မြန်မာ့ခြင်းလုံးများ နိုင်ငံတကာသို့ ဖြန့်ဝေသွားမည်

ပို့စ်တင်ချိန် - 11/13/2013 03:45:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၃။

မြန်မာ့ခြင်းလုံး အားကစားနည်း ပြန့်ပွားစေရန်အတွက် ခြင်းလုံး အလုံးရေ တစ်သိန်းနီးပါး နိုင်ငံတကာနှင့် ပြည်တွင်းသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ ချုပ် အတွင်းရေးမှုးဦးရဲအောင်က ပြောသည်။

“အခုလက်ရှိတော့ ထောက်ပံ့ပေးမယ့် ကုမ္ပဏီတွေနဲ့  ညှိုနှိုင်းနေပါတယ်။ အလုံးအရေအတွက်ကတော့ များများယူမယ် တစ်သိန်းနီးပါးပေါ့။ ကျော်ရင်လည်း ကျော်မယ်။ အဲဒီပမာဏလောက်ထိ ဖြစ်သွားမှာပါ”ဟု ၎င်းကပြောသည်။

ယင်းသို့ ဖြန့်ဝေမှုကို ကုမ္ပဏီများနှင့် စာချုပ်ချုပ်အပြီးနောက် နှစ်ဆန်းတွင် ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့ခြင်းလုံး အားကစားနည်းကို စိတ်ဝင်စားသော နိုင်ငံများတွင် ခြင်းလုံး အားကစားနည်း ကျယ်ပြန့်စေရန်အတွက် အခမဲ့ဖြန့် ဝေသွားမည်ဖြစ်ကြောင်း၊ ဆီးဂိမ်းတွင် ပါဝင်မည့် နိုင်ငံများအပြင် ဂျပန်၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံများကိုပါ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း ဦးရဲအောင်က ပြောသည်။

ဖြန့်ဝေပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံ တစ်ဝှမ်းရှိ ခြင်းလုံးယက်လုပ် ရောင်းချသူ လုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူထားသော ခြင်းလုံးများမှာ အလေးချိန် ၁၄၀ဂရမ်မှ ၁၆၅ဂရမ်ကြား၊ လုံးပတ်မှာ ၄၈စင်တီမီတာမှ ၅၀စင်တီမီတာကြား၊ အချင်းမှာ၁၄.၆စင်တီမီတာမှ ၁၆စင်တီမီတာကြား၊ ခြင်းလုံးအရောင်မှာ အဖြူရောင် ရှိရမည်ဖြစ်သည်။

လူလူ
The Myanma Age