ဒေါပုံတွင် လမ်းဖြတ်ကူးသူ ယာဉ်နှစ်စီးဆင့် တိုက်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်

ပို့စ်တင်ချိန် - 5/19/2014 05:17:00 PM


ရန်ကုန်၊ မေ ၁၈

ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမကြီးဘေးရှိ ဧရာဝတီ ရေတပ်အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် မေလ ၁၇ ရက် ည ၈ နာရီခွဲခန့်က လမ်းဖြတ်ကူးနေသူ အသက် ၃၀ အရွယ်ရှိ ကိုအေးမင်းဇော်မှာ ယာဉ်နှစ်စီးဆင့် တိုက်ခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဒေါပုံမြို့နယ် ရွှေခြင်္သေ့ကုမ္ပဏီ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ကိုအေးမင်းဇော်မှာ ယင်းနေ့ညက အလုပ်မှ နေအိမ်သို့အပြန် ယမုံနာ လမ်းမကြီးကို ဖြတ်ကူးစဉ် ဒေါပုံဘက်မှ သာကေတဘက်သို့ အရှိန်ဖြင့် မောင်းလာသော Town Ace အမျိုးအစား ကိုယ်ပိုင်ယာဉ်က ဝင်တိုက်ခဲ့ရာမှ လဲကျသွားစဉ် ယင်းယာဉ်နောက်မှ ပါလာသော Town Ace ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ထပ်မံတိုက်မိပြီး ယာဉ်နှင့်အတူ ချိတ်ပါ သွားခဲ့သောကြောင့် ဦးခေါင်းနောက်စေ့နှင့် ခြေလက်တို့တွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေါပုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ပထမကားနဲ့က တည့်မတိုက်မိဘဲ ခန္ဓာကိုယ်တစ်ခြမ်းကို ဖြတ်တိုက်မိတာကြောင့် လဲသွားချိန် နောက်ကားနဲ့ ထပ်တိုက်ပြီး ကားနဲ့တရွတ်တိုက် ပါသွားတာ။ ဒါပေမဲ့ နောက်ကားက ဘရိတ်နင်းတာ မြန်လို့ အရှိန်မပြင်းတာကြောင့် ပွန်းပဲ့ ဒဏ်ရာလောက်ပဲရခဲ့ပြီး ဆေးရုံ အမြန်ပို့ခဲ့တာ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ လမ်းဖြတ်ကူးသူကို စတင်တိုက်ခဲ့သောယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားပြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးရှိ ၁၀၅ ကွေ့တွင် ယာဉ်ရပ်ထားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ တိမ်းရှောင်နေသောကြောင့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်ကာ ယာဉ်ပိုင်ရှင်ကို စုံစမ်းလျက် ရှိကြောင်း၊ နောက်မှ ထပ်မံဝင်တိုက်ခဲ့သော လှိုင်မြို့နယ်တွင် နေထိုင်သူ Town Ace ယာဉ်မောင်း ကိုစံသူရကို ဒေါပုံမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၃/၁၄၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မေလ ၁ ရက်နေ့မှ ၁၇ ရက်နေ့ထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၉၀ နီးပါးခန့် ဖြစ်ပွားခဲ့ပြီး ၃၀ ဦး သေဆုံးခဲ့ကာ လူတစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြီးခဲ့သော ဧပြီလက ယာဉ်မတော်တဆ ဖြစ်ပွားမှု ၂၉၆ မှုတွင် ၅၆ ဦး သေဆုံးခဲ့ပြီး ၅၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly