SEA Games ကုန်ကျစရိတ် လွှတ်တော်တင်မည်

ပို့စ်တင်ချိန် - 1/01/2014 01:30:00 AM

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အသုံးစရိတ် ကုန်ကျမှုများကို ဇန်နဝါရီလတွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။ နှစ်ပေါင်း ၄၄ နှစ်အကြာတွင် ပြန်လည် ကျင်းပခွင့်ရခဲ့သည့် ယင်းပြိုင်ပွဲကြီး၏ စုစုပေါင်း အသုံးစရိတ်မည်မျှ ရှိသည်ကို လက်ရှိအချိန်တွင် အတိအကျ မပြောနိုင်ခြင်းမှာ ပြိုင်ပွဲကျင်းပရေး ကော်မတီ ၁၄ ခုသည် လွှတ်တော်က ချထားပေးသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲခြင်းဖြစ်ရာ ကုန်ကျစရိတ်အားလုံးမတွက် ချက်နိုင်သေးသောကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့၍ ဆောင်ရွက်ခဲ့ရာတွင် ဖွင့်ပွဲပိတ်ပွဲ တာဝန်ယူရသည့် ယဉ်ကျေးမှု ဝန်ကြီးဌာနက လူအင်အားများစွာ သုံးစွဲခဲ့ရသည့်အတွက် အခြားကော်မတီများထက် အသုံးစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ ယင်းအသုံးစရိတ်ကို ကော်မတီ အားလုံးက သုံးစွဲခြင်းဖြစ်သောကြောင့် ကော်မတီတစ်ခုနှင့် တစ်ခု အသုံးစရိတ် တူညီမည် မဟုတ်ကြောင်း အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်လည်းရှိသူ ၎င်းက ဆက်လက်ရှင်းပြသည်။ SEA Games ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အားကစားကွင်းနှင့် တည်းခိုနေထိုင်ရေး အဆောက်အအုံများ တည်ဆောက်ရေး ကော်မတီ၊ ပြိုင်ပွဲတိုင်း ပါဝင်ယှဉ်ပြိုင်ရေးနှင့် အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီ၊ ပြိုင်ပွဲများ မှတ်ပုံတင်ခြင်းနှင့် အားကစားပြိုင်ပွဲ နည်းစနစ် ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ကော်မတီ၊ လုံခြုံရေး ကော်မတီ၊ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ရေးကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ၊ ဆက်သွယ်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေး ကော်မတီ၊ လူထုစည်းရုံးလှုံ့ဆော်ရေး၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် အစားအသောက် ဧည့်ခံကျွေးမွေးရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ကော်မတီ ဖိတ်ကြားရေးနှင့် ကြိုဆိုဆက်သွယ်ရေး ကော်မတီတို့ကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge