ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားနှင့် အဖြေမရှိသောပုစ္ဆာများ

ပို့စ်တင်ချိန် - 11/13/2013 09:24:00 AM

ထိုင်းနိုင်ငံ ဘန်ကောက်သို့ ချီတက်လာပြီး ဆန္ဒပြနေကြသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ
ထိုင်းနိုင်ငံအတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများ၏ ဆန္ဒပြပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှသည် ဘန်ကောက် မြို့တော်အထိ ကီလိုမီတာ ၃၀၀ ကျော် ချီတက်ပွဲကို သူတို့ဆင်နွှဲခဲ့ကြသည်။ ကျားများ နေထိုင်ရန် သတ်မှတ်ပေးထားသည့် အမျိုးသား ဥယျာဉ်နေရာကို အစိုးရက ရေကာတာ တည်ဆောက်မည်ဟု ဆိုသဖြင့် ယခုလို ကန့်ကွက်ဆန္ဒပြကာ ခရီးရှည် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တော်သို့ ရောက်လာသည့် ခရီးရှည် ချီတက်ပွဲတွင် ပါဝင်ခဲ့သူများကို မြို့တော်သူ မြို့တော်သား ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ထိုအချိန်တွင် ဆန္ဒပြပွဲကို ဦးဆောင် လာသူမှာလည်း ပြည်တွင်း မီဒီယာတွေက ဝိုင်းဝိုင်းလည်နေပြီး မနားတမ်း ဖြေကြားနေခဲ့ရရှာသည်။

အစိုးရ၏ တုံ့ပြန်မှုကလည်း မြန်သည်။ ဝန်ကြီးချုပ် ယင်းလပ်က မဲဝေါင် အမျိုးသားဥယျာဉ်တွင် ဆည် ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်လုပ်သင့် မလုပ်သင့်ကို စုံစမ်းဦးမည်၊ ပြည်သူ့ဆန္ဒကို နားထောင်ပြီးမှ လုပ်သင့် မလုပ်သင့် ဆက်ဆုံးဖြတ်မည်ဟု ပြောကာ ချွေးသိပ်လိုက်သည်။

ထိုင်းနိုင်ငံအတွင်း အခွင့်အရေး လှုပ်ရှားများက ယခုဆယ်စုနှစ်အတွင်း ပိုပြီးစိပ်လာသည်။ ဟိုတိုက်ပွဲ သည်တိုက်ပွဲတွေ လုပ်သမျှမှာလည်း အောင်မြင်သွားသည်က များသဖြင့် ပြည်သူ့တိုက်ပွဲတွေ ပိုတောင်းပြီး ပိုတိုက်ပွဲ ဆင်လာကြခြင်း ဖြစ်ဟန်တူသည်။ ဘန်ကောက်တွင် လျှပ်စစ်မီး ရရှိရေး တိုက်ပွဲများလည်း ဆင်နွှဲကြသည်။ အိမ်နီးချင်း လာအိုနှင့် မြန်မာနိုင်ငံများမှာ ကဲ့သို့ လျှပ်စစ်သည် စီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်နေသောကြောင့် လျှပ်စစ်ကို အကြောင်း ပြုပြီး တိုက်ပွဲဆင်ရခြင်းက ပိုပြီး လူထုကို ဆွဲဆောင်နိုင်သော သည်းခြေကြိုက် လှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာစေသည်။

သို့သော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အနေနှင့် လှုပ်ရှားမှုတွေကို မရပ်မနား ဆင်နွှဲရန် အကြောင်းတွေက များလှသည်။ ထိုင်းနိုင်ငံအတွင်း ဆည်ကြီးများ အနီးတွင် နေထိုင်သူများ အတွက် လုံခြုံမှု မရှိခြင်းကို အကြောင်းပြကာ ဆန္ဒပြရန်အထိ လှုံ့ဆော်မှုတွေက များလှသည်။

ထိုင်းနိုင်ငံတွင် လျှပ်စစ်မီးသည် ရေအားလျှပ်စစ်ကိုသာ အားထားနေရသည်။ ပြည်တွင်း၌ မလုံလောက်သဖြင့် အိမ်နီးချင်း နိုင်ငံများအထိ ခြေဆန့်ပြီး လျှပ်စစ်ဓာတ်အားကို ဝယ်သုံးနေရသည့် အနေအထား တွင်လည်း ရှိနေသည်။ ယမန်နှစ်ကအထိ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၁၁ ရာခိုင်နှုန်း ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရင်းမြစ်တစ်ခု ထူထောင်ရသည်မှာ သက်သောင့် သက်သာတော့ မဟုတ်။ ရေအားလျှပ်စစ် ထုတ်ယူနိုင်ရန် တည်ဆောက်ရသည့် စရိတ်များကလည်း ရေရှည် ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိနိုင်ရေးအတွက် ပြည်ပနိုင်ငံများက လျှပ်စစ်ဓာတ်အား တင်ပို့မှုအပေါ် ထိုင်းနိုင်ငံသည် မှီခိုနေရသည့် အနေအထားတွင် ရှိနေသည်။

ရေအားလျှပ်စစ် တင်ပို့ရောင်းချမှုသည် ရေနံ တင်ပို့ရောင်းချသလိုမျိုး မဟုတ်ပေ။ ဈေးကွက်တွင် ဈေးနှုန်း အတက်အကျနှင့် ကစား၍မရသော ပို့ကုန်ဟု ဆိုနိုင်သည်။

လာအိုနိုင်ငံသည် သဘာဝ ရေရင်းမြစ် ပေါသောနိုင်ငံ ဖြစ်သဖြင့် ရေအားလျှပ်စစ် လုပ်ငန်းအတွက် ဆည် တည်ဆောက်ထားမှု များကို ရင်းနှီး ပြုလုပ်ထားနိုင်သည်။ သို့ဖြစ်ရာ လာအိုနိုင်ငံကို ‘အရှေ့တောင်အာရှ၏ ဘက်ထရီနိုင်ငံ’ ဟုပင် တင်စားရလောက်အောင် လျှပ်စစ် ရင်းမြစ်များ ကြွယ်ဝနေသည်ဟု ဆိုရမည်။ ယမန်နှစ်ကအထိ ထိုင်းနိုင်ငံတွင် လိုအပ်နေသော လျှပ်စစ်ဓာတ်အား ၆ ရာခိုင်နှုန်းကို လာအိုနိုင်ငံက ယူသုံးနေရသည်။

ထိုင်းနိုင်ငံသည် လာအိုနိုင်ငံ ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဓာတ်အားပေး စက်ရုံကြီး ငါးရုံထံမှ လျှပ်စစ်ဓာတ်အားများကို ဝယ်သုံးနေရသည်။ ထို့ပြင် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ (EGAT) ကလည်း နိုင်ငံအတွင်း ဆည်ကြီးငါးခု ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရန် စိတ်ဝင်စားနေသည်။ အကယ်၍ ထိုဆည်ကြီးငါးခု ဆောက်ပြီး ရေမှ လျှပ်စစ်ဓာတ်အား ထုတ်နိုင်မည်ဆိုလျှင် ထိုင်းနိုင်ငံအတွက် မဂ္ဂါဝပ် ၂၈၀၀ ကျော် ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့များပို့ကာ ရောင်းချပေးနေသည်။ EGAT အဖွဲ့အနေနှင့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု အောင်မြင်သွားလျှင်ပင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့များ ဝယ်သုံးနေရမှုကို ရပ်ဆိုင်းလိုက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း ဟက်ကြီးဆည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်တွင် တည်ဆောက် ထားသော မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းသာ ပြီးစီးသွားလျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ခန့် ထုတ်ယူနိုင်မည် ဖြစ်သဖြင့် ယင်းမှထိုင်းနိုင်ငံသည် လျှပ်စစ်ဓာတ်အား မည်မျှ ရရှိနိုင်မည်ကိုလည်း မျှော်ကိုးနေဟန် တူသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ လည်ပတ်နေသော ရေအားလျှပ်စစ် လုပ်ငန်းများကို EGAT၊ ထိုင်းနှင့် တရုတ် ကုမ္ပဏီများ ဦးစီးလုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ရပ်တည်ချက်တစ်ခုမှာ အိမ်နီးချင်း နိုင်ငံများထံမှ လျှပ်စစ်ဓာတ်အားကို ရသလောက် ဝယ်ပြီးသုံးရန်သာ ဖြစ်ကြောင်းမှာ ထင်ရှားနေသည်။ EGAT အဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးက သတင်းထောက်များကို ပြောကြားရာတွင် “ကျုပ်တို့ကတော့ ရသလောက် ဝယ်သုံးနေမှာပဲ” ဟု ဆိုထားသည့် စကားသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲရေးနှင့် ပတ်သက်သည့် မူဝါဒသာ ဖြစ်ပေလိမ့်မည်။

ထိုင်းနိုင်ငံ အစိုးရသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ပတ်သက်ပြီး မည်မျှ ခေါင်းခဲနေရကြောင်းကို လူ့အခွင့်အရေး လှုပ်ရှားသူများက သိချင်မှ သိကြပေလိမ့်မည်။ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ပတ်သက်ပြီး စနစ်ကျသော လေ့လာသုံးသပ်ထားချက်များ မရှိသောကြောင့် အတိအကျ ထုတ်ပြန်နိုင်မည်လည်း မထင်ပေ။ သို့ဖြစ်ရာ လိုသည်ပြောလေ နိုင်ငံခြား တိုင်းပြည်များက လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲနေမှုများ ရှိနေဦးမည်သာ ဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ လုပ်ငန်းများတွင် အကျင့်ပျက် ခြစားမှုများနှင့် ပြည့်နေကြောင်း မဲခေါင် စွမ်းအင်နှင့် ဂေဟစနစ်ကွန်ရက် ညွှန်ကြားရေးမှူး မစ္စတာ ဝီတွန်ပန်ပုံဆာချာရွန်က ဆိုသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဒေသတွင်း စွမ်းအင်လုပ်ငန်းတွင် ပြိုင်ဆိုင် လုပ်ကိုင်ခွင့်များ မရှိခြင်း၊ လုပ်ငန်းကို ဆက်လက် အကောင်အထည် ဖော်ရန်အတွက် နိုင်ငံရေးအရ ကန့်သတ်ချက်တွေ များနေခြင်းကြောင့် ဖြစ်သည်။

ဥပမာ- လာအိုနိုင်ငံသည် ကွန်မြူနစ်နိုင်ငံ ဖြစ်သောကြောင့် ကန့်သတ် တားမြစ်ချက်များက နိုင်ငံရေးသဘောထား ကွဲလွဲမှုများ ဖြစ်စေနိုင်သည်အထိ တင်းမာမှုများ ဖြစ်နိုင်သည်။ “ဈေးကွက်နဲ့ နိုင်ငံတော်ကို အစိုးရ ဝန်ထမ်းတွေကပဲ ချုပ်ကိုင်ထားကြတာ။ တစ်ပါတီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်နေတော့ အစိုးရ ဝန်ထမ်းတွေကလည်း သိပ်ပြီးတော့ အရေးမပါလှပါဘူး” ဟု ဝီတွန်က ဆိုသည်။

ကမ္ဘာ့ NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် International Rivers အဖွဲ့ကလည်း နိုင်ငံတကာ လှည့်ပြီး မြစ်ကြောင်းများ ထိန်းသိမ်းရေးကို အော်ဟစ်နေကြသည်။ လာအိုနိုင်ငံ အလယ်ပိုင်းရှိ အမှတ် ၂ နမ်သီယမ်ဆည် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ မူဝါဒများကလည်း ဝေဖန်စရာတွေ ဖြစ်နေသည်။ ဆည် တည်ဆောက်ရေး ပြုလုပ်နေသည့် မြစ်အောက်ပိုင်း ဒေသတွင် နေထိုင်ကြသူများ ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခွင့်ပြုထားသည့် ငွေပမာဏအပေါ် သူတို့က မကျေနပ်သဖြင့် ပြဿနာ ရှာနေကြခြင်း ဖြစ်သည်။

EGAT မှ မစ္စတာမောင်ကိုးက ‘နိုင်ငံတကာစံ’ ဆိုသည့် စကားလုံးကို တွင်တွင်သုံးပြီး လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့များကို ထိုစံအတိုင်း လိုက်နာ ကျင့်သုံးရန် ပြောတတ်သည်။ သို့သော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေအားလျှပ်စစ်ကို နိုင်ငံခြား တိုင်းပြည်များက ဝယ်ယူသုံးစွဲနိုင်ရေး ဆိုသည့်အချက်မှာ မည်မျှအထိ ဆက်လက် ရရှိနိုင်မည်နည်း ဆိုသည့် အချက်ကလည်း မရေရာသည့် အနေအထားတွင် ရှိနေသည်။

EGAT ကမည်မျှအထိ မျှော်လင့်ထားသနည်း ဆိုလျှင် အိမ်နီးချင်း နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ် ကြီးမြင့်သဖြင့် ထိုနိုင်ငံများက ရင်းမြစ်များကို မိမိတို့နိုင်ငံ အတွင်းသို့ သွင်းပြီး လျှပ်စစ်ဓာတ်အားကို ထိုနိုင်ငံများသို့ ပြန်လည် တင်ပို့ကာ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရန်အထိ ကြံစည်ထားကြသည်။

အကြီးမားဆုံး ပြဿနာတစ်ခုမှာ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲ နေရမှုကို မည်မျှအထိ ဆက်လက် ထိန်းထားနိုင်မည်နည်း ဆိုသည့်အချက် ဖြစ်သည်။ ထိုင်းနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေရသကဲ့သို့ မိမိတို့ ဝယ်ယူနေရသည့် နိုင်ငံများတွင်လည်း ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများထံမှ လျှပ်စစ်ဓာတ်အားကို ဆွဲထုတ်ယူလိုက်ခြင်းသည် ထိုနိုင်ငံများတွင် ပိုလျှံနေသောကြောင့် မဟုတ်ဘဲ ထိုနိုင်ငံများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးမှ ရနေခြင်းသည် နောက်ပိုင်းတွင် ထိုင်းနိုင်ငံအပေါ် တန်ပြန် သက်ရောက်လာနိုင်သည့် ပြဿနာများ ဖြစ်သည်။

နိုင်ငံတကာ စွမ်းအင်အဖွဲ့ (IEA) ၏ အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းနှင့် လာအိုပြည်သူ ၂၂ ရာခိုင်နှုန်းခန့်သည် လျှပ်စစ်မီး မရရှိဟု ဆိုထားသည်။

ထိုအစီရင်ခံစာ လောက်နှင့်လည်း ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများထံက လျှပ်စစ်ဓာတ်အား ဖြတ်တောက်ယူငင် ဝယ်ယူသုံးစွဲနေခြင်းကို ရပ်တန့် လိမ့်မည်လည်း မဟုတ်ပေ။

ပြီးခဲ့သည့် အောက်တိုဘာလက ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ပုံဆက်ရက်တာပံပိုင်ဆယ်က မိုင်းတုံတွင် ဆောက်လုပ်နေသည့် ဆည်ကြီးကို အမြန်ဆုံး ပြီးစီးအောင် ဆောင်လုပ်နိုင်ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။ ထိုဆည်ကြီး ပြီးသွားလျှင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀,၀၀၀ ခန့် ရနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသည် လာမည့်လအတွင်း ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးမှောင် ကျသွားသည့် အဖြစ်မျိုး မရောက်စေရန် အတော်လေး ကြိုးပမ်းနေရသည့် အနေအထားတွင် ရှိနေသည်။ နိုင်ငံအတွင်း စိတ်မချရသည့် လျှပ်စစ်ဓာတ်အား ပေးဝေရေး အနေအထားကြောင့် မီးစက်ကြီးများ၏ အထောက်အကူကို ယူကာ မကြာမီ မြို့ရွာများအတွင်း မီးစက်သံတွေ တအုန်းအုန်းနှင့် ဆူညံလာနိုင်စရာ အကြောင်းတွေကလည်း ရှိနေသည်။

မိမိတို့ နိုင်ငံအတွင်း သဘာဝ ထိန်းသိမ်းရေးသမားများ၏ ကန့်ကွက် ဆန္ဒပြမှုများကြောင့် သဘာဝကို ပျက်စီးစေသော ဆည်များကို မဆောက်တော့ဘဲ ပြဿနာပေါင်း များစွာကို ရင်ဆိုင်ပြီး ဆည်ဆောက်နေသည့် အိမ်နီးချင်း နိုင်ငံများထံမှ လျှပ်စစ်ဓာတ်အားများ ဝယ်ယူသုံးစွဲ နေရမှုသည် ဘန်ကောက်အတွက် အဖြေမရှိသော ပုစ္ဆာသာ ဖြစ်သည်။

အိမ်နီးချင်း နိုင်ငံများသည်လည်း သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ လိုအပ်ကြမည်သာ ဖြစ်သည်။ တစ်ဦး အရှက်လုံရန် အတွက် တစ်ဦးက အဝတ်တွေ ပုံပေးပြီး ကိုယ်လုံးတီးနေရန် ဆိုသည်ကတော့ မမျှတရာ ရောက်ပေလိမ့်မည်။

အယ်ဒီတာတစ်ဦး
Ref: Damming Questions for Thailand, Tan Hui Yee ၏ ဆောင်းပါးကို မှီငြမ်းပါသည်။
The Voice Weekly