ပေကျင်းအာဏာပိုင်တွေ လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး ဥပဒေသစ် ပြဋ္ဌာန်း

ပို့စ်တင်ချိန် - 3/01/2014 04:26:00 PM


တရုတ်နိုင်ငံ ပေကျင်းမြို့တော်အာဏာပိုင်တွေဟာ လေထုညစ်ညမ်းမှု၊ ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးဥပဒေသစ်တွေကို မတ်လ ၁ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အလုပ်ရုံ၊ စက်ရုံပိုင်ရှင်တွေကို တိုးမြှင့်ဒဏ်တပ်မှာဖြစ်ပြီး ထပ်မံ ကျူးလွန်သူတွေကို ဒဏ်ငွေရဲ့ ၂ ဆ၊ ၂ ဆ ဒဏ်တပ်သွားမှာဖြစ်ပါတယ်။ ပီကင်းမြို့တော် မြူနီစပယ်နဲ့ သဘာဝပတ်ဝန်းကျင် စစ်ဆေးရေး ဒုတိယအကြီးအကဲ ရန်သျင့်ရန်က လေထု ညစ်ညမ်းမှု ကာကွယ်ရေး အရေးပေါ်ဥပဒေအရ မလိုက်နာတဲ့သူတွေဟာ မူလက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၆၀၀ ကနေ ၁၆၀၀၀ နဲ့ ညီမျှတဲ့ ယွမ်ငွေကို ဆောင်ကြရပြီး အခု ဥပဒေသစ်က အမေရိကန်ဒေါ်လာ ၈၀၀၀ ကနေ ၈ သောင်းကျော်အထိ ဒဏ်ငွေဆောင်ရမှာဖြစ်တယ်လို ပြောဆိုပါတယ်။

ဒဏ်ငွေ နှစ်ဆ ချမှတ်တဲ့စနစ်ကိုစတင် ကျင့်သုံးမှာဖြစ်ပြီး အကြိမ်ကြိမ်ချိုးဖောက်သူတွေဟာ ဥပမာ ယွမ်ငွေ ၁ သိန်းကနေ၊ ၂ သိန်း၊ ၂သိန်းကနေ ၄ သိန်း၊ ၄ သိန်းကနေ ၈ သိန်း စသည်ဖြင့် ဆောင်သွားရမယ်လို့ ပေကျင်းမြို့တော် မြူနီစပယ် တရားရေးရာအကြီးအကဲ လီယူ ဂျန်းရုက ဆိုပါတယ်။

ဥပဒေသစ်ဟာ မတ်လ ၁ ရက်နေ့ ည ၁၂ နာရီမှာ စတင် အကျိုးသက်ရောက်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေကို စတင်ပြီး လျှက်တပျက်ဝင်ရောက် စစ်ဆေးတော့မှာဖြစ်ပါတယ်။

ပေကျင်းအာဏာပိုင်တွေဟာ လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးရေး ၄ နှစ်တာ စီမံကိန်းအတွက် ဥပဒေတွေကို လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက ရေးဆွဲခဲ့တာဖြစ်ပြီး တရားဝင် ပြဌာန်းဖို့ ပေကျင်းတရားရေးဌာနက ဇန်န၀ါရီလ ၂၂ ရက်နေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

DVB Burmese