ပေါက်တောတက္ကသိုလ်ကျောင်းသား/သူများအသင်းမှ (၂၂၉) နှစ်မြောက်နေ့တွင် ဆုတောင်းပွဲ ပြုလုပ်

ပို့စ်တင်ချိန် - 1/01/2014 09:45:00 PM


( နိရဉ္စရာ- ၁ ဇန်န၀ါရီ ၂၀၁၃) / လင်းမြတ် (ပေါက်တော)

ပေါက်တောမြို့နယ်လုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားကျောင်းသူများ အဖွဲ့(AAUSP) မှ ဦးဆောင်ပြီး (၂၂၉) နှစ်ပြည့်မြောက် ရခိုင့် ဘုရင့် နိုင်ငံတော်ကျဆုံးနေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ အခမ်းအနား တစ်ခုကို ပေါက်တောမြို့ လောကထိပ်ပန် ဘုရားကြီး ရင်ပြင်ပေါ်တွင် ၂၀၁၃ ခု ဒီဇင်ဘာလ (၃၁) ရက်နေ့ ညနေက ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆုတောင်းပွဲ အခမ်းအနားအား (၇)နာရီခန့်တွင် စတင်ကျင်းပရာ ပေါက်တောမြို့နယ်မှရဟန်းရှင်လူ (၃၀၀ ) ခန့် တက်ရောက်ပြီး အသျှင် နာဂိန္ဒ မော်ကွန်း (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်း တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ခဲ့ကြပြီး  ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအကျိုးအတွက် ကြိုးပမ်းရင်း ကျဆုံးခဲ့ကြသူများနှင့်  ရခိုင်ပြည်နယ် ငြိမ်းချမ်းမူ ရရှိစေရန် ဆုတောင်းခဲ့ကြသည်။

ဆုတောင်းပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး AAUSP နာယကတစ်ဦးမှ အတိတ်ကို သင်ခန်းစာယူရန်နှင့် အနာဂတ် ရခိုင်ပြည်အတွက် အကောင်းနိုင်ဆုံး လုပ်ဆောင်ကြရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပြောရရင်  ကြေကွဲဖွယ်ကောင်းတဲ့ သမိုင်းဝင် နေ့ရက် တစ်ရက်ကို အမှောင် ဖုံးခံနေရတဲ့ ရခိုင် လူငယ်တွေအနေနဲ့ မေ့ပျောက်မနေကြစေဖို့နဲ့ အတိတ်ကို သင်ခန်းစာယူပြီး  လက်ရှိ ရခိုင်ပြည်အတွက် အကောင်းဆုံး ရှေ့ဆက်နိုင်ကြရန်ရည်ရွယ်င်္ပြီး ကျင်းပရတာဖြစ်ပါတယ်” ဟု ယင်းကဆိုသည်။

ယင်းပြင် ရခိုင်လူငယ်များ အနေဖြင့် မိမိလူမျိုး၊ မိမိသမိုင်းကို မသိဘဲ မှားယွင်းစွာ ပျော်ရွင်နေကြားမှ ရုန်ကန် နိုးထစေရန် အဓိကရည်ရွယ်ကြောင်း သူကဆိုသည်။

အခမ်းအနားတွင် ကျဆုံးသွားသော ရခိုင်အာဇာနည်များအတွက် ရည်မှန်းပြီး လောကထိပ်ပန်ဘုရားကြီးအား ပန်းကပ်လှူ၊ ဆီမီး ၂၂၉ ခုတိတိကို ထွန်းညှိ ပူဇော်ကာ အမျှအတမ်းဝေခြင်း၊ မေတ္တာပို့ခြင်းနှင့် တစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသောဆရာတော်၊ သံဃာတော်များ၊ ပေါက်တောမြို့ မြို့မိ မြို့ဖများထဲမှ ဆရာတော် ဦးစန္ဒသီရိ၊ ဆရာတော် ဦးအဉ္စန၊ ဦးသာထွန်းအေး၊ ဦးစောထွန်းစိန်၊ ဒေါ်စိန်လှမေ၊ ဦးကျော်ဟိန်းနှင့် AAUSP အသင်းဝင်များမှ  တက်ရောက် ဟောပြောခဲ့ကြသည်။

ပေါက်တောမြို့ပေါ်ရပ်ကွက်များတွင်လည်း အိမ်တိုင်းလိုလိုတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ယင်းနေ့ ညနေ့ ဆီမီးပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
Burmesenews narinjara