သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် မြေဧက ၆၀၀၀ နီးပါး သတ်မှတ်ခဲ့ပြီး MEC ၏ ဖန်ချက်စက်ရုံနှင့် သွပ်ပြား၊ ဖိနပ်စက်ရုံများကို ချန်လှပ်မြေအဖြစ် ခွင့်ပြုခဲ့

ပို့စ်တင်ချိန် - 1/01/2014 08:30:00 PM



Published on: January 1, 2014

သီလ၀ါစက်မှုဇုန် တစ်နေရာအား ၂၀၁၃ ခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)
သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် မြေဧက ၆၀၀၀ နီးပါးအား နယ်နိမိတ် သတ်မှတ်ခဲ့သော်လည်း ယင်းနယ်နိမိတ်အတွင်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများကို ချန်လှပ်မြေအဖြစ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် နယ်နိမိတ်သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှာ ကာကွယ်ရေး ၀န်ကြီးဌာနအောက်ရှိ စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း (MEC) ၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ယင်းသို့ ချန်လှပ်ရာတွင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံနှင့် စက်မှုဝန်ကြီးဌာန၏ ဓာတ်ဘူးစက်ရုံ၊ စက်မှုဝန်ကြီးဌာန၏ ဓာတ်အားခွဲရုံ၊ စက်မှုဝန်ကြီးဌာန၏ စက်ရုံတည်ဆောက်ရန် လျာထားမြေ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ သွပ်ပြားစက်ရုံနှင့် ဖိနပ်စက်ရုံ၊ စက်မှုဝန်ကြီးဌာန၏ ထုပ်ပိုးစက်ရုံနှင့် အထည်ချုပ်စက်ရုံများ၊ သီလ၀ါဆည်၊ ရေကြောင်းတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်အဆောင်၊ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက်၊ ဖန်ချက်တောရကျောင်း၊ ဖလမ်းကန်ဦးကျောင်း၊ ဖလမ်းရွာဦး ဘုရားလေးကျောင်း၊ သီလ၀ါ ကုန်းတန်းတောရကျောင်း၊ ခရစ်ယာန်ရှိခိုးကျောင်း၊ ဟိန္ဒူဘုရားကျောင်းတို့ ပါဝင်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ပထမအဆင့် ဧရိယာနှင့် ဒုတိယအဆင့် ဧရိယာဟု ပိုင်းခြားသတ်မှတ်ထားကာ ပထမအဆင့် ဧရိယာကို ပထမဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပထမဦးစားပေး ဆောင်ရွက်ရခြင်းမှာ ယင်းဧရိယာသည် ရန်ကုန်မြို့နှင့် ပိုမိုနီးကပ်ခြင်း၊ မြေမှာလည်း တစ်ဆက်တစ်စပ်တည်း ရှိခြင်းနှင့် လိုအပ်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ကောင်းမွန်ခြင်းတို့ကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအား ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

eleven media group