ပေါက်တော ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၄၀၀၀ ကျော် မူရင်းနေရာပြန်ပို့

ပို့စ်တင်ချိန် - 11/13/2013 09:22:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁၁

အကြမ်းဖက်မှုများ ဖြစ်ပွားမှုကြောင့် လူသုံးဦး သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည် ၄၂၀၀ ကျော်ကို ၄င်းတို့ မူလနေထိုင်ရာ ပေါက်တောမြို့နယ် အတွင်းမှ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါမြို့နယ် အာဏာပိုင်များထံမှ သိရှိရသည်။

အဆိုပါ ဘင်္ဂါလီဒုက္ခသည်များကို ငှက်ချောင်း ဒုက္ခသည်စခန်းမှ ဆင်တက်မော် ဒုက္ခသည်စခန်းသို့ မဟာစင် မုန်တိုင်းကြောင့် မေလတွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခု မူလနေရာသို့ ပြန်လည် ပြောင်းရွှေ့ပေးခြင်း ဖြစ်ကြောင်း၊ ဘင်္ဂါလီဒုက္ခသည် အိမ်ထောင်စု ၃၅၈ စုနှင့် လူဦးရေ ၄၂၀၀ ကျော်ကို ပြောင်းရွှေ့ပေးထားပြီး ဖြစ်ကြောင်း အဆိုပါ အာဏာပိုင်များထံမှ သိရှိရသည်။

ဘင်္ဂါလီ ဒုက္ခသည်များကို နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြောင်းရွှေ့ပေးနေခြင်း ဖြစ်ကြောင်း ပေါက်တောမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရခိုင်အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ဆင်တက်မော် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဘင်္ဂါလီတစ်ဦးကို နိုဝင်ဘာလ ၄ ရက်နေ့က စစ်တွေခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် ရခိုင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂါလီနှစ်ဦး သေဆုံးခဲ့သည်။
The Voice Weekly