၂၀၁၅ မှာ ပေါ်ပေါက်လာတော့မယ့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို ဘယ်လိုပြင်ဆင်ထားကြရမလဲ

ပို့စ်တင်ချိန် - 2/25/2014 02:38:00 PM


ဖေဖော်ဝါရီ ၁၄ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သော Myanmar's Capital Market Development Seminar ပွဲအခမ်းအနားကို တွေ့ရစဉ်

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))

၁၄.၂.၂ဝ၁၄ နေ့က UMFCCI မှာ ပြုလုပ်ခဲ့တဲ့ Myanmar's Capital Market Development Seminar ကို တက်ရောက်ဖြစ်ခဲ့တယ်။ စာရေးသူကိုယ်တိုင် စတော့အိတ်ချိန်းဈေးကွက် စနစ်တကျ မှန်မှန်ကန်ကန် ပေါ်ပေါက်လာနိုင်စေဖို့ Stock Share Basics သင်တန်းတွေလည်း ပေးနေတာမို့ သိသင့်သိထိုက်တဲ့ အသိပညာတွေ ထပ်မံရရှိနိုင်စေဖို့ တက်ရောက်ခဲ့တာဖြစ်တယ်။ အဓိကကတော့ ၂ဝ၁၅ ခုနှစ်မှာ Yangon Stock Exchange လို့ခေါ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာရေးကို ဂျပန်နိုင်ငံ Daiwa Institute of Research, Japan Exchange Group နဲ့ Daiwa Securities Co.,ltd က စတော့အိတ်ချိန်း ပညာရှင်တွေက မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ လွန်ခဲ့သော ၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ Myanmar Securities Exchange Centre Co.,ltd အမည်နဲ့ အစိုးရရဲ့ Sales Agent အဖြစ် ဆောင်ရွက်ခဲ့ပြီး ဒီကနေ့ မျက်မှောက်ကာလ ဒီမိုကရေစီခေတ်မှာ နိုင်ငံသားတိုင်းအတွက် မိမိတို့မှာရှိနေတဲ့ ပိုလျှံငွေကြေးတွေကနေ ပွားတိုးလာစေပြီး ချမ်းသာကြွယ်ဝလာနိုင်စေမယ့် ဟောပြောဆွေးနွေးပွဲမှာ ဂျပန်ပညာရှင်ပြောသွားတဲ့ ဘိုးဘိုးအောင်ရဲ့ “ဝ” တစ်လုံးကနေ “ဝ” နှစ်လုံး “ဝ” နှစ်လုံးကနေ လေးလုံးစသည်ဖြင့် ဆပွားတိုးတက်လာစေနိုင်မယ့် ငွေကြေးဈေးကွက်တစ်ခုဖြစ်တယ်။

သို့ပေမဲ့ စာရေးသူတို့ မြန်မာနိုင်ငံက အတိတ်ကာလမှာ နှစ်ပေါင်း ၅ဝ ဝန်းကျင် တစ်ဦးတစ်ယောက်ရဲ့ နှုတ်ကနေ ထွက်လာတဲ့အတိုင်း လုပ်ဆောင်ကြရတာမို့ အခုအချိန်အထိ ဒီအကျင့်က ပျောက်သင့်သလောက် မပျောက်သေးဘဲ ဖြစ်နေတယ်။ လူတစ်ဦးချင်းကို အန္တရာယ်အဖြစ်စေဆုံး အရာက လုပ်ပိုင်ခွင့်အာဏာနဲ့ ငွေဖြစ်တယ်။ အာဏာရှိရင် ငွေရှိတယ်။ ငွေရှိရင် အာဏာရှိသူကို အိတ်ကပ်ထဲထည့်ပြီး မိမိကိုယ်ကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်နဲ့ အကျင့်ပျက်ခြစား ကိုယ်ကျိုးရှာခဲ့ကြတာ အခုလောလောဆယ်မှာ မြန်မာနိုင်ငံက အောက်ဆုံးအဆင့်မှာ ဘက်ပေါင်းစုံ ကျလာခဲ့တယ်။

ကောင်းမွန်မှန်ကန်တဲ့ခရီးကို လျှောက်လှမ်းကြရာမှာ အဲဒီနေ့က ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းပြောသလို မိုင်ပေါင်း ၁ဝဝဝ ရဲ့ခရီးအစက ပထမဦးဆုံးခြေလှမ်း ဖြစ်တယ်ဆိုတဲ့ စကားညွှန်းအတိုင်း စာရေးသူတို့နိုင်ငံမှာ အများပြည်သူတွေ အကျိုးရှိစေမယ့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာရေးကို ဝမ်းပန်းတသာ ကြိုဆိုရမှာဖြစ်တယ်။ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာရင် အဲဒီစတော့အိတ်ချိန်းမှာ ပါဝင်ကြမယ့် အဖွဲ့အစည်းတွေအနေနဲ့ အများပြည်သူတွေ ထင်သာမြင်သာရှိစေမယ့် လုပ်ဆောင်ချက်တွေ ဆောင်ရွက်ကြရမှာဖြစ်တယ်။ ယခင်အချိန်ကလို အများနဲ့ မပတ်သက်တဲ့ ကုမ္ပဏီတွေမှာ အတွင်းစာရင်း အပြင်စာရင်း နှစ်မျိုးထားရှိတာမျိုးတွေ မလုပ်ဆောင်ကြဘဲ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း စာရင်းတွေရေးဆွဲလာကြတော့မှာ ဖြစ်တယ်။ Business Ethics လို့ခေါ်တဲ့ စီးပွားရေး ကိုယ်ကျင့်သိက္ခာတွေ ထိန်းသိမ်းကြရတော့မှာ ဖြစ်တယ်။ အရှုံးအမြတ်စာရင်းတွေ လက်ကျန်ရှင်းတမ်းတွေလို ငွေကြေးဆိုင်ရာ ထုတ်ဖော်ချက် Financial Statement တွေ မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်ကြရတော့မှာဖြစ်တယ်။

တကယ်တော့ စတော့အိတ်ချိန်းဈေးကွက်က Securities Exchange Trading လို့ခေါ်တဲ့ ငွေကြေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ Securities Exchange Trading မှာ Equity financing နဲ့ Debt Financing ဆိုပြီး ဈေးကွက်နှစ်ခုရှိတယ်။ စာရေးသူတို့နိုင်ငံမှာ ၁၉၉၆ ခုနှစ်ကတည်းက ဝင်လာလုပ်ဆောင်နေခဲ့တာက Debt financing လို့ခေါ်တဲ့ Bond Certificate တွေ ထုတ်ရောင်းတာဖြစ်တယ်။ အစိုးရဌာနတွေ မြူနီစီပယ်တွေက ငွေကြေးအပိုအလျှံ ရှိသူတွေရဲ့ ငွေကြေးကို ချေးယူပြီး အတိုးပေးတာဖြစ်တယ်။ MSEC ရဲ့ Bond Certificate တွေ ဝယ်ယူတဲ့အတွက် ပေးတဲ့အတိုးနှုန်းက နှစ်နှစ်ချေးရင် ၈ ဒသမ ၇၅ ရာခိုင်နှုန်း သုံးနှစ်ချေးရင် ၉ ဒသမ ဝဝ ရာခိုင်နှုန်းနဲ့ ငါးနှစ်ချေးရင် ၉ ဒသမ ၅ဝ ရာခိုင်နှုန်းပေးတာဖြစ်ပြီး ခြောက်လတစ်ကြိမ် အတိုးထုတ်ယူနိုင်တာဖြစ်တယ်။ Bond Certificate တွေဝယ်ပြီး ငွေချေးရာမှာ မိမိချေးငှားစဉ်က ငွေတန်ဖိုးမြင့်နေပြီး မိမိချေးထားငွေ ပြန်လည်ထုတ်ယူမယ့် Maturity Period မှာ ငွေတန်ဖိုးကျနေရင် ငွေချေးတာက မိမိအတွက် ဆုံးရှုံးမှု ဖြစ်သွားနိုင်တယ်။ ဒါကို သတိပြုကြရမှာဖြစ်တယ်။

Equity Financing လို့ခေါ်တဲ့ စတော့တွေ ထုတ်ရောင်းနိုင်ဖို့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေက Securities Exchange Com-mission (SEC) မှာ မိမိကုမ္ပဏီရဲ့ လုပ်ငန်းလမ်းညွှန် Prospectus ကို တင်ပြရမယ့်အပြင် အများပိုင်အဖြစ် ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်၊ နှစ်စဉ်ဝင်ငွေ ဘယ်လောက်ရတယ်၊ မိမိရဲ့ အစုရှယ်ယာဝင်တွေကို Dividend လို့ခေါ်တဲ့ အစုပေါ် အကျိုးခံစားခွင့် ဘယ်လောက်ရာခိုင်နှုန်း နှစ်စဉ်ထုတ်ပေးနိုင်တယ်။ ရှယ်ယာတန်ဖိုး ဘယ်လောက်အထိရှိတယ် စတာတွေကို ခရေစေ့တွင်းကျ မှန်မှန်ကန်ကန် တင်ပြမှာဖြစ်တယ်။ SEC ကနေ စနစ်တကျ စီစစ်ပြီး စတော့တွေ စတင်ထုတ်ရောင်းနိုင်စေမယ့် Listed Public Companies တွေအဖြစ် ခွင့်ပြုပေးကြရမှာဖြစ်တယ်။ အဲဒီ Listed Public Company တစ်ခုချင်းကနေ စတင်ပြီး အများပြည်သူတွေကို စတော့တွေ ထုတ်ရောင်းတာကို Initial Public Offerings (IPOs) လို့ခေါ်တယ်။ စတော့အိတ်ချိန်းဈေးကွက်မှာ ပေါ်ပေါက်လာမယ့် ဈေးကွက်တစ်ခုက Stock Broker တွေဖြစ်တယ်။ စတော့ပွဲစားဖြစ်တယ်။ အဲဒီ စတော့ပွဲစားတွေကို Underwriter လို့လည်းခေါ်တယ်။ စတော့ဈေးကွက်တွေ ပေါ်လာရင် စတော့ပွဲစားတွေကလည်း ယခင်က အိမ်ခြံမြေပွဲစားတွေ ကြုံရာလူက လုပ်ဆောင်လို့မရဘဲ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက လုပ်သလို ပွဲစားလုပ်မယ့်သူတွေကို သင်တန်းတွေ စနစ်တကျ ပေးကြရမယ်။ သင်တန်းတတ်ရောက်ပြီးသူတွေကို SEC မှာ စနစ်တက် မှတ်ပုံတင်ပြီး SEC ရဲ့ ခွင့်ပြုချက် ရရှိပါမှ စတော့ပွဲစားတွေအဖြစ် စနစ်တကျပါဝင် ဆောင်ရွက်ခွင့် ရရှိကြမှာဖြစ်တယ်။ စတော့ပွဲစားတွေက တစ်ဦးချင်း ဖြစ်နိုင်သလို ကုမ္ပဏီတွေ အနေနဲ့လည်း Brokerage Firm တွေ ပေါ်ပေါက်လာမှာဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်များ ဟိုယခင်က ကြုံရာကျပန်း လုပ်ကိုင်သူတွေက စနစ်တကျ မရှိတာမျိုးတွေ ပပျောက်သွားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေရမယ့် ပုံစံတွေနဲ့ စည်းကမ်းတကျ စတော့ဈေးကွက်မှာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ စတော့ဈေးကွက်တွေသာ စနစ်တကျ ပေါ်ပေါက်လာရင်စတော့ အိတ်ချိန်းဈေးကွက်တွေကနေ နိုင်ငံလည်း စီးပွားတိုးတက်လာစေမှာဖြစ်တယ်။

ရန်ကုန်စတော့အိတ်ချိန်းက တစ်နိုင်ငံလုံးမှာ ဟန်ချက်ညီညီ ပေါ်ပေါက်လာရမယ့် နေပြည်တော် စတော့အိတ်ချိန်းဈေးကွက်၊ မန္တလေး စတော့အိတ်ချိန်းဈေးကွက်၊ တောင်ကြီးစတော့အိတ်ချိန်းဈေးကွက် စတဲ့တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း အလားတူ စတော့အိတ်ချိန်းဈေးကွက်တွေ ပေါ်ပေါက်လာရတော့မှာဖြစ်တယ်။

ဒါကြောင့် ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စံပြအနေနဲ့ စတင်ပေါ်ပေါက်လာရမယ့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် ပီပီပြင်ပြင် စနစ်တကျ ပေါ်ထွန်းလာနိုင်စေဖို့ ငွေကြေးဆိုင်ရာ သက်သေခံလက်မှတ်များ ရောင်းဝယ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို အချိန်နဲ့တစ်ပြေးညီ ကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာစေရမှာဖြစ်တယ်။ နောက်တစ်ချက်က Securities Exchange Commission လို့ခေါ်တဲ့ SEC မှာ ဘက်လိုက်မှုကင်းပြီး နိုင်ငံအတွက် အကျိုးရှိစေမှု ရှေ့တန်းတင် ဆောင်ရွက်နိုင်သူတွေ ပါဝင်စေရမှာ ဖြစ်တယ်။ နောက်တစ်ချက်က Listed Public Companies လို့ခေါ်တဲ့ SEC ကနေ စနစ်တကျ ရွေးချယ်ပေးမယ့် စတော့အိတ်ချိန်းဈေးကွက်မှာ မှန်မှန်ကန်ကန် စနစ်တကျ ဆောင်ရွက်နိုင်မယ့် စတော့အိတ်ချိန်းဈေးကွက်ဝင် အများပိုင်ကုမ္ပဏီများစွာ ပေါ်ပေါက်လာနိုင်စေရေးနဲ့ မိမိနိုင်ငံသားတွေကို စတော့အိတ်ချိန်းဈေးကွက်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အသိပညာတွေ များစွာပေးနိုင်စေဖို့ဖြစ်တယ်။ အခုဆိုရင် စတော့အိတ်ချိန်းဈေးကွက် ဖြစ်မလာသေးခင်မှာသော်မှ အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ရသူတွေက မက်လုံးတွေပေးပြီး အစုရှယ်ယာတွေ ခေါ်နေတာ တွေ့ရတယ်။ နိုင်ငံသားတွေမှာ ငွေကြေးနဲ့ပတ်သက်တဲ့ အသိပညာတွေမရှိရင် ဟိုတစ်ချိန်က တစ်လကို အတိုးခုနစ်ရာခိုင်နှုန်းနဲ့ တစ်နှစ်ကို အတိုး ၈၄ ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ မသိနားမလည်ရှာတဲ့ ပြည်သူတွေဆီက ငွေတွေကို လှည့်ပတ်ရယူသွားတဲ့ ဖြစ်စဉ်တွေ မဖြစ်စေဖို့ အရေးကြီးတယ်။

စာရေးသူအနေနဲ့ အများပြည်သူတွေကို အသိပေးလိုတာက စာရေးသူရဲ့ သင်တန်းမှာ အမြဲပြောနေကျ ပုံခိုင်းပေးမှုလို အမျိုးသားတစ်ယောက်က ဘဝအိမ်ထောင်အတွက် ကြင်ဖက်ရွေးရင် မိမိနဲ့ဘဝကို အတူလှမ်းမယ့် ဘဝကြင်ဖော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရနိုင်သမျှ ပြည့်ပြည့်စုံစုံ ရယူဖို့ လိုအပ်သလို အမျိုးသမီးကလည်း မိမိအိမ်ထောင်ဖက်ရွေးရာမှာ မိမိအိမ်ထောင်ဖက် အမျိုးသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်စုံစွာ ရယူစုဆောင်းပါမှ အမှားမရှိနိုင်သလို စတော့ရှယ်ယာ ဈေးကွက်မှာလည်း မိမိဝယ်ယူမယ့် စတော့တွေ ထုတ်ရောင်းမယ့် ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရယူတတ်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။

Eleven Media Group