မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်ကို ကန်ဒေါ်လာ သန်း ၃၀၀ ကျော် အိန္ဒိယ ပို့ကုန်၊ သွင်းကုန်ဘဏ်ချေးမည်

ပို့စ်တင်ချိန် - 1/01/2014 08:30:00 AM


ရန်ကုန်၊ ဒီဇင်ဘာ ၃၀

အိန္ဒိယ အစိုးရပိုင် ဘဏ်လုပ်ငန်း တစ်ခုဖြစ်သော ပို့ကုန်သွင်းကုန် ဘဏ်သည် နှစ်ဖက်အစိုးရ သဘောတူညီ ချက်များအရ မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအစိုးရက အကောင်အထည် ဖော်နေသည့် ဆည်မြောင်း တည်ဆောက်ရေး စီမံကိန်း ၁၈ ခု၊ မီးရထားစက်ခေါင်းနှင့် စက်ပစ္စည်း တပ်ဆင်ရေး အလုပ်ရုံကြီးသုံးခု တည်ဆောက်ရန် အတွက် အိန္ဒိယအစိုးရက ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ချေးငွေများသည် အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရတို့ ချုပ်ဆိုခဲ့သည့် ချေးငွေစာချုပ်နှစ်ခု အရ မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်သို့ ချေးပေးသွားမည် ဖြစ်ကြောင်း အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအစိုးရထံ ချေးပေးမည့် ချေးငွေစာချုပ် နှစ်ခုကို ယခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ် အမှုဆောင်ဒါရိုက်တာ David Rasquinha နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးညီဖြူလှ တို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အခြေခံ အဆောက်အဦကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများ အဆင့် မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံမှ နိုင်ငံခြား ကုန်သွယ်ရေးဘဏ်သည် အိန္ဒိယပို့ကုန် သွင်းကုန်ဘဏ်နှင့် ချေးငွေစာချုပ် ခုနစ်ခု ချုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၄၃ သန်း ချေးငွေရယူခဲ့သည်။

အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်၏ ချေးငွေစာချုပ် အရ သတ်မှတ်ပေးထားသော ငွေကြေးပမာဏ၏ သုံးစွဲမှုအပေါ်တွင် မူတည်၍သာ အတိုးပေးဆောင်ရမည် ဖြစ်ပြီး၊ စာချုပ်ချုပ်ဆိုရန် အတွက် ပေးအပ်ရသည့် ငွေအပေါင်ကိုလည်း ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

အိန္ဒိယအစိုးရပိုင် ပို့ကုန်သွင်းကုန် ဘဏ် (EXIM) သည် ၄င်း၏ နိုင်ငံတကာ ဘဏ်ခွဲများအနက် ရှစ်ခုမြောက်ဘဏ်ခွဲ အဖြစ် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သော အဆိုပါဘဏ်ခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန်နှင့် ယင်းဘဏ်မှ တစ်ဆင့် မြန်မာအစိုးရ၏ အမျိုးသားစီမံကိန်း များအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေ ထောက်ပံ့ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ သို့ ၂၀၁၂ ခုနှစ် မေလအတွင်းက ရောက်ရှိလာခဲ့သော အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်းဆင်းက သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက် အရ မြန်မာအစိုးရကို EXIM ဘဏ်မှတစ်ဆင့် ချေးငွေစာချုပ် ခုနစ်ခုဖြင့် ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် ကုန်ထုတ် လုပ်မှုကဏ္ဍများ အဆင့်မြှင့်တင်ရန် အတွက် အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၄၃ သန်း ချေးငွေထုတ်ပေးခဲ့ပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၄၈ ခုနှစ်ကပင် သံတမန်ဆက်ဆံရေး စတင်ထူထောင် ခဲ့ပြီး၊ ယခင်ဘဏ္ဍာနှစ် အတွင်းက မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ယခင်ဘဏ္ဍာနှစ် အတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံ ရှိခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၅ သန်းရှိခဲ့သည်။

The Voice Weekly Myanmar