အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် ရွေးချယ်မှု အစိုးရ လွှမ်းမိုးမှု မရှိစေရ

ပို့စ်တင်ချိန် - 1/01/2014 07:30:00 PM


ရန်ကုန်၊ မဇ္ဈိမ ။         ။ အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ် ကာလအတွင်း အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦး ရွေးချယ်မည်ဖြစ်ရာ ထိုသို့ရွေးချယ်မှုတွင် အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို လက်ခံမည် မဟုတ်ဟု  အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။

ဦးကျော်လင်းဦးက "တကယ့် အရပ်ဘက် အဖွဲ့အစည်းတွေကို ကိုယ်စားပြုနိုင်မယ့် အများသဘောတူတဲ့ ကိုယ်စားလှယ်တွေကိုပဲ
ရွေးချယ်စေမှာပါ" ဟု ဆိုသည်။

ယင်းကိုယ်စားလှယ်ကို မတ်လအတွင်း ကျင်းပမည့် အာဆီယံ ပြည်သူ့ဖိုရမ် နောက်ဆုံးရက်၌ နိုင်ငံအလိုက် အစည်းအဝေးများ ပြုလုပ် ကာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးစီကို သက်ဆိုင်ရာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများမှ အများသဘောတူ အတည်ပြု
ရွေးချယ်မည် ဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ ကိုယ်စားပြု တက်ရောက်သူသည် အာဆီယံပြည်သူ့ဖိုရမ်ကျင်းပရာမှ ရရှိလာသည့် ဆွေးနွေးသုံးသပ်ချက်နှင့်
ကြေညာချက်များကို အာဆီယံ  နိုင်ငံ့ခေါင်းဆောင်များအား အသိပေး ဆွေးနွေးမည် ဖြစ်သည်။

အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် မြန်မာပြည် ကိုယ်စားလှယ်  ဆလိုင်းအိုက်ဇက်ခင်က "မျက်နှာချင်းဆိုင်
တွေ့ဆုံတဲ့ပွဲမှာ အားလုံးသဘောတူတဲ့ ပုဂ္ဂိုလ်ကိုပဲ ရွေးချယ်ကြတာပါ။ (အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ) ကော်မတီ အဖွဲ့ဝင် တွေကိုလည်း ရွေးချယ်လေ့ရှိကြပါတယ်။ ဒါမှမဟုတ်ရင် ကော်မတီ အဖွဲ့ဝင်တွေက အဆိုပြုတဲ့သူပေါ့”ဟု ပြောသည်။

အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးအတွက် သတ်မှတ်ထားသည့် ရန်ပုံငွေ  စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၄၅၀၀၀  ဖြစ်သည်။

အာဆီယံ လူထုဖိုရမ်သည် ၂၀၀၅ ခုနှစ်မှစကာ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူရသောနိုင်ငံများရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင် လက်ခံကျင်းပကြပြီး အာဆီယံနိုင်ငံများရှိ အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ ပါဝင်ဆွေးနွေးကာ ဆွေးနွေးပွဲရလာဒ်များကို အာဆီယံနိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပချိန်တွင် ပေးပို့ခြင်း ဖြစ်သည်။

အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပနိုင်ရန်အတွက် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော မြန်မာလူထုဖိုရမ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်မှ ၃၀ ရက် အထိ ရန်ကုန်မြို့၊ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ကျင်းပခဲ့ပြီး ပြည်တွင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၆၅ ဖွဲ့မှ လူဦးရေ ၆၅၀ ကျော် တက်ရောက်ခဲ့သည်။
Mizzima Burmese