ဂိုးသည်းထန်ခဲ့တဲ့ ပရီးမီးယားလိဂ်ရပ်ဝန်း

ပို့စ်တင်ချိန် - 3/23/2014 11:11:00 AM



မော်ရင်ဟိုနဲ့ ရင်ဆိုင်ခဲ့သမျှ (၅)ပွဲရှုံး၊ (၅)ပွဲသရေ ရလဒ်နဲ့ အနိုင်မရခဲ့ဖူးတဲ့ အာစင်ဝင်းဂါးတစ်ယောက် ဒီနေ့ပွဲမှာလည်း (၆)ဂိုးပြတ် အရှုံးနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြီး သူ့အတွက် အာဆင်နယ် ပွဲ(၁၀၀၀)ပြည့်ဟာ ၀မ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဖြစ်ခဲ့ပါတယ်။ (၇)မိနစ်အတွင်း နှစ်ဂိုးပေးခဲ့ရကတည်းက လီဗာပူးနဲ့ပွဲကလို ဇာတ်သိမ်းမျိုး မဖြစ်ဖို့ ဆုတောင်းခဲ့ရတဲ့ အမ်းမရိတ်စ် ချစ်သူတွေအတွက် စတန်းဖို့ဒ်ဘရစ်ခ်ျဟာ မျှော်လင့်ခြင်း ဆိတ်သုန်းတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ တောင်ပံတိုက်စစ်တွေကို တုံ့ပြန်ဖို့ တောင်ပံနှစ်ထပ် ဆင့်ပိတ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ အပြာရောင်ခြင်္သေ့တွေအတွက် အမြောက်တပ်ဆိုတာ ကစားစရာလိုမျိုး..........။ ကွင်းလယ်ဒိုင် မရီနာရဲ့ လွဲမှားမှုက ရယ်ရခက်၊ ငိုရခက်။ ချိန်ဘာလိန် ကိုယ်တိုင် သူ့လက်နဲ့ ထိမိတာပါလို့ ပြောရက်နဲ့......ဘယ်အညိုးကြောင့် ကီရန်ဂစ်ဘ်ကို အနီကတ် ပြခဲ့လေတာလဲ။ ဒီလိုနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကအပြန် အာစင်ဝင်းဂါးရဲ့အသံက “ရှက်ရွံဖွယ်ရာအရှုံးအတွက် ကျွန်တော်တစ်ယောက်တည်း တာဝန်ရှိပါတယ်တဲ့”။

စဖွင့်ကတည်းက ဂိုးမြူးခဲ့တဲ့ ပွဲစဉ်(၃၁)ဟာ ချဲလ်ဆီး တစ်သင်းတည်းနဲ့ ရပ်တန့်မသွားခဲ့ဘူး။ မှော်ဆရာ ဆွာရက်ဇ်ရဲ့ လက်နက်ဟာ ဂိုးသွင်းခြင်းအတတ်ပညာပဲ။ ဒီည သူ ဟက်ထရစ်သွင်းတယ်။ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ (၂၈)ဂိုးနဲ့ ခန့်ညားနေလိုက်ပုံက ပရီးမီးယားလိဂ်ရဲ့ ဘယ်တိုက်စစ်မှူးကိုမှ လူမထင်တော့သလိုမျိုး။ သေချာနေပါပြီ။ သူပဲ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်လိမ့်မယ်။

တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်ဟာ အီတီဟတ်မှာတော့ မန်စီးတီးရဲ့ဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။ ပင်နယ်တီနှစ်ဂိုးနဲ့ ကစားသမားတစ်ယောက် ကွာခြားတာက (၅)ဂိုးပြတ်သွားစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ။ ယာယာတိုရေးကလည်း ဆွာရက်ဇ်ကို အားကျမခံ ဟက်ထရစ်သွင်းပြန်တယ်။ ဒီကွင်းလယ်ဗိုလ်ချုပ်ကလည်း ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ (၁၆)ဂိုးနဲ့ အဆင့်(၃)ချိတ်နေလေရဲ့။ ဒီလိုနဲ့ မန်စီးတီးဟာ အရှုံးသမား အာဆင်နယ်ရဲ့ အဆင့်(၃)နေရာကို (၆၃)မှတ်နဲ့ လွှဲပြောင်းယူခဲ့တယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)ရလဒ်များ

ချဲလ်ဆီး ၆-၀ အာဆင်နယ်
ကာဒစ်ဖ် ၃-၆ လီဗာပူး
အဲဗာတန် ၃-၂ ဆွမ်ဆီး
ဟူးလ်စီးတီး ၂-၀ ၀က်စ်ဘရွန်း
မန်စီးတီး ၅-၀ ဖူလ်ဟမ်
နယူးကာဆယ် ၁-၀ ခရစ္စတယ်ပဲလေ့စ်
နောဝစ်ခ်ျ ၂-၀ ဆန်းဒါးလန်း

@z (ရိုးရာလေး)