န၀င်းချောင်းကူးတံတား ပြိုကျမည့်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေ

ပို့စ်တင်ချိန် - 1/18/2014 06:00:00 PM


ပြည်မြို့၊ န၀င်းနယ်မြေအတွင်းရှိ န၀င်းချောင်းကူးတံတားမှာ ရေတိုက်စားမှုနှင့် တန်ပိုယာဉ်များ မဆင်မခြင်မောင်းနှင်မှုကြောင့် ပျက်စီးယိုယွင်းလာကာ စိုးရိမ်ဖွယ်အနေအထားဖြစ်နေကြောင်း သတင်းရရှိသည်။

““မနှစ်က မိုးတွင်းတုန်းက ရေကြီးရေလျှံဖြစ်ခဲ့တာရယ်၊ ရေတိုက်စားမှုကြောင့်ရယ်၊ ညအချိန်တွေမှာ တန်ပိုယာဉ်တွေခိုးမောင်းတာတွေကြောင့် တံတားကြီးပျက်စီးမှုဟာ စိုးရိမ်စရာပါ။ ဒီနှစ်မိုးတွင်း ရေတက်လာရင် တိုင်တွေပြုတ်ပြီး ပြိုကျသွားနိုင်တယ်။ အခုတောင် အောက်ခြေတိုင်ကိုးလုံးလောက်က မြေကြီးနဲ့လွတ်ထွက်နေပြီ””ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားကြီးကို ၂၀၀၃ တွင် တည်ဆောက်ပြီး အရှည် ၂၅၇ ပေ၊ အကျယ် ၁၄ ပေရှိကာ သစ်သားသံကူ တံတားအမျိုးအစား ဖြစ်သည်။ တံတားကြီးတစ်ဖက်တွင် ကျေးရွာပေါင်း ၁၂ ရွာနှင့် သကြားစက်၊ ရဲတပ်ရင်း၊ သံချပ်ကာတပ်တို့ရှိပြီး ယင်းတို့အဓိကအားထား ဖြတ်သန်းသွားလာနေရသောတံတားဖြစ်သည်။
““ချောင်းရေတိုက်စားတာကြောင့် ချောင်းဘေးရွာက တချို့ အိမ်တွေဆို ဖယ်လိုက်ရတာရှိတယ်။ အခုဆို န၀င်းလမ်းကို တိုက်စားလာတာ ကတ္တရာလမ်းနဲ့ထိဖို့ တစ်ပေလောက်ပဲလိုတော့တယ်”” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ထို့ကြောင့်အဆိုပါတံတားကြီး ပျက်စီးလာမှုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက ““ဒီတံတားကြီးက အသစ်ပြန်လည်တည်ဆောက်မှကိုဖြစ်မှာ။ ခက်ခဲနေတာက တံတားက စည်ပင်အပိုင်လည်းမဟုတ်ဘူး။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်လည်းမဟုတ်ဘဲ ကြားထဲမှာ ပျောက်နေတယ်။ အဲဒီတော့ ပြည်သူ့ဆောက်လုပ်ရေးအပိုင်ထဲကိုရောက်အောင် အရင်ဆုံးလုပ်ရမယ်။ ကုန်ကျငွေက တိုင်းဒေသကြီးရန်ပုံငွေနဲ့လည်း မရနိုင်ဘူး။ ပြည်ထောင်စုအစိုးရရန်ပုံငွေနဲ့မှ ဖြစ်နိုင်မယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း တင်ပြထားပြီးသား။ နာယကကြီး ပြည်ကိုလာတုန်းကလည်း ထပ်ပြီးတင်ပြထားသေးတယ်။ ဒါပေမဲ့ အခြေအနေ မထူးသေးဘူး။ တံတားက ဒီနှစ်မိုးတွင်းကို မခံနိုင်လောက်ဘူး””ဟု ဆိုသည်။

ယခုနှစ်မိုးတွင်းကာလမရောက်မီ န၀င်းချောင်းကူးတံတားကို တည်ဆောက်ရေးအတွက် ရန်ပုံငွေ အမြန်ဆုံးရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မိုးတွင်းအမီ အစိုးရရန်ပုံငွေမရရှိသေးပါက တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ရန်ပုံငွေမှ ပြင်ဆင်စရိတ်တောင်းခံပြီး ပြင်ဆင်သွားရန်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဇော်မင်းထိုက်
ပြည်

7day Daily