ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် နိုင်ငံများထဲတွင် ထိပ်ဆုံး၌ မြန်မာနိုင်ငံပါဝင်ဟု ထိုင်းဒုရဲချုပ် ပြောကြား

ပို့စ်တင်ချိန် - 11/13/2013 09:01:00 AM


ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် နိုင်ငံများထဲတွင် ထိပ်ဆုံးစာရင်း၌ မြန်မာနိုင်ငံ ပါဝင်နေပြီး အများစုမှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေခြင်းတို့ ခံနေရကြောင်း ထိုင်းနိုင်ငံ Royal Thai Police မှ ဒုတိယ ရဲချုပ် Pol.Gen.Chatchawal Suksomjit က ပြောကြားသည်။

ထိုင်းနိုင်ငံRoyal Thai Police မှ ဒုတိယရဲချုပ် Pol.Gen.Chatchawal Suksomjit က နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Hotel Yangon ကျင်းပခဲ့သည့် လူကုန်ကူးမှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ တရားစီရင်ရေး အပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လူကုန်ကူးမှု သုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ပြည့်တန်ဆာလုပ်ငန်း အတွက် လူကုန်ကူးခြင်း၊ ဒုတိယကတော့ အလုပ်စေခိုင်းဖို့အတွက် လူကုန်ကူးခြင်း ဖြစ်ပါတယ်။ တတိယကတော့ သူတောင်းစားအဖြစ် ခေါ်ပြီးတော့ လူကုန်ကူးခြင်း ဖြစ်ပါတယ်။ ထိပ်ဆုံးကတော့ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခြင်းက ထိပ်ဆုံးက ရှိပါတယ်။ ခံရတဲ့ သားကောင်တွေထဲက အများဆုံးဆိုရင် မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံသားတွေက  ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရတာ များပါတယ်။ ထို့အတူ အလုပ်စေခိုင်းဖို့အတွက် လူကုန်ကူးခြင်း ခံရတာက မြန်မာနိုင်ငံသားတွေ များပါတယ်" ဟု ထိုင်းနိုင်ငံ၊ Royal Thai Police မှ ဒုတိယရဲချုပ် Pol.Gen.Chatchawal Suksomjit က ထပ်မံ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများထဲတွင် တရားဝင်လာပြီး လူကုန်ကူးခံရခြင်းမျိုး ရှိသလို တရားမ၀င်လာပြီး လူကုန်ကူးခံရခြင်းများ ရှိကြောင်း သိရှိရပြီး ၎င်းတို့မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေ ခံရခြင်းတို့တွင် အများစုပါဝင်ပြီး သူတောင်းစားအဖြစ် ခိုင်းစေခံရခြင်းတို့လည်း ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူများသည် တရားဝင် လာရောက်သည်ဖြစ်စေ၊ တရားမ၀င် ၀င်ရောက်လာသည်ဖြစ်စေ လူကုန်ကူးခံရပါက ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မရှိသလို တရားမ၀င် အလုပ်လုပ်ကိုင်ခြင်းဆိုသည့် အလုပ်သမား ဥပဒေနှင့်လည်း အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံ Royal Thai Police မှ ဒုတိယရဲချုပ် Pol.Gen.Chatchawal Suksomjit က ဆက်လက် ပြောကြားသည်။
Eleven Media Group