myanmar အဖွဲ့၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ပရဟိတအဖွဲ့အစည်းများ၊ တပ်မတော်အငြိမ်းစားအရာရှိများ စသည့်အဖွဲ့အစည်းများက သွားရောက်ထောက်ပံ့လှူဒါန်းနေကြပြီဖြစ်သည်။ သခင်လှကြိုင်အတွက် အိုကံကောင်းသည်ဟု ပြောရမလိုပင်ဖြစ်သည်။ သို့သော် ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသည့် ဘ၀ကတော့ ကြမ်းလှပါသည်။
ရရှိလာသည့်အလှူငွေများကို သခင်လှကြိုင်က စားသောက်ရုံသာမက အလှူအတန်းများလည်း လုပ်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ သူနေထိုင်သည့် ခနော်ခနဲ့အိမ်လေးရှိရာ ဗွက်ပေါက်နေသည့် လမ်းလေးကိုလည်း ပြင်ဆင်လိုသည်ဟု သူကရည်မှန်းထားသည်။
သခင်လှကြိုင်အတွက် လှူဒါန်းသည့်ငွေကြေးများကို ဘဏ်တွင် သူ့အမည်ဖြင့် ငွေစာရင်းစာအုပ် ပြုလုပ်သွားမည်ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာတွင် စနစ်တကျဖြစ်စေရန်အတွက် အထက်တန်းရှေ့နေတစ်ဦး၊ ဘဏ်မန်နေဂျာတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်သည့်အဖွဲ့က ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများကို ထောက်ပံ့သည့် ထောက်ပံ့ငွေကြေးမှာ မော်ကွန်းဝင်ပထမအဆင့်တစ်ဦးလျှင် ခုနစ်ရာ့ငါးဆယ်ကျပ်၊ မော်ကွန်းဝင်ဒုတိယအဆင့်တစ်ဦးလျှင် သုံးရာခုနစ်ဆယ့်ငါးကျပ်နှုန်းဖြစ်သည်။ အဆိုပါ ငွေကြေးပမာဏမှာ ၁၉၉၃ ခုနှစ်မှ ယနေ့အထိဖြစ်သည်။
ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပင်စင်လစာများကို တိုးမြှင့်ပေးအပ်ခဲ့သော်လည်း မော်ကွန်းဝင်များအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးမှာ ယခင်အတိုင်းသာ ရှိနေဆဲဖြစ်ပါသည်။ လွတ်လပ်ရေးရရှိစေရန် ရဲရဲဝံ့ဝံ့စွန့်လွှတ်စွန့်စားခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကို မစို့မပို့ငွေကြေးသာ ထောက်ပံ့၍ လျစ်လျူရှုထားရန် မသင့်လျော်ပါ။ သခင်လှကြိုင်လို ရဲဘော်ဟောင်းကြီးများ မည်မျှကျန်သေးသလဲ မသိနိုင်ပါ။
ဓာတ်ပုံ- ဥက္ကာကိုကို
7Day News Journal
ရေးသားသူ- ဥက္ကာကိုကို
ဒီဇင်ဘာ၂ရရက်တွင် ကမ္ဘာ့ဆုဖလားကြီးကို သုဝဏ္ဏအမျိုးသားအားကစားရုံ၌ ပြသသွားမည်
[ ညီသစ်လူ ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ]
မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် ယူဆောင် လာမည့် ရွှေသားအစစ်ဖြင့် ပြု လုပ်ထားသည့် ကမ္ဘာ့ဖလားကြီး ကို ဒီဇင်ဘာ၂ရရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏအမျိုးသားအားက စားရုံ(၁)၌ ပြသမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။ယင်းဆုဖလားကို မြန်မာ နိုင်ငံအပါအဝင် တစ်ကြိမ်မှလက်ခံ ပြသခဲ့ဖူးခြင်းမရှိသည့်နိုင်ငံပေါင်း ၅၀ ကို ပထမဆုံးအကြိမ်အဖြစ် လှည့်လည်ပြသမည်ဖြစ်သည်။
ဖီဖာကမ္ဘာ့ဖလား မြန်မာ နိုင်ငံသို့ရောက်ရှိလာခြင်းနှင့်ပတ် သက်၍ ကိုကာကိုလာမြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါ ရိုက်တာRommel p. fuente-bella က''ဒီဆုဖလားကို မြန်မာ နိုင်ငံကိုယူဆောင်လာခွင့်ရရှိတဲ့ အတွက် အလွန်အမင်းစိတ်လှုပ် ရှားမိတယ်။ အထူးသဖြင့် ဖီဖာ နဲ့ ကိုကာကိုလာက အတူယူ ဆောင်လာမယ့် ကမ္ဘာ့ဆုဖလား ကြီးကို ကိုယ်တိုင်မြင်တွေ့ခွင့်ရ တာဟာ မမေ့နိုင်တဲ့ အတွေ့အ ကြုံတစ်ရပ်ပါ''ဟု ၎င်းကပြော သည်။
အဆိုပါဆုဖလားသည် အ မြင့် ၁၄ဒသမ၅လက်မ၊ အလေး ချိန် ၁၃ဒသမ၆၁ပေါင်ရှိပြီး ၁၈ ကာရက်ဖြင့် ရွှေအတိသွန်းလုပ် ထားခြင်းဖြစ်ပြီး ကမ္ဘ္ဘာ့ဖလားပြိုင် ပွဲတိုင်းတွင် ဗိုလ်စွဲသည့်အသင်း များအနေဖြင့် ယင်းဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိသော်လည်း အနိုင်ရရှိသည့်အသင်းအား ဆု ချီးမြှင့်ရာတွင်မူ ရွှေပြားကွပ်ထား သည့် ပုံစံတူဆုဖလားကိုသာ ပေး အပ်သည်။
ယင်းနှင့်ပတ်သက်၍ FIFA World Cup Tour မှတာဝန်ရှိသူ က ''၂၅ရက်နေ့မှ ရန်ကုန်ကို ရောက်မယ်။ ၂ရရက်နေ့မှာ ပြန် ထွက်မှာဖြစ်ပါတယ်။ ဘယ်သူ တွေလိုက်ပါလာမလဲဆိုတာတော့ နီးရင် အသေးစိတ်သတင်းထုတ် ပြန်ပေးသွားမယ်''ဟု ရန်ကုန်တိုင်းမ် သတင်းစာ၏မေးမြန်းချက်ကို အီးမေးလ်ဖြင့်ပြန်လည်ဖြေကြား ခဲ့သည်။
ယင်းကမ္ဘာ့ဖလားကို ဖီဖာ မှ နိုင်ငံပေါင်း၈၉နိုင်ငံသို့ လှည့် လည်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာရာတွင် ဖီဖာ၏ အ ဓိက စပွန်ဆာကုမ္ပဏီတစ်ခုဖြစ် သည့် ကမ္ဘာကျော် ကိုကာကိုလာ လည်းပါဝင်လာရာ မြန်မာနိုင်ငံ သို့ဝင်ရောက်ပြသနိုင်ရန် စီစဉ် ခြင်းဖြစ်သည်။
Yangon Media Group
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူရေး ဖိတ်ခေါ်လျှင် မွန်အမျိုးသားများပါဝင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၂။
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူရာတွင် ဖိတ်ခေါ်
ပါက မွန်လူမျိုးများ ပါဝင်သွားရန်ဆန္ဒရှိနေကြောင်း
မွန်အမျိုးသားတစ်ဦးဖြစ်သူ ကိုနိုင်ရဲဇော်က People
Power သို့ ပြောကြားသည်။
ဓမ္မစေတီခေါင်းလောင်းကြီးအား မွန်အမျိုးသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်အားလျော်စွာ ဆယ်ယူ
ရာတွင် မွန်တစ်မျိုးသားလုံး ပါဝင် သင့်ကြောင်းနှင့် ယင်း
အတွက် မွန်အမျိုးသားတို့အား အသိပေးနှိုး ဆော်ထားပြီး
ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ဖြစ်သည်။
“ဓမ္မစေတီခေါင်းလောင်းကြီးဆိုတာက မွန်ဘုရင်ကြီးက
လှူခဲ့တဲ့ မွန်အမျိုးသားအမွေအနှစ်တစ်ခုပေါ့။ အဲဒါကြောင့် မွန်လူမျိုးတွေအနေနဲ့ ပါဝင်သင့်တယ်။ တစ်ဦးတစ်ယောက်က တစ်ရာရာနှုန်းလုပ်တာထက်၊ အားလုံးပါဝင်သင့်တာပေါ့။
ဆယ်ယူတဲ့အခါမှာ မွန်လူမျိုးတို့ အမွေအနှစ် ဖြစ်တဲ့အတွက် မွန်ရိုးရာကိုပစ်ပယ်လို့ မရဘူး။ မွန်နတ်ပွာတွေလုပ်ပေးဖို့
လိုတယ်။ အရင်ကလည်း ပွဲပေါင်း တစ်ရာတင်တာတို့လုပ်
ပေမယ့် မွန်နတ် မဟုတ်ဘူးလေ။ သိပံ္ပနည်းပညာလည်း
လိုအပ်တာပေါ့။ Technology မပါရင် လုံးဝမအောင်မြင်
နိုင်ဘူး”ဟု ကိုနိုင်ရဲဇော်က ပြောကြားသည်။
ယင်း ခေါင်းလောင်းကြီးဆယ်ယူမှုအပိုင်းတွင်ပါဝင်ရန် သက်ဆိုင်ရာအသီးသီးသို့ မွန်အမျိုးသားများအနေဖြင့်
ပါဝင်လိုကြောင်း အကြောင်း ကြားအသိပေးထားပြီး
ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ယင်းခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်း
လောင်းကြီးအဖြစ် အသိမှတ်ပြုခံထားရပြီး ၁၄၈၄ ခုနှစ်
တွင် မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလုပ်ပူဇော်ခဲ့ခြင်း
ဖြစ်ကာ ၁၆၀၈ခုနှစ်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာမှ လက် နက်သွန်းလုပ်ရန် ခေါင်းလောင်းကြီးအား သယ်ယူခဲ့ရာမှ
ဒေါပုံမြစ်အတွင်းကျရောက်သွားခဲ့ကြောင်း သမိုင်း
ထောက်အထားများအရ သိရသည်။
ယင်း ခေါင်းလောင်းကြီးအားဆယ်ယူရန် အမျိုးမျိုး
ကြိုးစား ခဲ့ကြသော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ၊ ယခု
အခါ ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ဦးစီးကာ ဆယ်ယူသွားမည်ဖြစ်သည်။
ရေးသားသူ-ဝေဖြိုး
တည်းဖြတ်-အေးငြိမ်းသူ
People power
အစွယ်လိုသူက တစ်မျိုး၊ တိုးတိုးလေး စားသူက တစ်ဖွဲ့ နင်းပြားတွေပါ ခံစေရော့အခက်နဲ့ ခေတ်သစ်သောနုတ္တရဇာတ်
‘ဂျောက်’
ဦးတိုးတစ်ယောက် သူ၏ လက်စွဲ တော် စက်ဘီးအား ဒေါက်ဖြုတ်လိုက် သော အသံ ဖြစ်သည်။ အချိန်က နံနက် ၆ နာရီ ၄၅ မိနစ်၊ ထုံးစံအတိုင်း ဒီ အချိန်ဆိုလျှင် သူလက် ဖက်ရည်ဆိုင်မှ ထွက်ခွာသွားစမြဲ။ ရုံးဝန်ထမ်းမဟုတ် သော်လည်း ၄င်း၏ အလုပ်အတွက် ပုံမှန် အချိန်တစ်ခုကို ၄င်းကိုယ်တိုင် သတ်မှတ်ထားခြင်း ဖြစ်သည်။ သူ၏ လက် စွဲတော် တစ်ပတ်နွမ်း မိန်းမစီးဘီး ကို ခွ၍ နင်း ထွက်သွားပုံကို ကြည့်မိရာ တောင့်တင်း ပြည့်ဖြိုးသော သဏ္ဌာန် ရှိသေးသည့် သူ၏ခန္ဓာကိုယ်ကို နောက် မှ တွေ့မြင်လိုက် ရ၏။
ဦးတိုးသည် နံနက် ၆ နာရီ ဝန်း ကျင်တွင် ၄င်းနေထိုင်ရာ နေအိမ်နှင့် မလှမ်းမကမ်းတွင် ရှိသော ရောင်နီဦး လက်ဖက်ရည်ဆိုင်သို့ ပုံမှန်လာထိုင် တတ်သူဖြစ်သည်။ ခပ်မှိန်မှိန် အရောင် ရှိသည့် အင်္ကျီအကွက် လက်တိုများကို အမြဲဝတ်ဆင်တတ်သူဖြစ်ပြီး ဘေးလွယ် အိတ်တစ်လုံး စလွယ်သိုင်း၍ လွယ်ထား တတ်၏။
ဦးတိုး၏ အသက်မှာ ၅၈ နှစ်ခန့် ရှိပြီဖြစ်သဖြင့် အစိုးရဝန်ထမ်း ဖြစ်မည် ဆိုပါက သက်ပြည့်ပင်စင်ယူရခါနီး သူ တစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် အစိုးရ ဝန်ထမ်းလည်းမဟုတ်။ သူ၏ အလုပ်မှာ သဲ၊ဘိလပ်မြေနှင့် ကွန် ကရစ်မာဆေးတို့ ရောစပ်၍ အလျား ၉ ပေ၊ အနံ ၄ ပေနှင့် ထုထည် ၂ ပေခွဲ ခန့်ရှိသော ဘလော့တုံးများ၊ ပညတ် ချက်အရ အုတ်ဟုဆိုသည့် အရာများ ကို ပြုလုပ်ကာ ယင်းမှတစ်ဆင့် လူသား အားလုံးသုံးစွဲသည့်နေအိမ်ဟူသည့် အ ရာကို ပုံဖော်တည်ဆောက်သူ ဖြစ်သည်။
 သို့သော် သူသည် အတန်းပညာ များ ဆည်းပူးခဲ့သည့် ဘွဲ့ရပညာတက် တစ်ယောက်လည်း မဟုတ်ပြန်။ ဘဝ ပေး ပညာသင်ကြားခြင်းဖြင့်သာ ထိုအ တတ်ကို သူ တတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ သူ့အသက် ၁၆ နှစ်မှ စတင်၍ ပန်းရန်အလုပ်ကို စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမှ တစ်ဆင့် လက်သမား ဖြစ်လာသည်။ နောက် လက်သမား ဆရာဘဝသို့ တစ်ဆင့်ကူးပြောင်းရောက် ရှိခဲ့သူ ဖြစ်သည်။ ဆယ်ကျော်သက်ဘဝ မှ စတင်ကာ အားလပ်ရက်အလွန်နည်း ပါးစွာ အလုပ်လုပ်ခဲ့သူ ဖြစ်သော် လည်း ၄င်းတွင် ပိုင်ဆိုင်မှုများက များစွာ ပြရန် မရှိ။
ပြစရာဆို၍ ၄င်း၏ သားသမီးသုံး ယောက်ပညာရေးကို ဆုံးခန်းတိုင် ပြီး စီးစေခဲ့ခြင်းသာ ဖြစ်သည်။ ယင်းအပြင် ပြောရမည်ဆိုပါက ရန်ကုန်မြို့၌ အစိုးရ မှ ကျပ်သောင်း ဂဏန်းခန့်ဖြင့် ချထား ပေးခဲ့သည့် ပေ ၄ဝ x ပေ ၆ဝ မြေတစ် ကွက်ကို အမည်ပေါက်ဖြင့် ပိုင်ဆိုင်ပြီး အဆိုပါ မြေကွက်၌ သူ၏ အတတ်ဖြင့် သူကိုယ်တိုင် ဆောက် လုပ်ထားသော မပြီးပြတ်သေးသည့် တိုက်ခံအိမ် တစ် လုံးသာ ရှိတော့သည်ဟု ဦးတိုးက ဆို သည်။
သို့သော်လည်း လူ့ဘောင်တွင် အိမ်ရာတည်ဆောက်ခြင်းပညာကို တက်မြောက်ခဲ့သည့်အတွက် ၄င်း၏ မွေးဖွားရာ ဇာတိချက်မြှုပ်မြေ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကန်တောင်ဟူ သော တောရွာကလေးမှ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန်ကို ၁၉၈၇ တွင် ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ၄င်း တတ်ကျွမ်းခဲ့သည့် အတတ်ပညာ၏   နောက်ဆက်တွဲ အကျိုးကျေးဇူးများ အနေဖြင့် သူ၏ အိမ်သူသည်လည်း တောရွာကောက်စိုက်သမ ဘဝမှ ကင်း လွတ်ခွင့်ရခဲ့ပြီး သားသမီးများလည်း မြို့ ပြတွင် နေထိုင်နိုင် ခဲ့သည်ဟု သူက ဆို သည်။
ယခင်နှင့်မတူ ပူလေပြီ ဆယ်နေကဲ
အချိန်ကြာမြင့်စွာ ဦးတိုးတို့ နေ ထိုင်ခဲ့သည့် ရန်ကုန်မြို့တော်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ယခု ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပေးလိုက်သည်။ ယင်း ဥပဒေ ဖြစ်ပေါ်လာရာ၌ ဦးတိုး အပါ အဝင် ၄င်းကဲ့သို့သော ပန်းရန်၊ လက် သမားတို့၏ အရေးမှာ ရတက် မအေး စရာ ဖြစ်ပေါ်လာရ၏။
လွှတ်တော်က အတည်ပြုပေး လိုက်ပြီးဖြစ်သည့် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေကို အကောင်အ ထည်ဖော်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး   ကော်မတီရှိ ဌာနအသီးသီး က ဥပဒေအတွင်း မိမိတို့ဌာနနှင့် သက် ဆိုင်သော ဥပဒေ အကြောင်းအရာများ အပေါ် နည်းဥပဒေ ထပ်မံရေးဆွဲနေ သည်။ ယင်းတွင် ရန်ကုန် စည်ပင် အင် ဂျင်နီယာဌာန (အဆောက်အအုံ)မှ ရေး ဆွဲသော နည်းဥပဒေ၌ ဦးတိုးကဲ့သို့သော ပန်းရန်လက်သမားတို့အတွက် ရတက်မ အေးဖွယ် ကိစ္စပါဝင်လာခဲ့ခြင်းပင်   ဖြစ် သည်။
ရန်ကုန်မြို့တွင်း၌ တရားမဝင် (ရန်ကုန်စည်ပင်သို့အခွန်ဆောင် ဆောက် လုပ်ခြင်းမျိုး မဟုတ်ဘဲ) ဆောက်လုပ် သော အဆောက်အအုံများရှိရာ ယင်း ကဲ့သို့ ဆောက် လုပ်ခြင်းများကို ရန်ကုန် စည်ပင်မှ စစ်ဆေးတွေ့ရှိပါက လက်ရှိ အချိန်တွင်မြေရှင်ကိုသာ တရားစွဲအရေး ယူနေသော်လည်း နောင်နည်းဥပဒေ ရေးဆွဲ ပြီးစီးချိန်၌ အေ ဆာက်အအုံ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမား များကိုပါ တရားစွဲအရေးယူမည်ဟု ရန် ကုန်စည်ပင် အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ ဌာနမှူး ဦးမောင်မောင်   ဇော်က တရားဝင်ကြေညာခဲ့ခြင်း ဖြစ် သည်။
ပန်းရန်၊ လက်သမားများအနေဖြင့် တစ်နေ့ဝမ်းရေး တစ်နေ့ ဖြေရှင်းရာတွင် အလုပ်ခေါ်သူရှိရန် ဦးစွာ ဆုတောင်းရ မှုများရှိသည်။ တရားဝင် ခွင့်ပြုမိန့်ဟုတ်၊ မဟုတ် စော ဒကတက်ခွင့်ရရန် အခွင့်အ ရေးမှာ လွန်စွာနည်းသည်။ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်လျှင် လုပ်သားများ ကိုပါ တရားစွဲအရေးယူမည်ဟု ဆိုရာ တွင် အဆိုပါ နည်းဥပဒေ အတွက် ကောင်းသည်၊ ဆိုးသည်ဟု ပြောရန်ပင် မပြောတတ်လောက်အောင် အံ့သြလွန်း ၍ ဆွံ့အသွားသည်ဟု လက်သမားဆရာ ဦးတိုးက ပြောသည်။
 ရန်ကုန် စည်ပင်က ပြဋ္ဌာန်းမည့် နည်းဥပဒေအကြောင်း ကြားကြားခြင်း သူအတန်ငယ်ကြာ တိတ်ဆိတ်သွားပြီး ရှေ့တွင် အဆင်သင့် ချထားပြီးဖြစ်သော အေး လုနီး နီးဖြစ်နေသည့် ရေနွေးကြမ်း ခွက်ကို ကောက်မော့လိုက်သည်။ ပြီး တော့ သူက ”ဒါဆို လုပ်သား ဈေးပိုကြီးသွား မှာ။ ဒီအလုပ်က မှောင်ခိုသဘောမျိုး ဖြစ်သွားပြီလေ။ ကျွန်တော့်အမြင်အရဆို စည်ပင်ဘက်ကလည်း လာဘ်ပေးလာဘ် ယူမှုတွေ ပိုများလာမယ်။ အလုပ်အကိုင် ရှားပါးတာလည်း ဖြစ်လာနိုင်တယ်။ နောက်ဆုံး ထိမှာက အိမ် ရှင်တွေ ပိုပြီး ကုန်ကျစရိတ် များလာလိမ့်မယ်” ဟု တွေးဆ ပြောပြပြန်သည်။
နားလည်မှုလော နာလိမ့်မည်လော
ဦးတိုးသည် ၁၉၈၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ကြား ကာလ ၂၆ နှစ်အတောအ တွင်း ရန်ကုန်၌ အဆောက်အအုံရာကျော် ပြုပြင်ဆောက်လုပ်ခဲ့ဖူးသည်ဟု လက် ဖက်ရည်ဆိုင်၌ စကားစမြည် ပြောရင်းမှ သိရှိခဲ့ရသည်။ ယင်းတွင် ရန်ကုန်စည် ပင်သို့ အခွန်မပေးဆောင်ဘဲ လုပ် ဆောင်ခဲ့ရသည့် လုပ်ငန်းမှာ မရှိသ လောက်နည်းသည် ဟုသူက ပြော သည်။
၎င်းသည် ပန်းရန်၊ လက်သမား လုပ်ငန်းကျွမ်းကျင်ရုံအပြင် သံချည် သံ ကွေးလုပ်ငန်းကိုပါအနည်းအကျဉ်း တတ် မြောက်သဖြင့် ¤င်းနှင့် ခင်မင်းရင်းနှီးသူ များ၊ ထိုသူ များမှ တစ်ဆင့် ချိတ်ဆက်မိ သူများမှ အဆောက်အအုံပြင်ဆင်လို ခြင်းနှင့် တိုးချဲ့ ဆောက်လုပ်လိုခြင်းများ တွင် ကန်ထရိုက်ခေါ်ယူမှုမရှိဘဲ ၄င်း လက်သို့သာ လွှဲအပ်၍   ဆောက်လုပ်စေ ခိုင်းခြင်းမျိုး များပြားသည်ဟု ဦးတိုးက ပြောပြသည်။
ဦးတိုးပြောသည့် ရန်ကုန်စည်ပင် သို့ အခွန်ပေးဆောင်ရသည်ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက် အအုံ)သို့ သွားရောက်ပေးသွင်းရခြင်းမျိုး မဟုတ်။ အဆောက်အအုံ ပြင်ဆင်ခြင်း၊တိုးချဲ့တည်ဆောက်လိုခြင်းအတွက် သဲ၊ အုတ်၊ ကျောက်အစရှိသည်များ ဝယ် ယူကာ စုပုံထားပါက စည်ပင်အရာရှိများ ရောက်ရှိလာပြီး အိမ်ရှင်နှင့် ညှိနှိုင်းကာ ဆောင်ရွက်ခြင်းမျိုး ဖြစ်သည်ဟု ဦးတိုး က သူ၏လုပ်သက်အရ တွေ့ကြုံခဲ့ရမှု များကို ပြောပြသည်။
”ကျွန်တော် ရန်ကုန်ကို ရောက်ခါ စ (၁၉၈၇) တုန်းကဆိုရင် စည်ပင်ကို ရပ်ကွက်အတွင်း အိမ်တွေက ဆောက် လုပ်ခွင့် မတင်ရဘူး။ ဗိုလ်မှူးအိမ်တွေလို အိမ်ကြီးအိမ်ေ ကာင်းတွေ ဆောက်မှ တင်ရတယ်။ သွပ်မိုး၊ ထရံကာတွေဆို မတင်ရဘူး။ သူတို့က မြို့သစ်တွေဆို ဖွံ့ ဖြိုးအောင်ဆိုပြီး ဒီအတိုင်းဆောက်ခွင့် ပေးခဲ့တာ။ အခုနောက်ပိုင်းေ တာ့ စည် ပင်ကို သွားမတင်လည်း သူတို့ကို ပေးရ တာပဲ။ မြို့နယ်ရုံးတွေနဲ့ နားလည်မှု လုပ်တဲ့ သဘောပေါ့”ဟု ဦးတိုးက ဆက် ပြောသည်။
ပန်းရန် လက်သမား ဘဝသည် အသက်အန္တရာယ်နှင့်လည်း တစ်ခါ တစ်ရံ ထိပ်တိုင်ရင်ဆိုင်ရသည့် ဘဝမျိုး ဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏီ များနှင့် ချိတ်ဆက်လုပ် ကိုင်သည့် လုပ် သားများအတွက် လုပ်ငန်းခွင် ထိခိုက်မှု များတွင် ဆေးဝါးကုသစရိတ် မျှော်မှန်း နိုင်ခွင့်ရှိသော်လည်း နေ့စား ပန်းရန်၊ လက်သမားတို့အတွက်မူ ယင်းေ လာက်  ပင် အာမခံချက် မရှိ။ ကိုယ်ဖြစ်ကိုယ်ခံ စနစ်သာရှိသည်ဟု သိရသည်။
”နေ့စား ပုတ်ပြတ်တွေ အတွက်က တော့ ထိခိုက်လို့ ဆေးရုံတက်ရဘာရ ဆိုရင် အိမ်ရှင်က အလွန်ဆုံးပေး တစ် သောင်း၊ နှစ်သောင်းပေါ့။ ကိုယ့်ဘာသာ ကုရတာပေါ့”ဟု ဦးတိုးက ၄င်းတို့၏ လုပ်ငန်းသဘောကို မြင်သာအောင် ပြောပြန်သည်။တရားစွဲခံရသည့်အရေးပါ ထပ် ဆောင်းလာမည်ဆိုလျှင် ၄င်းတို့အဖြစ် မှာ ဘူးလေးရာဖရုံဆင့်ဆို သည်ထက် ပင် ဆိုးမည်ဟု ဆို၏။
ဤသို့ဤပုံ
၎င်း၏ အတွေ့အကြုံအရ မိသား စု နေအိမ်များ ဆောက်လုပ်ရာ၌ ရန် ကုန်စည်ပင်သို့ ခွင့်ပြုချက်တောင်းခံပါက ပုံဆွဲခ ပေးချေရခြင်းနှင့် စည်ပင်မှ ချိတ် ဆက်ပေးသည့် ပုံဆွဲအင်ဂျင်နီယာ ငှား ရမ်းရခြင်း စသည့်ကိစ္စရပ်များ ပါဝင် လာရာ ဆောက်လုပ်သူအိမ်ရှင်များက နားလည်မှုဖြင့်သာ တည်ဆောက်လိုခြင်း များပြားခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ၄င်းက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်းတွင် ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၁၅၇ လုံးနှင့် ခွင့်ပြု ချက်ထက်ကျော်လွန် ဆောက်လုပ်သော အဆောက်အအုံ ၅၅ လုံးကို တရားစွဲ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပါက အဆောက်အအုံ ခိုင်ခံ့မှုမရှိနိုင်ခြင်း၊ စည်ပင်မှ သတ်မှတ်သော မြေချန်များ နှင့် ကွဲလွဲစွာ ဆောက်လုပ်ထားခြင်းအ တွက် နောင်တွင် အခက် အခဲကြုံတွေ့ရ နိုင်ခြင်း၊ သတ်မှတ်ချက်ထက် အမြင့်ပေ ပိုမိုဆောက်လုပ်ထားခြင်းအတွက် ပြန် လည်ဖြိုဖျက်ရခြင်း၊ သတ်မှတ်လှေကား များ မဆောင်ရွက်ဘဲ ပြုလုပ်မိပါက အရေးပေါ် ကိစ္စအတွက် အန္တရာယ်များ ကြုံကြိုက်လာခြင်းနှင့် သဘာဝ ဘေးကြုံ တွေ့ပါကပြိုကျပျက်စီးနိုင်ခြင်းများ ရှိရာ တရားဝင် တည်ဆောက်ရေးကို တိုက် တွန်းပြီး ဌာနအနေဖြင့်လည်း အမြန်ဆုံး ပါမစ်ကျရေးကို ဆောင်ရွက်ပေးမည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန အ ဆောက်အအုံမှ ဌာနမှူး ဦးမောင်မောင် ဇော်က ပြောသည်။
 တရားမဝင် အဆောက်အအုံများ ဖြစ်ပေါ်ခြင်း၏ အဓိက အကြောင်းအ ရင်းမှာ မြေအမည်ပေါက် မှန်ကန်မှုမရှိ ခြင်းဖြစ်ကြောင်း၊ မြေအမည်ပေါက် မှန် ကန်မှု မရှိသည့်   မြေကွက်များ၌ အဆောက်အအုံတည်ဆောက်ပါက စည်ပင်မှ သုံးထပ်အထိသာ ခွင့်ပြုပေး ပြီး တည်ဆောက်လိုသူများမှ ယင်းထက် ပိုမိုတည်ဆောက်လိုမှုများ ရှိနေရာ တရားမဝင် ဆောက်လုပ်မှုများ ဖြစ်ပေါ် ရခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင် (အ ဆောက်အအုံ)ဌာနမှ အကြီးတန်းအရာ ရှိတစ်ဦးက ထပ်လောင်းပြောသည်။
   ”ပိုင်ဆိုင်မှု မမှန်ဘဲ (မြေအမည် ပေါက်မှန်)နဲ့ သူတို့ ဆောက်လုပ်လိုတဲ့ အထပ်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ပိုင်ဆိုင်မှုကို ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေရှာ ရမယ်။ မြေကိုသာ သူတို့အမည်ပေါက်မှန်ရင် ဆောက်ချင် သလောက် ဆောက်လို့ရမယ်”ဟု ၄င်း က တရားမဝင်အဆောက်အအုံများ ပ ပျောက်ရေးအတွက် လွယ်ကူစွာ   မြေအ မည်ပေါက်လွှဲပြောင်းနိုင်ရေးဆိုသည့် အဖြေကို ရှာကြံရန် လိုအပ်နေကြောင်း ပြောပြန်သည်။
မြေယာကိစ္စရပ်မှာ လွန်စွာ ရှုပ် ထွေးသည့် သဘောရှိပြီး လူတစ်ဦး အ မည်ပေါက်ဖြစ်နေပါက ကျန်တစ်ဦး လွှဲ ပြောင်းရန်မှာ ခက်ခဲသည့်အတွက် တရားမဝင် ဆောက် လုပ်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေသော မြေအမည် လွှဲပြောင်းရေးတွင် လွယ်ကူသည့် မူဝါဒ ကို နိုင်ငံတော်မှ ချမှတ်ပေးသင့်သည်ဟု ၄င်းက ဆက်ပြောသည်။
 ”ဥပမာ လယ်မြေတွေမှာ တစ် ဆက်တစ်စပ်တည်း လုပ်လာတာ နှစ် နှစ်ဆယ်ရှိတယ်။ ရပ်ကွက်က ထောက်ခံ တယ်ဆိုရင် သူ့နာမည်နဲ့ ချပေးမယ် ဒီလိုမျိုးပေါ့။ ကျန်မြေတွေ လည်း ဒီလိုပဲ လုပ်သင့်တယ်”ဟု၎င်းက ဆိုသည်။
ယခင်က ပိုင်ဆိုင်မှုမမှန်ကန် (မြေ အမည်ပေါက် မမှန်ကန်)ပါက အ ဆောက်အအုံ ဆောက်လုပ်ခွင့်ကို လုံးဝ မပေးခဲ့ဘဲ အကြီးစားပြင်ဆင်မှုသာ ဆောင်ရွက်စေခိုင်းခဲ့ရာ တရားမဝင် တည်ဆောက်မှုများ ရှိလာသဖြင့် ယင်း မူဝါဒကို ပြင်ဆင်ခဲ့ပြီး ပိုင်ဆိုင်မှု မမှန်ပါကလည်း သုံးထပ်အထိ ခွင့်ပြုပေးခဲ့ ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ထပ်မံ၍ အမည်ပေါက်မမှန်ကန်ဘဲ မိသားစု နေ အိမ်သုံးထပ်ထက် ကျော်လွန်ကာ အထပ်မြင့် ဆောက်လုပ်ခွင့်များ ပေး မည်ဆိုပါက နောင်တွင် မြေအမည် ပေါက်နှင့် အခြားသူများ မှ ကန့်ကွက်သည့်အခါ နေထိုင်သူများ အခက်အခဲ တွေ့နိုင်သဖြင့် မိသားစုနေ အိမ်သုံးထပ် ထက်ကျော်လွန်၍ တရားဝင် ခွင့်ပြုပေး ၍ မဖြစ်နိုင်ဟု ၄င်းတို့၏ အခက်အခဲကို စည်ပင်အရာရှိက ပြောပြသည်။
ရွှေသမင် ဘယ်ကထွက်
မြို့နယ်၊ ရပ်ကွက်အတွင်းပိုင်းများ တွင် အဆောက်အအုံများ ဆောက်လုပ် လျှင် ရန်ကုန်စည်ပင်၏ မြို့နယ်တာဝန်ခံ များနှင့်သာ ချိတ်ဆက်၍ ဆောင်ရွက်ပြီး မြို့နယ်တာ ဝန်ခံ၏ သဘောတူညီမှုဖြင့် ဆောက်လုပ်သည်ဆိုသည်မှာလည်း တ ရားဝင်မဟုတ်ဟု ၄င်းက ပြောသည်။
”ဌာနက ရပ်ကွက်တွင်းတွေကို လိုက်စစ်တဲ့အခါ တရားစွဲမထားတဲ့ အမှုပေါ်ရင် မြို့နယ်တာဝန်ခံကို အရေး ယူတယ်။ စစ်လိုက်လို့ ဒါWithout ဖြစ် နေတယ်။ အဲဒါကို ပါမစ်လည်း မတက် လာဘူး။ တရားလည်း စွဲမထားဘူးဆို ရင် မြို့နယ်တာဝန်ခံကို အရေးယူတယ်။ အရေးယူမှုအပိုင်းကဖြစ်ပွားမှု အကြီးအ သေးပေါ် မူတည်တာပေါ့။ တစ်လုံးလား၊ နှစ်လုံးလား ဒါတကယ်သိရဲ့သားနဲ့ မြို့ နယ်တာဝန်ခံက အရေးမယူထားတာ လားဆိုတာကို ကြည့်ရတာပေါ့”ဟု စည်ပင်အရာရှိက ဆိုသည်။
 ၂ဝ၁၃ ခုနှစ်အတွင်း မြို့နယ် တာ ဝန်ခံများက ၄င်းတို့မြို့နယ်တွင်း အ ဆောက်အအုံဆောက်လုပ်မှုကို အရေး ယူမှု မရှိခဲ့သဖြင့် ¤င်းတို့အားဌာနမှ အရေးယူခဲ့သည့် အမှုေ ပါင်း ၁ဝ မှုခန့် ရှိသည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။
မြို့နယ် တာဝန်ခံများအား အရေး ယူရာတွင် ၄င်းမြို့နယ်တွင်း တရားမဝင် အဆောက်အအုံဖြစ်ပွားမှု အနည်း၊ အ များပေါ် မူတည်ကာ ရာထူးချခြင်း၊ မြို့ နယ်ပြောင်းရွှေ့ ခြင်းများ ပြုလုပ်ခဲ့သည် ဟု အထက်ပါ စည်ပင်အရာရှိက ဆက် ပြောသည်။
”မြို့နယ်ဆိုတာကလည်း မြို့နယ် တာဝန်ခံတစ်ယောက်က အကုန်လုံး ရောက်ဖို့ဆိုတာ တော်တော်သွားရတာ။ တစ်ပတ်ကို တစ်ရပ်ကွက်လောက်သွား မှ ရောက်တာေ လ။ ဒါပေမဲ့ လမ်းမကြီးတွေ ပေါ်မှာ Without ဆောက်တာ မသိဘူး ဆိုရင်တော့ ဒါသူညာတာပေါ့”ဟု ၄င်း က သုံးသပ်သည်။
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ရှိ လမ်းမများပေါ်၌ အုတ်၊ သဲ၊ ကျောက် ပုံလျှင် မသိမရှိသည့် ရန်ကုန်စည်ပင် အနေဖြင့် တရားမဝင် အဆောက်အအုံ များ တည်ေ ဆာက်ပြီးမှ တရားစွဲသည်ဆို သည့်အပေါ် မဖြစ်နိုင်ကြောင်း ဝေဖန်မှု များရှိနေသည့်အပေါ် အထက်ပါ စည်ပင်အရာရှိက ”မသိဘူးဆိုတာ မရှိ ဘူး မှန်တယ်။ တရားမဝင်ေ ဆာက်တာ ကို တာဝန်ခံက သိပြီး အရေးမယူရင် သူ့ကို ငါတို့က အရေးယူတယ်”ဟု ခပ် ပြတ်ပြတ်ပြောသည်။
ယင်းကဲ့သို့သော ဝေဖန်မှုများ မဖြစ်ပေါ်စေရန် မြို့နယ်တာဝန်ခံများ အား ကြားပွဲစားအနေဖြင့် ဆောင်ရွက် မှု မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ၄င်းက ဆိုသည်။
”တချို့ အိမ်ရှင်တွေက မြို့နယ်ခံ တွေကို အကူအညီတောင်းတာရှိတယ်။ ဌာနကို တင်ပေးဖို့။ အဲဒီလို လုပ်မိရင် ကိုယ်က ပိုက်ဆံယူပြီး လုပ်တယ်ဖြစ် မယ်။ ဒီတော့ သူတို့ ကို ကြားပွဲစားမလုပ် ပေးဖို့ မှာထားတယ်”ဟု စည်ပင်အရာရှိ က ဆက်ပြောသည်။
ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ရေးဆွဲရန် ရှေ့နေ ချုပ် ရုံးသို့ တင်ပြထားသည့် နည်းဥပဒေ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အ တွင်း စည်ပင်သာယာရေး ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက် အအုံဆောက်လုပ်ခြင်း သို့မဟုတ် ညွှန် ကြားချက်ကို လိုက်နာမှုမရှိဘဲ ဆောက် လုပ်ခြင်းကို စစ်ဆေးတွေ့ ရှိပါက ကော် မတီမှ ဆောက်လုပ်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားနိုင်သည်။
ရပ်ဆိုင်းစေခိုင်းသည်ကို မလိုက် နာဘဲ ဆက်လက်ဆောက်လုပ်ပါက ကျူးလွန်သူနှင့် အားပေးကူညီသူများကို တရားစွဲဆိုခြင်းနှင့် အဆောက်အအုံတွင် သတိပေးစာ ချိတ်ခြင်းများ ပြုလုပ်မည်ဟု ပါရှိသည်။
နည်းဥပဒေအရ ကော်မတီမှ အရေးယူဆောင်ရွက်မှုကို လိုက်နာခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းထားသည့် ဖျက် သိမ်း ဖယ်ရှားရှင်း လင်းရေး အဖွဲ့သည် မလိုက်နာသူထံ ရက်ပေါင်း ၃ဝ အတွင်း ဖယ်ရှားရှင်းလင်းရန် အကြောင်းကြား မည်ဖြစ်သည်။
ဖျက်သိမ်းရှင်းလင်းမည့် နောက် ဆုံး သတ်မှတ်နေ့ရက်မတိုင်မီ ဖယ်ရှား ရှင်းလင်းခြင်း မရှိသေးပါက တိုင်းဒေသ ကြီး အစိုးရအဖွဲ့အစည်းအဝေးသို့ တင် ပြကာ လုံခြုံရေး ဝန်ထမ်း အသုံးပြုခွင့် တောင်းခံပြီး ယင်းနေရာသို့ သွားရောက် ကာ၎င်းတို့ ပစ္စည်းများအား တစ်ပါ တည်း သယ်ဆောင်ထွက်ခွာရန် အသံ ချဲ့စက်ဖြင့် သတိပေးကြေညာ သွားမည် ဖြစ်သည်။
သတိပေးကြညာသော်လည်း ငြင်း ဆန်မှု ပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က နေထိုင်သူများနှင့် ဝင်ရောက်လျက်ရှိသူများကို ဖယ်ရှား ရှင်းလင်းမည်ဟု ပါရှိသည်။
 တရားမဝင် အဆောက်အအုံ တည်ဆောက်ပါက ကျူးလွန်သူအပြင် အားပေးကူညီသူများကို တရားစွဲဆိုမည် ဟု ဆိုခြင်းတွင် အဆောက်အအုံ ဆောက် လုပ်သော မြေရှင်၊   မြေရှင်မှ ငှားရမ်းသော ကန်ထရိုက်၊ လက်သမား နှင့် ပန်းရန်လုပ်သားများကိုပါ အရေးယူ နိုင်မည်ဖြစ်သည်ဟု အထက်ပါ စည်ပင် အရာရှိက ရှင်းပြသည်။
နင်းပြားသာရှိ၍ နင်းဖောင်းမရှိ
အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ပန်းရန်လုပ်သားဦးသောင်းထွန်းက ”ဒါ ကြ<ွကက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်ပဲ”ဟု မှတ်ချက်ပေးသည်။
 ”ကန်ထရိုက်ပဲ ရှင်းပေါ့ဗျာ။ ကျုပ် တို့က ဘာနဲ့ ရှင်းမတုံး။ ငွေလည်း မရှိဘူး။  မသိတော့ဘူးဗျာ”ဟု မည်သို့ မည်ပုံ ဖြေရှင်းရမည်ကို မစဉ်းစားတတ် တော့သဖြင့် စိတ်ရှုပ်သွား ပုံဖြင့် ပြော သည်။
ဦးသောင်းထွန်းကဲ့သို့ပင် ပန်းရန် လုပ်ငန်းလုပ်ကိုင်ပြီး ရွှေပြည်သာ မြို့ နယ်အတွင်း နေထိုင်သူ ကိုမျိုးမင်းက လည်း လက်ရှိ စည်ပင်မှ ရေးဆွဲနေသည့် နည်းဥပဒေနှင့် ပတ်သက်၍ စာစောင် တစ်ခုတွင် ဖတ်လိုက်ရသဖြင့် သိသည် ဟု ဆိုသည်။ လုံးစေ့ပတ်စေ့ နားလည် ခြင်းမျိုးတော့ မဟုတ်ဟု ပြောသည်။
”တရားစွဲမယ်ဆိုရင်လည်း ထောင် ကျရုံပေါ့”ဟု ပြောကာ ၄င်းတို့အနေဖြင့် တစ်နေ့လုပ်တစ်နေ့စားများ ဖြစ်၍ ကြုံ လာသည့်ဘေး ပြေးကြည့်ရုံသာ ရှိတော့ သည်ဟု ဆိုသည်။
ဦးမျိုးမင်းကဲ့သို့ပင် ပန်းရန်အလုပ် လုပ်ကိုင်နေသည့် အသက် ၅၉ နှစ်အ ရွယ် ဦးသန်းလှက လုပ်သားများအထိ တရားစွဲ အရေးယူမည့်ဥပဒေနှင့် စပ် လျဉ်း၍ ”ဒါတော့ ဘယ်ဖြစ်မလဲ။ အကုန်ဒုက္ခဖြစ်ကုန်မှာပေါ့။ ဒီအလုပ်က တစ်နေ့လုပ်တစ်နေ့စား။ အဲဒီလိုသာ အရေးယူ ဖမ်းမယ်ဆို အကုန်ငတ်ကုန် မှာ။ ကိုယ်ကတော့ အလုပ်ဆို ဝင်လုပ် မှာလေ။ သမာအာဇီဝပဲ။ တရားဝင် တင်မတင် ဘယ်သိမှာတုံး။ ထမင်းစား ဖို့ငွေရဖို့က အဓိကလေ”ဟု ပြောသည်။
သို့သော် ၄င်းအနေဖြင့် ထိုသတင်း စကားကြားရသည့်အတွက် အနည်းငယ် ထိတ်လန့်သွားသည်ကိုတော့ ရိုးသားစွာ ဝန်ခံသည်။
”နောက်ဆို ကန်ထရိုက်တိုက်တွေ ဆောက်နေတာမြင်လို့ ဝင်လုပ်မယ်လို့ တွေးရင် လိုင်စင်ရလား၊ ဘယ်နှစ်ထပ် ဆောက်မှာလဲ၊ အင်ဂျင်နီယာ ဘယ်သူ လဲဆိုတာ ဆိုင်းဘုတ်ကို အရင်ရှာမှ ဖြစ် တော့မယ်”ဟု ရယ်မောသယောင်ပြော သော်လည်း အမှန်တကယ် ပျော်ရွှင် သည့် မျက်နှာထားမျိုးတော့ မဟုတ်။
ပန်းရန်၊ လက်သမားများအထိ အရေးယူမည့် ဥပဒေနှင့် ပတ်သက်၍ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မမြင့်မြင့်ငွေ (အမည်လွှဲ)က ”ဒီဥပဒေ တင်လိုက်တဲ့ သဘောက ပါမစ် မရှိဘဲ အင်ဂျင်နီယာ မခေါ်ဘဲ ပန်းရန်၊ လက်သမားတွေနဲ့တင် ပြီးလိုက်တဲ့ ရပ်ကွက်အတွင်းက အ ဆောက်အအုံဆောက်တာတွေကို ထိန်း ဖို့ ဖြစ်ပါလိမ့်မယ်”ဟု မှတ်ချက်ေ ပး သည်။
တရားမဝင် ဆောက်လုပ်သည့် အဆောက်အအုံများသည် စည်ပင်မှ လိုင်စင်ရယူထားမှုမရှိသည့် အင်ဂျင်နီ ယာများနှင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းကိုလည်း ထိန်း သိမ်းလိုခြင်းဖြစ် ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အထက်ပါ တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ရန်ကုန်စည်ပင်မှ အကြီးတန်း အင်ဂျင်နီယာလိုင်စင်၊ အငယ်တန်း အင်ဂျင်နီယာ လိုင်စင်၊ ပုံဆွဲ အင်ဂျင် နီယာ လိုင်စင်၊ အငယ်တန်း ကန်ထရိုက် လိုင်စင်နှင့် အကြီးတန်း ကန်ထရိုက်လိုင် စင်များကို ချထားပေးပြီး ယင်းကဲ့သို့ ချ ထားပေးခြင်းမှာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် စည်ပင် လိုင်စင် ရယူထားသူများ အလုပ်အကိုင် ရရှိစေ လိုခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
”လိုင်စင်ရ အင်ဂျင်နီယာတွေက အဆောက်အအုံဆောက်လုပ်မယ့် စည် ပင်ဥပဒေတွေကို သိတယ်။ ဒီတော့ သူတို့နဲ့ လုပ်ရင် ပါမစ်တင်တဲ့အခါ လွဲ ချော်မှုနည်းတယ်”ဟု ၄င်းက ပြော သည်။
စည်ပင်မှ လိုင်စင်ရယူထားသည့် အကြီးတန်း ကန်ထရိုက်တစ်ဦးသည် ရန်ကုန်စည်ပင် အဆောက်အအုံဌာနသို့ စပေါ်ငွေ ကျပ်သိန်းငါးရာနှင့် နှစ်စဉ် လိုင်စင်ကြေး ကျပ်နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ပေးသွင်းရသည်။ အ ငယ်တန်းကန်ထရိုက်တစ်ဦးသည် စပေါ်ငွေ ကျပ်သိန်းနှစ်ရာနှင့် နှစ်စဉ် လိုင်စင်ကြေး ကျပ်တစ်သိန်းနှစ်ေ သာင်း ပေးသွင်းထားသူများဖြစ်သည်။
တရားမဝင် ကန်ထရိုက်များနှင့် ဆောက်လုပ်သော တရားမဝင် အ ဆောက်အအုံများသည် ခိုင်ခံ့မှုရှိ၊ မရှိ အာမခံနိုင်ရေး ခက်ခဲသည်ဟု ရန်ကုန် စည်ပင်က ဆိုသော် လည်း တရားဝင် အင်ဂျင်နီယာလိုင်စင်ရယူပြီး ကန်ထ ရိုက်အလုပ်ပါ တွဲဖက်လုပ်ကိုင်နေသူ ဦးဝင်း(အမည်လွှဲ)က ”တကယ်တမ်း ပြောရရင် တစ်ခါတလေ ကိုယ်လက် မှတ်ထိုးပေးလိုက်တဲ့ တိုက်ကို မြင် တောင် မမြင်ဖူးလိုက်ဘူး။ ပြီးသာပြီး သွားတာ”ဟု ပြောသည်။
အခွန်အခများ ပိုမိုရရှိရေး သို့မ ဟုတ် လိုင်စင်ရ အင်ဂျင်နီယာနှင့် ကန် ထရိုက်များ အလုပ်ရရှိရေး သို့မဟုတ် ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ခိုင်ခံ့ရေး အစရှိသော မည်သို့သော အ ကြောင်းအချက်များကြောင့်ပင် ဖြစ်စေ ရန်ကုန် စည်ပင်အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ ရေးဆွဲသော နည်း ဥပဒေတွင် အောက်ခြေလူတန်း စားဖြစ် သော လက်သမား၊ပန်းရန် လုပ်သားများ ကိုပါ အရေးယူမည်ဟု ဆိုသည့်အပေါ် ပန်းရန်လုပ်သား ကိုမျိုးမင်းက-
”ဒါကြီးက ကြမ်းတယ်ဗျာ”ဟုသာ ရိုးရှင်းစွာသုံးသပ်ချက် ပေးလိုက်ပါတော့ သည်။
 ဦးကတော့ ထိုဥပဒေနှင့် နောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ဤသို့ ကောက်ချက်ချသည်။   နောင်တွင် အဆောက်အအုံများ တည်ဆောက်ရာ၌ အထပ် အနိမ့်အမြင့် ကြီးငယ်မရွေး ရန်ကုန်စည်ပင် အ ဆောက်အအုံဌာနသို့ တင်ပြကာ ခွင့်ပြု မိန့် ရယူဆောင်ရွက်မှု မရှိဘဲ ဆောက် လုပ်လျှင်ဆောက်လုပ်သူ ပန်းရန်၊ လက် သမားများပါ အရေးယူမည်ဆိုပါက အ ဆောက်အအုံဆောက်လုပ်သည့် အိမ် ရှင်သာမကဘဲ ပန်းရန်၊ လက်သမားများ ပါမြို့နယ်စည်ပင်အရာရှိများနှင့် ပူး ပေါင်းချိတ်ဆက် လုပ်ကိုင်ရမည့် အခြေ အနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ၄င်း က ဆိုသည်။
”လက်သမား ပန်းရန်တွေပါ စည် ပင်ကို လာဘ်ထိုးရတော့မယ်။ အခန့် မသင့်ရင် လူသတ်မှုတွေပါ ဖြစ်လာနိုင် စရာရှိတယ်။ ဘယ်ပန်းရန်သမားက စည်ပင်အရာရှိကို ရိုက်လိုက်လို့ ဒါတွေ ကြားလာရနိုင်တယ်”ဟု ဦးတိုးက ပြော သည်။
ဝေမာထွန်း၊ သုတလင်း
Popular Myanmar News Journal