ဟောင်ကောင်သို့ အိမ်အကူစေလွှတ်မှု ပြန်လည်ခွင့်ပြုမည်

ပို့စ်တင်ချိန် - 4/08/2014 04:22:00 PM



Author: အေးမြတ်သူ
Location: ရန်ကုန်
ဟောင်ကောင်တွင် ပြည်ပနိုင်ငံများမှ အိမ်အကူများ အားလပ်ရက်ရ၍ စုပေါင်းတွေ့ဆုံအနားယူနေစဉ်
ယာယီဆိုင်းငံ့ထားသည့် ဟောင်ကောင်သို့ မြန်မာအိမ်အကူအလုပ်သမားစေလွှတ်မှု မကြာမီ ပြန်လည်ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်မှ သတင်းရရှိသည်။

ဟောင်ကောင်သို့ အိမ်အကူ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၉ ဦးကို ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၄ ရက်က စေလွှတ် ခွင့်ပြုခဲ့သည်။ သို့သော် ဒုတိယအသုတ်အနေဖြင့် ထပ်မံသွားရောက်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမား ၄၀ ဦးခန့်ကို အစိုးရက တစ်လကျော်သည်အထိ စေလွှတ်ခွင့်မပြုသေးကြောင်း သိရသည်။

‘‘ပြဿနာရှိတယ်။ တရားမ၀င်လမ်းကြောင်းကို ပီပီပြင်ပြင်ပိတ်နိုင်ရင် ကောင်းတယ်။ မပိတ်နိုင်ရင် ပိုဆိုးသွားမယ်။ အကြာကြီးဆိုင်းငံ့လို့တော့ မရပါဘူး။ ခွင့်ပြုရမှာပဲ။ မကြာခင် ခွင့်ပြုမှာပါ’’ ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

ဟောင်ကောင်သို့ အိမ်အကူလုပ်သားစေလွှတ်ခွင့် ယာယီရပ်ဆိုင်းထားခြင်းသည် မီဒီယာများမှ သတင်းဖော်ပြမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ထို့အပြင် လတ်တလောတွင် ဟောင်ကောင်နိုင်ငံဘက်မှ လာရောက်အလုပ်ခေါ်ယူကမ်းလှမ်းသည့် အေဂျင်စီအဖွဲ့ များပြားလျက်ရှိသည့်အတွက် တိကျ ခိုင်မာသည့် အေဂျင်စီမျိုးနှင့်သာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) ရေးထိုးလိုကြောင်း မြန်မာအေဂျင်စီအသင်းချုပ်မှ သတင်းရရှိသည်။

လက်ရှိ ဟောင်ကောင်သို့ မြန်မာအိမ်အကူလုပ်သား တရားဝင်စေလွှတ်ခွင့်ပြုထားသည့် အေဂျင်စီမှာ ဂိုးလ်မိုင်းအေဂျင်စီတစ်ခုသာဖြစ်သည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူလုပ်သား စေလွှတ်မှု လုပ်ငန်းစဉ်များကို မြန်မာအေဂျင်စီ အသင်းချုပ်ထံ တာဝန်လွှဲ ပြောင်းပေးထားသည်။ ထို့ကြောင့် အသင်းချုပ်အနေဖြင့် လုပ်သား စေလွှတ်ရာတွင် ပြဿနာမဖြစ်ပေါ်စေရန် စိစစ်ဆောင်ရွက်လျက်ရှိသည်။

‘‘ကျွန်တော်တို့ပို့မယ့် အလုပ်သမားတွေကို တာဝန်ယူတယ်။ အခု အားလုံး တင်ပြပြီးပြီ။ အစိုးရက စေလွှတ်ခွင့် (Smart card) ထုတ်ပေးဖို့ပဲ ကျန်တာ။ အလုပ်လုပ်ကိုင်ခွင့်တွေလည်းကျပြီးပြီ’’ ဟု ဂိုးလ်မိုင်းအေဂျင်စီ အထွေထွေမန်နေဂျာ ဦးသန့်ဇင်ဦးက ပြောသည်။

ဟောင်ကောင်နိုင်ငံမှ မြန်မာအိမ်အကူလုပ်သားတစ်ဦး တစ်လလျှင် အမေရိကန်ဒေါ်လာငါးရာခန့်ဖြင့် လာရောက်အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်းလျက်ရှိသည်။ ထို့အပြင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် လုပ်သားများသည် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်သေဆုံးပါက မြန်မာငွေကျပ် သိန်း ၅၀၀ ခန့် ရရှိမည်ဖြစ်သည်။

7day daily