စစ်တွေမြို့နယ်တွင် တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 1/01/2014 05:49:00 PM




တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်တွေမြို့နယ် မှန်စီရဲကင်းတွင် တာဝန်ကျနေသော တပ်သားသန့်ဇင်ဝင်းနှင့် တပ်သားကျော်ကျော်မိုးတို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရဲကင်းနောက်ဘက် သုံးဖာလုံအကွာရှိ တရုတ်သင်္ချိုင်းသို့ ရောက်ရှိခဲ့ရာ အုတ်ဂူများ ဖျက်ဆီးနေသော ဘင်္ဂါလီရှစ်ဦးအား တွေ့ရှိသဖြင့် တားမြစ်ရာမှ သံတူးရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရိုက်နှက်မှုကြောင့် တပ်သားသန့်ဇင်ဝင်းတွင် ဦးခေါင်းယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ တပ်သားကျော်ကျော်မိုးတွင် ဦးခေါင်းယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ နဖူးပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ ရရှိခဲပြီး စစ်တွေဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကာ အတွင်းလူနာအဖြစ် ဆေးကုသနေစဉ်အတွင်း ရဲတပ်သား သန့်ဇင်ဝင်းမှာ နံနက် ၁ နာရီတွင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက “ဒီမနက်ပဲ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သစ်ဆန်းဦးဆောင်တဲ့ အဖွဲ့က မှန်စီရဲကင်းကို သွားရောက်ပြီး တရားခံတွေကို ဖမ်းနေတယ်။ မနက် ၉ နာရီ သတင်းအရ တရားခံသုံးဦးကို မိထားပြီဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေမြို့မ ရဲစခန်းက (ပ)၃၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။

eleven media group