အပန်းဖြေခရီးထွက်ရင်း ရေကူးရာမှ ကျောင်းသား ၇ ဦးရေနစ်သေဆုံး

ပို့စ်တင်ချိန် - 1/01/2014 12:30:00 AM


ဗီယက်နမ် နိုင်ငံတွင် ကျောင်းသူကျောင်းသား ကလေးငယ်အချို့ အပျော်တမ်း ခရီးထွက်ရင်း ပင်လယ်ထဲဆင်း၍ ရေကူးရာမှ (၇)ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရှိရသည်။ စီးပွားရေး အချက်အခြာ မြို့တော်ဖြစ်သည့် ဟိုချီမင်းစီးတီး တောင်ပိုင်းရှိ ကမ်းခြေတစ်ခုတွင် ရေကူးရင်း မတော်တဆ အသက်ဆုံးရှုံးခဲ့ခြင်းဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ကျောင်းက စီစဉ်ပေးသော အားလပ်ရက် ခရီးစဉ်လေးသည် ဝမ်းနည်းဖွယ်ရာ အခြေအနေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ ကန်ဂျီယို ကမ်းခြေတွင် တနင်္ဂနွေနေ့က ကျောင်းသူကျောင်းသားများ ဆော့ကစားရင်း ရေလှိုင်းနှင့်အတူ ပါသွားကာ ရေနစ်ခဲ့ကြခြင်း ဖြစ်သည်။ "နောက်ဆုံး ကျန်နေတဲ့ အလောင်းတွေကို တနင်္လာနေ့ မနက်ပိုင်းက ဆယ်ယူနိုင်ခဲ့ပါတယ်"ဟု ကန်ဂျီယို ရဲတပ်ဖွဲ့မှာ အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။

ရဲများသည် ဖြစ်စဉ်နှင့် ပတ်သက်သည့် အခြားအသေးစိတ် အချက်အလက်များကို ပြောဆိုခြင်း မရှိချေ။ အစိုးရထုတ် Tuoi Tre သတင်းစာက သေဆုံးသည့် ကလေးများသည် အသက်(၁၂)နှစ်မှ (၁၄)နှစ်ကြား အသီးသီး ရှိကြကြောင်း ဖော်ပြခဲ့သည်။ ကျောင်းသူကျောင်းသား (၁၀၀)နီးပါး ပါဝင်သည့် အဖွဲ့တစ်ခု အပျော်ခရီး ထွက်လာရင်း ကြမ္မာဆိုးနှင့် တိုးခဲ့ခြင်းဖြစ်သည်။ "သေသွားတဲ့ထဲက ကလေးတော်တော်များများက ကောင်းကောင်းကြီး ရေကူးတတ်ကြတယ်"ဟု ခရီးစဉ်တွင် ပါဝင်ခဲ့သည့် ဆရာမ တစ်ဦးက ပြောကြားခဲ့သည်။

"ရုတ်တရက် လှိုင်းကြီးလာပြီး ကလေးတွေကို ကမ်းခြေကနေ တော်တော်ဝေးတဲ့ဆီ ဆွဲသွားတော့တာပဲ။ ကလေးတွေထဲက (၄)ယောက်က ကမ်းခြေဘက်ကို ရေပြန်ကူးလာနိုင်သေးတယ်။ ပြီးတော့ အော်ဟစ်ပြီး အကူအညီ တောင်းကြတယ်။ ဝမ်းနည်းဖို့ ကောင်းတာက ကယ်ဆယ်ဖို့ လှေတွေ အဆင်သင့် ရှိမနေတာပါပဲ"ဟုလည်း သူမက ဖွင့်ဟခဲ့သည်။ ဗီယက်နမ်တွင် ကလေးများ သေဆုံးမှုတွင် ရေနစ်ခြင်းသည် ထင်ရှားသော အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး နှစ်စဉ် ကလေးအရေအတွက် (၃၅၀၀)မျှ ရေနစ်၍ အသက်ဆုံးရှုံးနေကြောင်း Tuoi Tre သတင်းစာက ဖော်ပြထားသည်။
By Planet