EMG သတင်းထောက် မခိုင်အား ဥပဒေကို လိုသလိုအသုံးပြု၍ ထောင်ဒဏ်ချမှတ်ခဲ့မှု နှစ်ပတ်ပြည့်သည်အထိ တိုင်ကြားမှုများအတွက် ပြန်လည်ဆက်သွယ် ဖြေရှင်းပေးခြင်း မရှိသေး

ပို့စ်တင်ချိန် - 1/01/2014 09:00:00 PM


Published on: January 1, 2014

လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှု အပါအ၀င် ပုဒ်မသုံးခုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးမှ ဒုမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာလ ၁၇ ရက်နေ့က ထောင်ဒဏ်သုံးလ ကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်ပတ်ပြည့်ခဲ့ပြီဖြစ်သည်။

ပြစ်မှုပုဒ်မ ၄၅၁ သည် အိမ်ကျော်နင်းမှု၊ ပြစ်မှုပုဒ်မ ၂၉၄ (ခ) မှာ ညစ်ညမ်းစွာ ပြောဆိုမှုနှင့် ပြစ်မှုပုဒ်မ ၅၀၀ အသရေဖျက်မှုတို့ဖြင့် ဥပဒေကို လိုသလိုအသုံးပြုကာ မတရား အမိန့်ချမှတ်ခဲ့ခြင်းအပေါ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးပေးပါရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌတို့ထံ အသိပေး တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း ယခုအထိ ပြန်လည်ဆက်သွယ် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

“ဒီဇင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ အသိပေးတိုင်ကြားစာကို The Daily Eleven သတင်းစာမှာ ထည့်သွင်းခဲ့သလို သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌတို့ဆီကို တရားဝင် ပေးပို့ထားပါတယ်။ ဒါပေမဲ့ အခုအထိ ပြန်ဆက်သွယ်ဖြေရှင်း ဆောင်ရွက်ပေးတာတွေ မရှိသေးပါဘူး။ သတင်းထောက်တစ်ယောက်က သတင်းယူတာကို အိမ်ကျော်နင်းမှုနဲ့ တရားစွဲ ထောင်ချခံရတာ ဘယ်နိုင်ငံမှာရှိလို့လဲ၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း တစ်စုံတစ်ရာ တုံ့ပြန်လာတာမျိုး ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရားလိုဘက်က လွိုင်ကော်ခရိုင်ဥက္ကဋ္ဌ ဖြစ်နေလို့ပါ။ ကျွန်တော်တို့ သတင်းထောက်က သတင်းရယူတဲ့ ကိစ္စနဲ့ အခုလို မတရား ထောင်ချခံထားရတာပါ။ The Ladies ဂျာနယ်မှာလည်း ပြေလွင်မြင့်ဆိုတဲ့ နာမည်နဲ့ ဒီအမှုကိစ္စကို ရေးထားတာ တွေ့ရတယ်။ တရားရုံးက ထွက်ချက်တွေ၊ တရားခွင် စစ်ဆေးမှုတွေကို ရေးထားတယ်။ တရားလိုနဲ့ တရားခံဘက်ကပဲ ရနိုင်တဲ့ အချက်အလက်တွေကို သူကဘာကြောင့် လွယ်လွယ်ကူကူ ရထားရတာလဲ စဉ်းစားစရာပါ။ တရားစီရင်ရေးနဲ့ တရားသူကြီးဘက်က မှန်ကန်တယ်ဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဘာလို့မစစ်ဆေးနိုင်ရတာလဲ။ မှန်ကန်မျှတတဲ့ စစ်ဆေးမှုလုပ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Eleven Media Group ၏ နယ်သတင်းထောက်မခိုင် ပြန်လည်လွတ်မြောက်ရေးအတွက် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာကြီးမားသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် WAN-IFRA (ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး)က သမ္မတဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာ ပေးပို့ခြင်း၊ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)နှင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) တို့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့ပြင် Eleven Media Group ၏ လွိုင်ကော်သတင်းထောက်မခိုင် ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ PEN Myanmar၊ မန္တလေး သတင်းသမားများတို့က သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ မြ၀တီမြို့နယ် စာရေးဆရာ အသင်းနှင့် သတင်းစာဆရာ အသင်းတို့က ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာဂျာနယ်လစ် ကွန်ရက်ကလည်း မခိုင်ထောင်ဒဏ် ကျခံရခြင်းနှင့် ပတ်သက်၍ ဇန်န၀ါရီလ ၇ ရက်တွင် ဆန္ဒပြရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

eleven media group