မြန်မာဆီးဂိမ်းတင်ဆက်မှု အင်ဒိုဆီးဂိမ်းထက်သာမည်ဟု တာဝန်ရှိသူများ အာမခံထား

ပို့စ်တင်ချိန် - 11/13/2013 02:58:00 PM


ဟိန်းထက်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအတွက် ကြိုတင် သရုပ်ဖော်လေ့ကျင့်မှုများကို နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိဘောလုံး ကွင်းအတွင်း စတင်လေ့ကျင့်မှုများ ပြုလုပ်နေပြီးနောက် အင်ဒိုဆီးဂိမ်းထက်ပို၍ကောင်းမွန်သည့် တင် ဆက်မှုကို မြင်တွေ့ရမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက အာမခံပြောဆို လိုက်သည်။

“ကျွန်တော်တို့ ဆီးဂိမ်းကို အင်ဒိုဆီးဂိမ်းထက်သာမလားလို့ မီဒီယာတွေက အမြဲမေးတယ် “သာမှာပါ” အခုဆိုရင် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ လုပ်ထားတဲ့စင်တွေ LED မီးဘုတ်တွေ အားလုံးသူတို့ထက်သာပါတယ်။ ဖျော်ဖြေရေး သရုပ်ပြအပိုင်းမှာလည်း အားလုံးအဆင်ပြေပါတယ်။ ကြိုးတွေ နဲ့ အပေါ်ကနေ “က” မယ့်ကလေးတွေလည်း လေ့ကျင့်မှုတွေလည်းအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ အင်ဒိုဆီးဂိမ်းထက်သာရမယ်လို့ ကျွန်တော်အာမခံရဲပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် တရုတ်နိုင်ငံမှ နည်းပညာအကူအညီများရယူ ထားသော်လည်း မြန်မာ့နည်းမြန်မာ့ဟန်ကို ပေါ်လွင်အောင် တင်ဆက်သွားမည်ဟုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ တရုတ်က နည်းပညာအကူအညီပဲယူ ထားတာပါ။ အစီအစဉ်တွေအားလုံးကို တစ်ခုချင်းစီလေ့ကျင့်သွားမှာပါ သူ့အပိုင်းနဲ့သူပေါ့။ အကသရုပ် ဖော်တာတွေနဲ့ ကျန်တာတွေအားလုံးကို မြန်မာမှုမြန်မာ့ဟန်နဲ့ ပေါ်လွင်အောင် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အစမ်းလေ့ကျင့်မှု အခမ်းအနားတွင် ကလေးငယ် ၈၀၀၀ ကျော်တို့က ပါဝင်သရုပ်ဖော် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကျောင်းသား/သူ လူငယ်များ ပါဝင်သရုပ်ပြဖျော် ဖြေခဲ့ကြသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင် ကျင်း ပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိဘောလုံးကွင်း တွင် ပြုလုပ်ကျင်းပမည် ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Mizzima - News in Burmese