ဂျပန်နိုင်ငံရဲ့ အတိတ်ကလုပ်ရပ်တွေကို ငြင်းဆန်နေတာ ရပ်တန့်ဖို့ တောင်ကိုရီးယားသမ္မတ ပြော

ပို့စ်တင်ချိန် - 3/01/2014 04:28:00 PM


တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟိုင်း က ဂျပန်နိုင်ငံရဲ့အတိတ်က လုပ်ရပ်တွေကို ငြင်းဆန် နေတာတွေကို ရပ်တန့်ဖို့နဲ့ သမိုင်းမှန်ကိုရေးဖို့ ဂျပန်နိုင်ငံကို မတ်လ ၁ ရက်နေ့က တိုက်တွန်းပြောဆို ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ အတိတ်က လုပ်ရပ်တွေကို မ၀န်ခံပဲ သမိုင်းကို ပြန်ပြင်မယ်ဆိုရင် အထီးကျန် အဖြစ် ရောက်ရှိသွားဖို့ပဲရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ဂျပန်ကိုလိုနီလက်အောက်ကနေ ကိုရီးယားလွတ်လပ်ရေးကို ကြေညာခဲ့တဲ့ ၉၅ နှစ်မြောက်နေ့ အခမ်းအနားမှာ သမ္မတ ပတ်က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ နယ်နိမိတ်ပြဿနာ၊ ဂျပန်ဝန်ကြီးချုပ်ရဲ့ ရာစုခုနီ ဘုရားကျောင်း သွားရောက်တဲ့ကိစ္စတွေကြောင့် ဆက်ဆံရေးအဖုအထစ်တွေ ဖြစ်နေကြတာပါ။

ဂျပန်ဝန်ကြီးချုပ်က တောင်းပန်ဖို့ပဲ ပြောခံနေရတဲ့ ဂျပန်သမိုင်းကို ပြန်သုံးသပ်ဖို့ ပြောကြားခဲ့တာကြောင့် အိမ်နီးချင်းတရုတ် နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ဒေါသထွက်စေခဲ့ ပါတယ်။

ဂျပန်နိုင်ငံဟာ ထောင်နဲ့ချီတဲ့ အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘက်လိင်ခန်းတွေကို ပို့ဆောင်ခဲ့တာအတွက် ကျန်ရစ်သူတွေကို ၁၉၉၃ ခုနှစ်က တောင်းပန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီတောင်းပန်မှုကို ပြန်လည်သုံးသပ်ဖို့ လေ့လာစုံစမ်းရေး အဖွဲ့တခုဖွဲ့ဖို့ ဂျပန်အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဂျပန်ရှေးရိုးစွဲတချို့က အဲ့ဒီအမျိုးသမီးတွေဟာ လိင်လုပ်သားတွေဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့တာကြောင့် ဂျပန်အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်က ဇိမ်မယ်တွေအဖြစ် အမျိုးသမီး ၂ သိန်းဟာ စစ်ဘက်လိင်ခန်းတွေကို ပို့ခံခဲ့ရပြီး တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံက အမျိုးသမီးတွေ အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း နယ်မြေအချို့ဟာ ၁၉၃၀ နှစ်တွေအတွင်း ဂျပန်နိုင်ငံရဲ့ သိမ်းပိုက်ခံခဲ့ရပြီး ကိုရီးယားနိုင်ငံဟာ ၁၉၁၀ ကနေ ၁၉၄၅ အထိ ဂျပန်ကိုလိုနီဖြစ်ခဲ့ပါတယ်။

DVB Burmese