လက်ကျန်နိုင်/ကျဉ်းစိစစ်ရေး ကော်မတီ ဘာတွေ လုပ်ခဲ့သလဲ

ပို့စ်တင်ချိန် - 1/01/2014 04:33:00 PM

 မနေ့က သမ္မတအမိန့်နဲ့ အင်းစိန်းထောင်က  ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား တချို့

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီက သူတို့ ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက် တစောင်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ စွဲနဲ့ ထုတ်ပြန် ပါ တယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ

သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)

၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

၁။ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအား အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ စုစုပေါင်း အဖွဲ့ဝင် (၁၆)ဦးဖြင့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၂။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား
ပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်
ပြောင်း လဲ နိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်၍ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၄၃/ ၂၀၁၃)ဖြင့် အစိုးရ အဖွဲ့အစည်းများမှ (၆)ဦး၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ (၇)ဦး၊ နိုင်ငံရေး ပါတီများမှ (၆)ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၁၉)ဦးဖြင့် ကော်မတီ အား တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၃။ စိစစ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအား မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်
ရေး ဗဟို ဌာန ၌ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန၌ပင် ထပ်မံကျင်းပပြီး အဖွဲ့ဝင်များ၏ သဘောတူညီ ထောက်ခံ ချက် များအရ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် အကျဉ်းသား/ အကျဉ်းသူ (၈၇)ဦးအား တင်ပြပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၎။ စိစစ်ရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ကော်မတီဝင်များ၏ ထောက်ခံချက်များအရ အကျဉ်းသား / အကျဉ်းသူ (၂၃)ဦးအား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၅။ စတုတ္ထအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကော်မတီဝင်များ ၏ ထောက်ခံချက်များအရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အကျဉ်းသား/ အကျဉ်းသူ (၇၃)ဦးအား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၆။ ပဉ္စမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် လည်းကောင်း၊ ဆဋ္ဌမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီ ဝင် များ၏ ထောက်ခံချက်များအရ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အကျဉ်းသား (၅၆)ဦး အား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၇။ သတ္တမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် လည်းကောင်း၊ အဋ္ဌမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် လည်းကောင်း၊ နဝမ အကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပြီး
ကော်မတီ ဝင် များ၏ ထောက်ခံချက်များအရ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းသား/ အကျဉ်းသူ (၆၉)ဦးအား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၈။ ဒသမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ဧကဒသမ အကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်းကျင်းပခဲ့ပြီး ကော်မတီ ဝင် များ၏ ထောက်ခံချက်များအရ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကျဉ်းသား/ အကျဉ်းသူ (၄၁)ဦးအား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၉။ ဒွါဒသမအကြိမ် အစည်းအဝေးအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကော်မတီ ဝင် များ၏ ထောက်ခံချက်အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကျဉ်းသား (၅)ဦးအား တင်ပြခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေခဲ့ပါသည်။

၁၀။ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအား အဖွဲ့ဝင်ပေါင်း (၁၉)ဦးဖြင့် ဖွဲ့စည်း၍ လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား စိစစ်ရွေးချယ်စေခဲ့ရာတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ စုစုပေါင်း (၁၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အကျဉ်းသား/ အကျဉ်းသူ (၃၅၄)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် နိုင်ငံတော် သမ္မတထံသို့ တင်ပြ
ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၁။ ထို့အပြင် အခြားပြစ်မှုများနှင့် ငြိစွန်းသူများအတွက် နိုင်ငံရေးနှင့် သက်ဆိုင်သည်ဟု ယူဆ ရသော
ပြစ်မှု များ ပယ်ဖျက်နိုင်စေရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် (၅၁/ ၂၀၁၃)ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် အမိန့်အား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။


လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ

ဧရာဝတီ သတင်း