စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ရဲတပ်သား တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 1/01/2014 01:45:00 PM


(နိရဉ္စရာ- ၁ ဇန်န၀ါရီ) / မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မှန်စီ ဒုက္ခသည်စခန်းတွင် လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား နှစ်ဦးကို ဘင်္ဂလီအုပ်စု တစ်ခုက တိုက်ခိုက်သည့်အတွက် ရဲတပ်သားတစ်ဦး သေဆုံးပြီး နောက်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်သားမှာ စစ်တွေမြို့ပြင် (၈) မိုင်ခန့် အကွာရှိ  မှန်စီရဲစခန်းမှ ကိုသန့်ဇင်ဝင်း(၂၂)နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်သည်။

စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ယခုလို ပြောသည်။

“ သေတာက တစ်ဦးပါ။ ညဥ့် တစ်နာရီ ၁၅ မိနစ်မှာဆုံးသွားပါတယ်။ နေ့အားဖြင့်ဆိုရင်တော့ အင်္ဂါနေ့ မနက် အစောကြီးမှာပါ” ဟု သည်။

စစ်တွေတွင် နှစ်ဦးစလုံး သေဆုံးသွားကြောင်း သတင်းဖြစ်နေသော်လည်း သေဆုံးသူ တစ်ဦးသာဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသနေရကြောင်း ၎င်းက ပြောဆိုသည်။

ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတက်ရောက် ကုသနေရသူမှာ ကျော်ကျော်မိုး (၂၂) နှစ် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ကိုယ်စားပြု ထုတ်ပြန်သော “ သာစွဌာနေရခိုင်ပြေ” သတင်းတွင်လည်း သေဆုံးသွားသူမှာ တစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ယင်းသတင်းတွင် ယခုလို ဖေါ်ပြထားသည်။

“ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ည နေ (၅) နာရီ အချိန်တွင် စစ်တွေမြို့နယ်၊ မှန်စီရဲကင်းတွင် တာဝန် ထမ်းဆောင် နေသော ရဲတပ်သား သန့်ဇော်ဝင်းနှင့်ကျော်ကျော်မိုးတို့ (၂)ဦးသည် ရဲကင်း အနီး ပတ်ဝန်းကျင် နယ်မြေ သတင်း စုံစမ်းဆောင်ရွက်စဉ် ရဲကင်းအနောက်ဘက်(၃)ဖာလုံ ခန့်အကွာ တရုတ် သင်္ချုံင်း အရောက်တွင် သင်ချိုင်းအတွင်းရှိ အုတ်ဂူများအား ဖျက်ဆီးလျှက်ရှိသော အမည်မသိ ဘင်္ဂလီ (၈)ဦး ခန့်အားတွေ့ရှိရကြောင်း၊ သို့အတွက် အုတ်ဂူများကို မဖျက်ဆီးရန်တားမြစ်စဉ် ၎င်းအမည်မသိ ဘင်္ဂလီ (၈)ဦးခန့်မှ အသင့် ပါလာသော သံတူရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ကြကြောင်း၊ ရဲတပ်သား သန့်ဇော်ဝင်းတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁) လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ(၂) ချက်(စိုးရိမ်ရ)၊ ရဲတပ်သား ကျော်ကျော်မိုးတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ နဖူးယာဘက်တွင်(၁)လက်ခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း” ဖေါ်ပြပါသည်။

ရဲတပ်သား သန့်ဇင်ဝင်းသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် အင်္ဂါနေ့ နံနက်(၁)နာရီကျော်ခန့်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖေါ်ပြထားသည်။

တာဝန်ကျ ရဲတပ်သား (၂) ဦးအပေါ် လူသတ်မူ ကျူးလွန်သူများအား သင်ချိုင်းအတွင်း ကျူးကျော်၍ အုပ်ဂူများကိုဖျက်ဆီးခြင်း၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခြင်း စသည့် ပြစ်မူများဖြင့် စစ်တွေမြို့ ရဲစခန်းတွင်(ပ)၃၁၃/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၇/၃၃၃ အရ အမှုဖွင့်ထားသည်ဟု သိရှိရသည်။

ယခုအမူနှင့် ဆက်စပ်ပြီး ပြစ်မူ ကျူးလွန်သူများဟု သံသယ ဖြစ်ခံရသူ ဘင်္ဂလီ(၃)ဦးကို ရဲက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
Burmesenews narinjara