တော်ဝင်လုပ်သားများကို ကြားကာလနစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်

ပို့စ်တင်ချိန် - 1/01/2014 01:33:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည် စက်ရုံလုပ်သား ၁၇၅ ဦးကို အလုပ်ခန့်ရန် ပျက်ကွက်ခဲ့၍ ကြားကာလ နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်မှူး ဦးအောင်ခင်က ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ ခံရသည့် အဆိုပါ လုပ်သားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိ အဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သော်လည်း စက်ရုံက ခုံသမာဓိကောင်စီထံ အယူဝင်ခဲ့သည်။

ခုံသမာဓိအဖွဲ့ နည်းတူ အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိကောင်စီက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ချခဲ့ပြီး ခုံသမာဓိအဖွဲ့နှင့် ကောင်စီတို့ ဆုံးဖြတ်ချက် ကြားကာလကို အလုပ်ဆင်းရက် အဖြစ် သတ်မှတ်ကာ ကြားကာလ နစ်နာကြေး ပေးရခြင်းဖြစ်သည်။

အလုပ်ရှင်က သတ်မှတ်အချိန် အတိုင်း နစ်နာကြေးပေးခြင်း မရှိကြောင်း၊ နစ်နာကြေး ပေးရမည့် ပမာဏမှာ ၆,၆၄၅,၀၀၀ ကျပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပျက်ကွက်ခဲ့သည့် ၁၁ လ အတွက် ကျပ် ၂၀ တိုးဖြင့် တွက်ချက်ပေးရ၍ ကျပ်သိန်း နှစ်ရာကျော်သွားခြင်းဖြစ်ကြောင်း ဦးအောင်ခင်က ဆိုသည်။

ယင်းသို့ ပေးလျော်ရန် နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော်ကို အလုပ်ရှင်က အင်းစိန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားပြီး ဖြစ်ကြောင်း၊ နစ်နာကြေး လာရောက်ထုတ်သူ လုပ်သားများသည် မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာ ယူကာ ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်ထွန်းထံတွင် စာရင်းပေးကာ ထုတ်ယူနိုင်ကြောင်း ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုပ်သားများကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

လုပ်သားများ သဘောမပါဘဲ အလုပ် ပြောင်းရွှေ့ခံရသဖြင့် တော်ဝင်လုပ်သား ၂၀၀ ကျော် အလုပ်မပြောင်းရွှေ့ရန် အပါအဝင် လုပ်သားများ တောင်းဆိုသည့် အချက်ငါးချက် အနက် အလုပ်ပြန်ခန့်ရန် အပါအဝင် အချက်လေးချက်ကို အလုပ်ရှင်က လိုက်လျောရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချခဲ့ရာ အလုပ်ရှင်က မလိုက်နာဘဲ ခုံသမာဓိကောင်စီကို ဆက်လက် အယူခံဝင်ခဲ့သည်။
ယင်းအပြင် ခုံသမာဓိ အဖွဲ့ ဆုံးဖြတ်ချသည့် နေ့မှ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် ချသည့်နေ့ အထိကို အလုပ်ဆင်းရက် အဖြစ် သတ်မှတ်ကာ ရက် ၃၀ အတွင်း လုပ်ခပေးရန် ဆုံးဖြတ်ခဲ့သည်။

The Voice Weekly Myanmar