ဦးသိန်းစိန် ဥပဒေချိုးဖောက်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သတိပေး

ပို့စ်တင်ချိန် - 11/13/2013 06:08:00 PM


ဥပဒေအတိုင်းဆိုရင်  ... သမ္မတလစာက သိန်း ၅၀ ဖြစ်တယ်၊ သို့သော်လည်း
ဦးသိန်းစိန်က    တလ ငွေကျပ် ၁၅ သိန်းပဲ ယူနေပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ အင်း... ဘာမှမဖြစ်ဘူးလို့ ယူဆခဲ့ရပေမယ့် အခုတော့ ဖြစ်နေတယ်ဆိုပါတော့။

ဒီလို လျှော့ယူတာဟာ  ဥပဒေ ချိုးဖောက်တာပဲ ဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ် တဲ့။


 လွှတ်တော် အစည်းအဝေးမှာ -  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ်မှာ  သတိပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သိန်း ၅၀ ကို ယူသင့်တယ်၊ မယူ တဲ့ အတွက်  ဥပဒေ ကို ပြန်ြပင်နေရတယ် လို့ ဦးခင်အောင်မြင့်က ပြောပါတယ် တဲ့။





 ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းရင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြတယ်လို့ သိရပါတယ်။

ဒီတော့... ဥပဒေပါ အတိုင်း သိန်း ၅၀ ယူမလား၊ မယူဘူးလား ဆိုတာ
သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက်ဖုန်းဆက်ဖို့ ဦးခင်အောင်မြင့်က ဒုဝန်ကြီးကို ပြောလိုက်ပါတယ် တဲ့။

ချက်ချင်း ဖုန်းဆက်လိုက်ပုံရပါတယ်၊ သမ္မတဆီက ပြန်လာတဲ့အဖြေက ... သမ္မတလစာနှုန်း သတ်မှတ်ချက်ကို လွှတ်တော်က သတ်မှတ်ပေးဖို့ အကြောင်းပြန်တယ် ဆိုပဲ။ ဗဟိုအစိုးရအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်မပြုနိုင်သေးပါဘူး။

လစာ လျှော့ယူခြင်းဟာ ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း  သိထားရတာ ကောင်းပါတယ်။
ဥပဒေနားလည်ဖို့ဆိုတာ သာမန်လူ မပြောနဲ့ သမ္မတရာထူး ယူထားရသူအတွက်တောင် ခက်ခဲတယ်မဟုတ်လား။

ဥပဒေကို လေးစားတဲ့အနေနဲ့ ကျနော် ဧရာဝတီဘလော့သတင်းထောက် စည်သူလင်းလည်း
လစာ လျှော့ယူဖို့ အစီအစဉ် မရှိကြောင်း တာဝန်ရှိသူများကို ဒီနေရာကနေ တရားဝင် အကြောင်းကြားပါတယ်။

Irrawaddy