သွားလည်ကြည့်လျှင် သနားကြမည့် ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်ဆုံး တိရိစ္ဆာန်ဥယျာဉ်

ပို့စ်တင်ချိန် - 1/01/2014 11:14:00 AM


အင်ဒိုနီးရှား နိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ခုသည် ကမ္ဘာပေါ်တွင် အရက်စက် အကြမ်းကြုတ်ဆုံး တိရစ္ဆာန်ရုံ တစ်ခုအဖြစ် ဝေဖန်မှုများနှင့် ကြုံတွေ့လာရသည်။ အဆိုပါ စွပ်စွဲမှုမျိုး ကြုံရလောက်အောင်လည်း တိရစ္ဆာန်ရုံတွင် ထားရှိသော တိရစ္ဆာန်များ၏ ဘဝအခြေအနေမှာ အလွန်စုတ်ချာ ညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်း နိုင်နေကြောင်း တွေ့ရသည်။ Daily Mail သတင်းစာမှ သတင်းထောက် ရစ်ချတ်ရှီးယားစ်သည် ဆူရေယာဘာ တိရစ္ဆာန်ရုံသို့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့သည့်နောက် တိရစ္ဆာန်တို့၏ သနားစရာ ဘဝအခြေအနေကို ကိုယ်တွေ့ သိမြင်ခဲ့သည်။ ပြီးခဲ့သည့် (၃)လအတွင်း ယင်းတိရစ္ဆာန်ရုံမှ တိရစ္ဆာန်ကောင်ရေ (၅၀)ကျော် သေဆုံးခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ရစ်ချတ်အား ပြောပြ အသိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က သစ်ကုလားအုတ် တစ်ကောင် သေဆုံးသွားပြီးနောက် ရင်ခွဲစစ်ဆေးရာ အစာအိမ်ထဲမှ ကီလိုဂရမ် (၂၀)စာ အလေးချိန်ရှိသော ပလပ်စတစ်အိတ်များ ထွက်လာခဲ့သည်။ သစ်ကုလားအုတ် ခြံဝင်းထဲသို့ အမှိုက်များ ကျရောက်နေသော်လည်း ဝန်ထမ်းများက မသိမ်းဆည်းသဖြင့် ၎င်းက စားသောက်မိရင်း ယခုလို အခြေအနေဆိုး ကြုံခဲ့ရခြင်း ဖြစ်သည်။ တိရစ္ဆာန်ရုံ တာဝန်ရှိသူများသည် ယင်းသစ်ကုလားအုတ် အသေ၏ အရိုးများကို ထုတ်ယူကာ ပြန်လည် တွယ်ဆက်ပြီး ပြခန်းတစ်ခုအဖြစ် သီးခြား ထားရှိလိုက်သည်။ ယမန်နှစ်က သေဆုံးသော ဆူမားတြားကျား တစ်ကောင်သည်လည်း ဖော်မလင်စိမ်ထားသည့် အသားများ ကျွေးမိသဖြင့် အစာလမ်းကြောင်း ထိခိုက်သည့် ဝေဒနာဖြင့် ဆုံးပါးသွားခြင်းဟု သိရသည်။


တိရစ္ဆာန်ရုံထဲတွင် ဆင်ပေါက်လေးများကိုလည်း ခြေထောက်များတွင် သံကြိုးများ တင်းတင်းကျပ်ကျပ် ထူးခတ်ထားခဲ့သည်။ ထို့ကြောင့် ဆင်လေးများမှာ အထိုင်အထအတွက်ပင် လှုပ်ရှားရ ခက်ခဲနေသည်။ ရစ်ချတ် မှတ်တမ်းယူခဲ့သော ဓာတ်ပုံများတွင် အလွန်အစာရေစာ ပြတ်လပ်ပြီး ကျုံလှီပိန်ချုံးနေသည့် ကုလားအုတ် တစ်ကောင်ကိုလည်း တွေ့နိုင်သည်။ ထို့အပြင် ဝန်လက်ငှက် အကောင်(၁၅၀)ကိုလည်း ငှက်လှောင်ရုံကြီး တစ်ခုတည်းတွင် စုပြုံထည့်ထားခဲ့သည်။ အော်ရန်ဂူတန် မျောက်ရုံအနီးတွင် သန့်ရှင်းမှု လုံးဝမရှိဘဲ ကြွက်များပင် ရှင်သန်ပေါက်ဖွားလျှက် ရှိသည်။

ဆူမားတြား ကျားကြီးတစ်ကောင်မှာ အလွန်ကျဉ်းမြောင်းသည့် ဂူပေါက်နေရာလေးထဲတွင် ထည့်သွင်းခံထားရသည်။ မူလက ၎င်းဂူပေါက် အပြင်ဘက်ရှိ လှောင်အိမ်ကို အလွတ်ထားထားသည်ဟုပင် ယူဆစရာ ဖြစ်နေပြီး ကျားဟိန်းသံကြားမှ ကျားတစ်ကောင်ရှိနေမှန်း လာရောက်လည်ပတ်သူများက သိရှိခဲ့ကြသည်။ ရေမြင်းရုံထဲရှိ ရေများမှာလည်း ပုပ်သိုးညစ်ပတ်လျှက် ရှိနေသည်။ ထို့အပြင် အလျားပေ(၃၀)၊ အနံပေ(၃၀)မျှသာ ရှိနေသော ဝင်းခြံလေး အတွင်း၌ ရွှေသမင် (၁၈)ကောင်ကို ထည့်သွင်းထားခဲ့သည်။ ပရိုဘိုဆစ် မျောက်များအတွက် တက်စရာ သစ်ပင်များမှာလည်း ညှိုးရော် သေဆုံးနေသည့်အတွက် ၎င်းတို့သည် သမင်ခြံဝင်းအတွင်း ပြောင်းရွှေ့ ကျက်စားနေရသည်။ မျောက်များအတွက် သစ်ပင်တက်စရာ မရှိခြင်းသည် ယင်းတို့၏ ပင်ကိုသဘာဝကို လုံးဝဖီဆန်ပြောင်းလဲသွားစေသည်။

ရစ်ချတ်က တိရစ္ဆာန်ရုံ တာဝန်ရှိသူ တစ်ဦးအား "လှောင်အိမ်ထဲမှာ ဝန်လက်ငှက် ဘယ်နှကောင်ရှိသလဲ"ဟု မေးခဲ့ရာ ၎င်းက မဖြေကြားဘဲ "ဒီကောင်တွေက မျိုးသုဉ်းလုနီးပါး ရှားနေတာမှ မဟုတ်တာ။ သူတို့အတွက် သီးခြားခွဲပြီး လှောင်အိမ်ဆောက်ပေးဖို့ မလိုပါဘူး"ဟု တုံ့ပြန်ခဲ့သည်။ ဝန်လက်ငှက်များသည် အတောင်များ ဖြန့်လိုက်လျှင် (၁၀)ပေမျှထိ ရှည်လျားတတ်ပြီး ၎င်းတို့အား ကောင်ရေ(၁၅၀)မျှကို တစ်နေရာတည်း စုပြုံထည့်ထားခြင်း ဖြစ်သည်။ (၁၉၁၆)ခုနှစ်၊ ဒတ်ခ်ျကိုလိုနီ ဘဝက စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ရုံသည် ဆုတ်ယုတ်မှုများစွာ ဖြစ်ပေါ်နေကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ ယင်းသို့ ရောက်ရှိသွားသည့် တိရစ္ဆာန်များ အနေဖြင့် အရှင်လတ်လတ် ငရဲကျနေသည့်သဖွယ် ဖြစ်လာခဲ့သည်။


"အော်ရန်ဂူတန် မျောက်ဝံမကြီးဆီက အသံတစ်ခုခုကြားလို့ ကျွန်တော် ကြည့်လိုက်တော့ အရမ်းအံ့ဩသွားတယ်။ သူက အဝါရောင် Marker Pen တစ်ချောင်းကို ဝါးနေတာပါ။ တစ်ယောက်ယောက်က သူ့ဆီကို ပစ်ပေါက်ထားလိုက်တာ နေမယ်။ ဒါကို သူပြန်ထွေးထုတ်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ရုံပေါ့"ဟု ရစ်ချတ်က ဆိုသည်။ ထိုမျှ အခြေအနေ ဆိုးရွားနေသော်လည်း တိရစ္ဆာန်ရုံ တာဝန်ရှိသူများကမူ မိမိတို့၏ လုပ်ဆောင်မှုများသည် ကောင်းမွန်တိုးတက်နေကြောင်း တွင်တွင်ပြောကြားလျှက် ရှိသည်။ 

တိရစ္ဆာန်ရုံ၏ ပြောရေးဆိုခွင့်ရ အရာရှိ အေဂက်စ်ဆူပန်ဂက်က ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တိရစ္ဆာန်ရုံ၏ အခြေအနေသည် များစွာ တိုးတက်လာကြောင်း ဆိုသည်။ ယခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့မှ စက်တင်ဘာလ (၁၇)ရက်နေ့အတွင်း တိရစ္ဆာန်ပေါင်း (၄၃)ကောင် သေကြေခဲ့သည်။ သို့သော်လည်း တိရစ္ဆာန် (၃၀၀၀)ကျော်ကို မွေးမြူထားသည့် ဥယျာဉ်မှ တာဝန်ရှိသူများကမူ အသက်အရွယ်ကြီးရင့်လာခြင်းနှင့် သဘာဝ ရောဂါများကြောင့် သေဆုံးခြင်းသာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားကြသည် 
By Planet