ရခိုင်ပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း UNICEF သုံးမည်

ပို့စ်တင်ချိန် - 5/01/2014 07:48:00 PM


ရန်ကုန်၊ ဧပြီ ၃၀

ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးနေသော ရခိုင်ပြည်နယ်အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကလေးသူငယ် အခွင့်အရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးစွဲမည် ဖြစ်ကြောင်း UNICEF Myanmar မှ ရခိုင်ပြည်နယ် ရုံးဌာနမှူး Ms.Yosi Echeverry Burchkhardt က ပြောကြားသည်။

အဆိုပါ အသုံးစရိတ်များကို ကလေးသူငယ်များ၏ အခြေခံပညာ သင်ကြားရေး၊ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ကလေးလုပ်သားနှင့် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများမှ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ UNICEF ၏ ရခိုင်ပြည်နယ်လှုပ်ရှားမှု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသည်။

ယင်းစီမံကိန်းများကို ရခိုင်ပြည်နယ် အစိုးရနှင့် ပူးပေါင်းကာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်နေသော ကလေးသူငယ်တိုင်းအတွက် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် မကြာသေးမီက ဖြစ်ပျက်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများအကြား ပဋိပက္ခများသည် UNICEF ၏ ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုများ ရှိကြောင်း UNICEF Myanmar ၏ ဌာနကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောကြားသည်။
“ဒီရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် UNICEF ရှေ့ဆက်လုပ်ငန်းတွေမှာ ခက်ခဲမှုတွေ ရှိနေတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များသည် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးက ကလေးများထက် အာဟာရ လိုအပ်ချက် ပိုမြင့်မားပြီး အိုင်အိုဒင်း ချို့တဲ့မှုနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနှုန်းများ မြင့်မားကြောင်း UNICEF Myanmar ၏ သုတေသန စာတမ်းများအရ သိရသည်။

ယင်းအပြင် ပညာရေးနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်သည် ကျောက်တက်နှုန်း အနိမ့်ဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး မိန်းကလေးများသည် အခြေခံပညာ သင်ကြားမှုနှုန်း ပိုနိမ့်ကျကြောင်း UNICEF Myanmar မှ Ms.Mona Korsgard က ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ကလေးသူငယ် ၁ ဒသမ နှစ်သန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly