ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်


ဇန်န၀ါရီ ၂၆ ရက် ၂၀၁၄ ခုနှစ်

ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။


Ref: မြ၀တီ

မလေးတွင် (၁၄) ထပ်မှ အသက် (၂) နှစ်နှင့် (၃၅) နှစ်အရွယ် ချင်းလူမျိုး (၂) ဦး ပြုတ်ကျ ကွယ်လွန်



မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Taman Sungai Besi Apartment ၏ (၁၄) ထပ်မှ ချင်းလူမျိုးများဖြစ်ကြသော အသက် (၃၅) နှစ်အရွယ်ရှိ Khen Hrang နှင့် အသက် (၂) နှစ်အရွယ် Pu Van Thang ၏ သား David တို့ ပြုတ်ကျကာ ကွယ်လွန်မှု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅) ရက်၊ နံနက် (၉း၄၀) ခန့်တွင် ဖြစ်ပွားခဲ့သည်။

Malaysia အခြေစိုက် The Chin Times ၏ ဖော်ပြချက်အရ- ခလေးငယ် David သည် အိမ်၏ ၀ရမ်တာတွင် ကလေးသဘာဝ ဆော့ကစားနေရာမှ ကစားသည့်အရုပ် အပြင်သို့ထွက်ကျ သွားရမှာ- သွားရောက် ဆယ်ယူရန် ကြိုးစားရင်း အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

David အောက်သို့ကျခြင်းကို သူ၏ ဦးလေးဖြစ်သူ (David ဖခင်၏ ညီ)မှ တွေ့ပြီး၊ အောက်သို့ ဓါတ်လှေကားမှ တဆင့် သွားရောက် ကြည့်ရှု့ရန် စောင့်ဆိုင်းသော်လည်း ဓါတ်လှေကား ကြာလှသဖြင့်၊ သူ၏ ချစ်လှစွာသော တူကလေးဆီသို့ ထပ်မံခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချခါနီးတွင် အခြားလူများမှ- မခုန်ချရန်နှင့် ခလေးမှာ ကွယ်လွန်ပြီးဖြစ်ကြောင်း ဖျောင်းဖြကြသော်လည်း မည်သို့မျှ တားဆီး၍ မရဖြစ်ခဲ့ရသည်ဟု သိရသည်။

ကွယ်လွန်သူများ၏ ရုပ်ကလာပ်အား ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဈာပနအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

Chin World
thithtoolwin

မစိုးရိမ်တိုက် ဆရာတော်ကြီး၏ အရိုးပြာမှ ရောက်ခြည်တော်ထွက်


မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ တိုက်အုပ်မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုငင်ံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇာသာရာဘိဝံသ မေထရမြတ်ကြီး၏ အရိုးပြာမှ ရောင်ခြည်တော် ထွက်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ တပည့်သံဃာတော်များထံမှ သိရှိရသည်။

မစိုးရိမ်တိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းမှ တပည့်သံဃာတော် အပါး ၁၅၀၀ ကျော်နှင့် တပည့် ဒကာ/မများက အေးရိပ်ငြိမ်သုဿာန်သို့ စည်ကားသိုက်မြိုက်စွာ လိုက်ပါ ပို့ဆောခင်ဲ့ကြပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်တွင် အရိုးပြာများကို ဧရာဝတီမြစ်အတွင်း ရေမျှာပူဇော်ခဲ့ကြတာလည်း ဖြစ်ပါသည်။

အဆိုပါ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မီးပြာကျသည့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်အချိန်ထိ တပည့်သံဃာတော်များက စောက်ရှောက်ခဲ့ကြရာမှ မနက် ၄ နာရီခန့်အချိန် အရိုးပြာများကို အရိုးအိုးထဲသို့ ထည့်သိမ်းရန်ပြုလုပ်စဉ် အခုလို ရောင်ခြည် ထွက်ပေါ်ခဲ့တာကို ထူးထူးခြားခြား တွေ့မြခင်ဲ့ရတယ်လို့ သံဃာတစ်ပါးက မိန့်ကြားသည်။

မဏိစလ နာရေးကူညီမှုအသင်းမှ စေတနာရှတင်စ်ဦးကလည်း ၄င်းတို့ ကူညီပြုလုပ်ပေးခဲ့သည့် သက်တမ်းတစ်လျှောက် အခုလို ထူးခြားမှုမျိုးကို တခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့လည်း ပြောဆိုပါတယ်။

မစိုးရိမ်းဆရာတော်ကြီးသည် ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊ ရိုးရိုးအေးအေး၊ မှန်မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်း စသည့်အချက်များနှင့် မစိုးရိမ်သံဃာတော်များအတွင်း ထရငှ်ား လေးစားရသည့် ဆရာတော်ကြီးဖြစ်တယ်လို့လည်း သိရှိရသည်။

ဦီးကော လေး
ဟာဂျူလီ ကသာ

The Reporter News Journal ( Issue - 56 )

အကျယ်ချဲ့ကြည့်ရန်





နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ




26-01-2014

နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki
ပုဂံအွန်လိုင်းမီဒီယာ

The Voice Weekly ၂၀၁၄ ဟောကိန်း

အကျယ်ချဲ့ကြည့်ရန်





တရုတ်တင်းနစ်မယ်လီနာ သြစတြေးလျအိုးပင်းတင်းနစ်ဖလားဆွတ်ခူး



၂ဝ၁၄ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း တင်းနစ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတင်းနစ် အားကစားကွင်းကြီး၌ တရုတ်တင်းနစ် မယ်လီနာနှင့် ဆလိုဗက်ကီးယား တင်းနစ်မယ် ဆီဘူကိုဗာတို့ယှဉ်ပြိုင် ကစားခဲ့ရာ တရုတ်တင်းနစ်မယ် လီနာ က ဆီဘူကိုဗာအားအနိုင်ရရှိကာ သြစတြေးလျ အိုးပင်းတင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

အမျိုးသမီးတင်းနစ်လောကတွင် အဆင့်(၄)ရှိ တရုတ်တင်းနစ်မယ် လီနာသည် ယင်းပွဲစဉ်တွင် ၇-၆၊ ၆-ဝ ဖြင့် ဆလိုဗက်ကီးယားတင်းနစ်မယ် ဆီဘူကိုဗာကိုအနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း
ဖြစ်ပြီး လီနာသည် ၂ဝ၁၁ ခုနှစ်က ပြင်သစ်အိုးပင်းတင်းနစ်ဖလား ရရှိခဲ့ပြီး နောက် ယခုတစ်ကြိမ်သည် လီနာအတွက် ဒုတိယမြောက်ရရှိခဲ့သည့် တင်းနစ် ဖလားလည်း ဖြစ်လာခဲ့ရသည်။

ယခု သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲသည် ဆလိုဗက်ကီးယားတင်းနစ် မယ် ဆီဘူကိုဗာအတွက် ပထမဆုံးအကြိမ်အဖြစ် ဂရင်းဆလင်းချန်ပီယံဆု ရရေး နောက်ဆုံးဗိုလ်လုပွဲဖြစ်သည်။ ၂ဝ၁၄ သြစတြေးလျတင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးပွဲစဉ်များတွင် နာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ဆရီနာဝီလျံ၊ ရှာရာ ပိုဗာနှင့် ဗစ်တိုးရီးယားအဇာရန်ကာတို့သည် ပြိုင်ဘက်အသီးသီးကို ရှုံးနိမ့်ခဲ့ပြီး တရုတ်တင်းနစ်မယ် လီနာကမူ ယခုနှစ်သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် တိကျသေချာသော ရိုက်ချက်များဖြင့် အကောင်းဆုံးကစားခဲ့ကာ ယခုကဲ့သို့သြစတြေးလျအိုးပင်းတင်းနစ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်လင်းကြည်

The Mirror Daily

The Voice Weekly ( Vol-10, No-3 )

အကျယ်ချဲ့ကြည့်ရန်





မလေးရှားနိုင်ငံ တရားမဝင်မြန်မာလုပ်သား ပြန်လာချင်လျှင် မြန်မာသံရုံးကိုဆက်သွယ်နိုင်



ရန်ကုန်၊ မဇ္ဈိမ။ ။ မလေးရှားနိုင်င်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ကာ ပြန်လာနိုင်သည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို သုံးလ စီမံချက်ဖြင့် လိုက်လံဖမ်းဆီး မြန်မာနိုင်ငံသား ၅၅၅ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု မလေးရှားသတင်းဌာန Bernamaက ဖော်ပြထားသည်။

"မလေးရှားသံရုံးကို ဦးမင်းမင်းဝင်းကို လွှတ်ပေးထားတယ်။ တရားမဝင် အလုပ်သမားတွေ ပြန်လာချင်တယ်ဆိုရင် ပြန်လာလို့ရတယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့် ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦးက ပြောသည်။

ဖမ်းဆီးခြင်း မခံရသေးသည့် မလေးရှားနိုင်ငံ မြန်မာသံရုံးအနေဖြင့် အမှန်တစ်ကယ် မြန်မာနိုင်ငံသား ဟုက်မဟုက်စီစစ်ပေးနေသည်ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။

တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို တရားဝင်မှတ်ပုံတင်ထုက်ပေးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် မလေးရှားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေသော်လည်း အောင်မြင်မှုမရရှိသေးဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေး ဝန်ကြီးဌာနက သိရသည်။

"အဓိကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမှာဖြစ်တယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာက နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်ပေးနိုင်တယ်” ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။

မလေးရှားနိုင်ငံအနေဖြင့် ဖမ်းဆီခြင်းခံရသည့် နိုင်ငံခြားသားများကို ခုနှစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။ ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ သံရုံးများက ကုန်ကျခံရမည်ပြီး ပြန်ပို့ခံရသော လုပ်သားများအနေဖြင့်
မလေးရှားနိုင်ငံသို့ ထပ်မံ ဝင်ရောက်ခွင့်ရှိတော့မည် မဟုတ်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။

(မဇ္ဈိမသတင်းဌာ)

ခွန်အားတိုး နို့အရက်


ဒီနေ့က ဂျာနယ်ဖတ်မိခြင်းကို စိုပြေတစ်ယောက် နောင်တရနေသည်။ အခုတော့ မတတ်နိုင်တော့။ လူကြီး မိဘစကား နားထောင်ရမည်ဟု အမေက ဆုံးမထားသည်။

စိုပြေ ဝမ်းနည်းနေသည်။ ရင်ကွဲပက်လက်ကလေး ဖြစ်နေသည်။ ငယ်ချစ်ဦးကို စွန့်လွှတ်ရတော့မည်။
စိုပြေ ငိုလေသည်။

ဒီကိစ္စက သမ္မတကြီးကြောင့် ဖြစ်သည်။
ဂျာနယ်ထဲမှာ သတင်းတွေ ပါလာသည်။ ကျေးလက်နေ ပြည်သူလူထုမှာ အရက်သောက်သုံးမှု များပြားနေသောကြောင့် အရက်အစား နွားနို့သောက်ကြ ပါရန် သမ္မတကြီးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီးကို အဖရင်းသဖွယ် ကြည်ညိုလာသည့် စိုပြေတစ်ယောက် ဒီကိစ္စကိုတော့ ကန့်ကွက်လိုသည်။ ဒါက စိုပြေ့အရေး တစ်ခုတည်းမဟုတ်။ အမျိုးသားရေး ဖြစ်သည်။

သမ္မတကြီးက နွားနို့ သောက်ခိုင်းသည်။ အရက်ကိုလည်း ဖြတ်ခိုင်းသည်။ အရက်ကြောင့် အမှုအခင်းတွေ အဖြစ်များလို့ အရက်အစား နွားနို့သောက်ကြပါဟု သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထိုအခါ အရက်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နွားနို့က မူးလို့လားဟု အရက်သမားတွေ စမ်းကြည့်ကြသည်။ မြန်မာပြည်ကလူ တော်တော်များများ နွားနို့ မသောက်ဖူးကြ။ အရက်ပဲ သောက်ဖူးကြသည်။ ဒါကို ဂရန်းရွိုင်ရယ်မှ တာဝန်ရှိသူများ အသိဆုံး။

အရက်သမားတွေ ပိုဆိုးလာသည်။ အချို့က နွားနို့ကို အရက်နှင့် အတူတူဟု ထင်ကြသည်။ နွားနို့သောက်လျှင်လည်း မူးမည်ဟုထင်၍ မျက်စိစုံမှိတ် စမ်းသောက် ကြည့်ကြသူများလည်း ရှိသည်။
"နွားနို့ကလည်း ရေလိုပါလား။ မူးလည်းမမူးဘူး" ဟု နွားနို့ မသောက်ဖူးသည့် အရက်သမားများက မှတ်ချက်ပြုသည်။

အရက်သမား အများစုကတော့ သမ္မတပေါ်လစီ ချိန်းသဖြင့် အရက်တွေ ဈေးတက်ကုန်တော့မှာပဲဟု တွေးကြသည်။
အရက်သမား အတွေးသည် အမြဲမှန်သည့် အတွက် မကြာခင် အရက်တွေ တကယ်ဈေး တက်ကုန်သည်။ နိုင်ဂံဂျားဖြစ်၊ ပြည်တွင်းဖြစ် အကုန်ဈေးတက်သွားသည်။ ဝမ်းနည်းပေရ တည့်တကား။

အရက်ဆိုင်ကို မေးကြည့်တော့ ဘာဖြစ် လို့ဈေးတက်မှန်း ရေရေရာရာ မသိရ။
"သမ္မတက မသောက်ခိုင်းတော့ အဖမ်းအဆီးတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ဈေးတက်ထားရတာ။ အရက်ဆိုင်တောင် ပိတ်ရင်ပိတ်သွားနိုင်တယ်" ဟု ဘူတာရုံ အနီး ဘီအီးဆိုင်ရှိ အသက်ကိုးနှစ်အရွယ် စားပွဲထိုးက တွေးတွေးဆဆ ပြောသည်။
သူ့စကားကိုလည်း အရက်သမား အများစုက ထောက်ခံကြသည်။ ထောက်ခံ ပြီးနောက် မဖြစ်သင့်ဘူးဟု တစ်ပြိုင်နက်တည်း ပြောကြကာ အေ့ခနဲ လေချဉ်တက်ကြသည်။ ဒီကိစ္စက ရှော့ခ်ရှိသည်လေ။

"နွားနို့အရက်ဆိုပြီး ထုတ်ရင် မကောင်းဘူးလား။ လူတွေ နွားနို့သောက်ပြီးသားလည်း ဖြစ်မယ်။ အရက်လိုလည်း မူးရမယ်" ဟု ဘာညာသရကာ အရက်မျိုးစုံ ထုတ်လုပ်ရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်က စဉ်းစားသည်။ ဖြစ်နိုင်မလားဟု အရက်ချက် လုပ်သားတွေကို မေးသည်။

အဖြေက နွားနို့အရက် ဖြစ်နိုင်သည်။
မဖြစ်နိုင်စရာလည်း အကြောင်းမရှိ။ နာနတ်ဝိုင်၊ စပျစ်ဝိုင်တို့ကို ဈေးပေါပေါဖြင့် ထုတ်ရောင်းဖူးပြီ။ နွားနို့ရောတာလောက် ကလေးကတော့ အပျော့။ အေးဆေး။

ဆိုဂျူတစ်ပုလင်းကို သုံးရာဖြင့် ရောင်းနိုင်သည်။ မန်ကျည်းအရက် ကိုလည်း စည်ဖြင့်ထည့်ကာ ဘီယာလို ရောင်းခဲ့ပြီးပြီ။ အရက်သမားများ တစ်ခဲနက်အားပေး ခဲ့ကြသည်ကော။
ယခုတော့ ထိုအရက်သမားများ အားမပေးနိုင်တော့။ အကုန်ဖောရှောကာ သေကုန်ပြီဖြစ်သည်။

ဒါက မထူးဆန်း။ တစ်ဗိုလ်တက်လျှင် တစ်ဗိုလ်ဆင်းမည်။ ရဲရဲတောက် အရက်သမားများဖြစ်သည်။ ထို့ကြောင့် ဈေးကွက်သစ်ရှာရမည်။
သမ္မတကြီးက လမ်းညွှန်ချက် ချပေးခဲ့ပြီ။
အရက်အစား နွားနို့သောက်ရမည် တဲ့။ ဘယ်အရက်သမားမှ နွားနို့ပြောင်း သောက်မည်ဟုတ်။ သောက်ခြင်းသောက် နွားနို့အရက် ကိုသာ သောက်လိမ့်မည်။ ဒါဆို ဈေးကွက်အောင်ပြီ။
နွားနို့အရက် ချက်ဖို့ကလည်း ဘာမှမခက်။ ယခင် အရက်ချက်နည်း အတိုင်း ချက်ပြီး အဖြူရောင်နှင့် နို့အရသာ ထည့်လိုက်ရုံသာ ဖြစ်သည်။
(အရက်ချက်နည်း ကိုတော့ မဖော်ပြတော့ပြီ။ အရက်သမား များ အော်ဂလီဆန်မည် စိုးသောကြောင့် ဖြစ်သည်)

တိရစ္ဆာန်ချစ်သူများ အဖွဲ့ကလည်း လူတွေ နွားနို့သောက်ခြင်းကြောင့် နွားပေါက်ကလေးတွေ အတွက် နို့ဝေစု နည်းသွားမည်။ နွားနို့ဝအောင် မစို့ရလျှင် နွားကလေးတွေ ပိန်မည်။ ဒါဆို နွားအခွင့်အရေး ချိုးဖောက် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လူများ အရက်မသောက်ဘဲ နွားနို့ကိုသာ သောက်ပါက နွားအကောင်ရေ များလာမည်။ ဒါဆို မြက်တွေ ပိုကုန်မည်။
မြက်တွေ မျိုးတုံးသွားနိုင်သည်။ ဒါဆို သဘာဝပတ်ဝန်းကျင် ကိုလည်း ထိခိုက်နိုင်သည် ဟု သဘာဝပတ်ဝန်းကျင် သမားများက တွေးကြပြန်သည်။ သူတို့က အမျိုးသား အကျိုးစီးပွား ထက် သစ်ပင်သစ်ရိပ် မရှိတော့မည်ကိုသာ ဦးစားပေး တွေးပူကြသူများ ဖြစ်သည်။

နွားနို့ရောင်းသည့်  ကုလားများတော့ တွက်ခြေကိုက်သည်။ အရင်က နို့တစ်ပုံး ကုန်အောင် မနည်းရောင်းရသော်လည်း ယခုတော့ နို့နှစ်ပုံး ကုန်သည်။ တကယ်တော့ ရေနှစ်ပုံး ကုန်သွားခြင်းသာ ဖြစ်သည်။ ကုလားတို့ ပျော်လေသည်။
ကုလားက စာဖတ်သည်။ နို့သောက်ရမည်ဟု ညွှန်ကြားကြောင်း ဖတ်လိုက်ရသည့် သမ္မတကြီးကို ကုလား ကျေးဇူးတင်သည်။ ဂျိုးဖြူရေ ကိုလည်း ကုလား ကျေးဇူးတင်သည်။
"ဟာရေး... ကုလား... အားဂျီးကျေးဂျုး တင်ဒလယ် ညော်" ဟုဆိုသည်။

ဒီမိုတွေကတော့ ထုံးစံအတိုင်း အစိုးရကို အပြစ်တင်သည်။ နွားနို့က နေရာတိုင်းတွင် မရ။ အရက်သာ လမ်းတိုင်းတွင် ရသည်။ ဒါကြောင့် အရက်သမားတွေ များတာဟု ဆိုသည်။

အရက်စက်ရုံတွေ နေရာအနှံ့ ရှိနေပြီး အရက်တွေ ဈေးပေါနေခြင်းသည် အစိုးရကြောင့် ဟု ဒီမိုတွေက ဆိုသည်။ ဒါကလည်း ရိုးနေဘီ။
ဒီမိုတွေက အစိုးရဘာလုပ်လုပ် အပြစ်တင်ဖို့တာဝန် သူတို့မှာရှိသည်ဟု ခံယူထားကြပုံ ရသည်။

အစိုးရလော်ဘီတွေ ကတော့ နွားနို့ ကောင်းကြောင်း ဝါဒဖြန့်သည်။
နွားနို့သောက်သဖြင့် သမ္မတဖြစ် သွားသော ပုံပြင်တွေကို ပြောကြသည်။ သူတို့ ကလည်း အစိုးရဘာလုပ်လုပ် ကောင်းသည်ဟု ဇွတ်ငြင်းသူများ ဖြစ်သည်။

လယ်သမားများ ကတော့ သနားစဖွယ်။ "ငါတို့မှာ နွားမှ မရှိတော့တာ ဘယ်က နွားနို့ရမလဲ" ဟု စဉ်းစားသည်။ အရင်က နွားနို့သောက်ခဲ့သည့် အချိန်များကို ပြန်တမ်းတကုန်ကြသည်။ မျက်ရည် ပေါက်ပေါက်ယိုသည်။ တစ်ဖက်နိုင်ငံတွေသို့ ရောက်ကုန်သော နွားများကို လွမ်းဆွတ်လာသည်။ ယခုတော့ နွားတွေ မရှိသဖြင့် ထွန်စက်တွေကို အားကိုးရသည်။ ထိုစက် တွေကလည်း နှစ်ပတ်လောက် လှိမ့်လိုက်လျှင် ထယ်သွားတွေ ခွေကုန်သည်။ ဒီဇယ်လည်း ကုန်သည်။
နွားနှင့်ဆို ဒီလိုမဖြစ်။ နောက်ချေးလည်း ရသည်။ နွားနို့လည်း သောက်ရသည်။

ဒီလိုနှင့် တိုင်းပြည်ထဲတွင် နွားနို့နှင့် အရက်ကိစ္စ တော်တော် ရှုပ်ထွေးသွားသည်။

အရက်သမားများ ကတော့ ဆုံးဖြတ်ချက် ခိုင်မာသည်။ နွားနို့ကို မသောက်။ အရက်သာ သောက်မည်။ ပြဿနာက အရက်မသောက် တဲ့လူတွေ ဖြစ်သည်။
အရက်မသောက်တဲ့ လူတွေက မဆီမဆိုင် ကန့်ကွက်ကြသည်။ ဝေဖန်ကြသည်။ ရှုတ်ချကြသည်။ အရက်သမားက ဘာဖြစ်၊ သမ္မတကြီးက ဘာဖြစ်၊ နွားနို့က ဘာဖြစ် စသဖြင့် လျှာအရိုးမရှိ လျှောက်ပြောကြသည်။

ဒီထဲမှာ စုန်းပြူးအရက်သမား အချို့တော့ ရှိသည်။ ဒီမို အရက်သမားက အရက်ဝိုင်းတွင် နွားနို့မကောင်းကြောင်း လျှောက်ပြောသည်။ အစိုးရကို ထောက်ခံသူ အရက်သမား ကတော့ နို့မှုန့်နှင့် အရက်ကို ရောသောက်သည်။ ပြီးလျှင် ဘယ်သူမှမမြင်အောင် ဖွက်ကြသည်။ သူ့နည်းနှင့်သူ ဟန်ကျပေစွ တကား။

သို့နှင့် ...
မကြာမီ အရက်ဆိုင်တွင် ကြော်ငြာတစ်ခု လာကပ်သွားသည်။ ထိုကြော်ငြာ ပိုစတာကို ကြည့်ရင်း အရက်သမားများ သွားရည် ပလောက်ခနဲ၊ ပလောက်ခနဲ ယိုစီးကုန်သည်။

ကြော်ငြာထဲမှာက ကုန်စည်နှင့် ကိုက်ညီအောင် အလန်းလွန်နေသော မော်ဒယ်လေး။
စာသားကတော့ “ခွန်အားတိုး နို့အရက်” ဟူ၍ဖြစ်သည်။ ဝမ်းမြောက်လွန်း သဖြင့် အရက်သမားများ လမ်းပေါ်ထွက်၍ ဘရိတ်ဒန့် ဆွဲကြလေ တော့သတည်း။


အချွန်နှင့် “မ” မည့် စိုပြေ (သံချောင်းပါတီ)
The Voice Weekly Myanmar

ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ မြန်မာပြည်ရောက်


မြန်မာ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့နေ
ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရဲ့ ပထမဆုံး မြန်မာ ခရီးမှာပဲ မြန်မာ နိုင်ငံ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ စွမ်းအင်နဲ့ ကျန်းမာရေး ဝန်ဆောင်မှု တွေလို ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ သုံးစွဲဖို့ ဒေါ်လာ သန်း ၂ ထောင် ထုတ်ချေး သွားမယ်လို့ ကြေညာ လိုက်ပါတယ်။

၂ဝ၃ဝ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ်မီး ရဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ အစိုးရကို ထောက်ပံ့ ကူညီသွားမှာ ဖြစ်ကြောင်း Jim Yong Kim က ပြောကြား ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် မြန်မာ့ ဖွံ့ဖြိုးမှု ဒုတိယ နှစ်ပတ်လည် ဖိုရမ် အစည်းအဝေး မှာ လည်း ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝင် တွေနဲ့ အတိုက်အခံ ခေါင်းဆောင်၊ စီးပွားရေး လောကသားတွေ တွေ့ဆုံဖို့ ရှိပါတယ်။

BBC Burmese

ရေမလုံလောက်မှုကြောင့် အောင်လံဂုံတောနယ်မှ လယ်မြေဧက(၁၀၀)နီင်္းပါး နွေစပါးမစိုက်ပျိုးနိုင်


အောင်လံ၊ ဇန်နဝါရီ ၂၆။

ကြေးနီချောင်းမှ တမံရေလုံလောက်စွာ မရရှိမှုကြောင့် အောင်လံရွှေညောင်ပင်ဂုံတော နယ်တ၀ိုက်မှ လယ်မြေဧ က(၁၀၀)ခန့် နွေစပါး မစိုက်နိုင်ကြောင်း ဂုံတောနယ်မှ လယ်သမားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ရေမလုံလောက်တော့ နောက်ပိုင်းရောက်လာတော့ ရန်တောင်ဖြစ်တယ်၊ရေလုတာ၊” ဟု ၎င်းက ပြောသည်။

အောင်လံရွှေညောင်ပင် နယ်တ၀ိုက်တွင် လယ်မြေဧက(၁၈၄)ရှိကာ ပြီးခဲ့သည့် နွေစပါးစိုက် ရာသီတွင်ဧက အားလုံးနီးပါး စိုက်ပျိုးခဲ့ပြီး အပင်အောင် ရေသွင်းချိန်တွင် ရေမလုံလောက် ဖြစ်ခဲ့သောကြောင့် စပါးထွက်နှုန်း ကျမှုများ ဖြစ်ခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ရေတည်ရှိမှု အားကိုကြည့်၍ အလှည့်ကျစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးရသည်ဖြစ်သောကြောင့် ယခုကဲ့သို့ လယ်မြေ အချို့မစိုက်ပျိုးရခြင်းဖြစ်ကြောင်းလည်း မြို့နယ် စိုက်ပျိုးရေး မန်နေဂျာက ပြောသည်။

“မိုးကောင်း(ကြေးနီ)ချောင်းကို တမံတုပ်ထားပြီး အဲကရေနဲ့ စိုက်ကြရတာ၊ မိုးကမကောင်းတော့၊ ရေမလောက် ဖြစ်မယ်လေ၊  ခုလိုအလှည့်ကျစိုက်ကြရတာ၊ ကျန်တဲ့သီးနှံတွေတော့ စိုက်ကြတယ်၊ ကျန်သီးနှံ စိုက်ရင်လည်း စစိုက်တဲ့ချိန် စိုက်ရေတော့ ရပါတယ် ” ဟု  ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်ရွှေညောင်ပင်နယ်  နွေစပါးစိုက်ဧကမှာ(၇၀)နီးပါးရှိခဲ့ပြီး၊ယခုနှစ်တွင်လည်း လျာထားချက်ပြည့်မီနိုင် မည်ဖြစ်ကြောင်း လည်း ၎င်းကဆိုပါသည်။

မိုးကောင်းချောင်းဟုလူသိများသော ကြေးနီချောင်းသည် အောင်လံမြို့၏မြောက်ဘက်တွင်ရှိပြီး၊ မိုးတွင်းကာလ ရောက်ရှိလာပြီဆိုလျှင် အထက်ပါချောင်းအားလူအားဖြင့် တမံတုပ်ကာ ရေသိုလှောက်ထားကြပြီး အဆိုပါရေဖြင့် သာ နွေစပါးစိုက်ပျိုးကြခြင်းလည်းဖြစ်သည်။

ယင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုးများပါဝင်သော ဆည်ကော်မတီဖွဲ့စည်းကာ ရေမြောင်းများဖောက်ခြင်း၊တာဖို့ ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး  ကုန်ကျစရိတ်များအား နွေစပါးစိုက်တောင်သူများ၏ အချိုးကျ ထည့်ဝင်ငွေ များဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်းလည်း တောင်သူများကဆိုပါသည်။

အောင်လံမြို့နယ်အတွင်း အဆိုပါမိုးကောင်းချောင်းတမံေ၇ဖြင့် စိုက်ပျိုးနေသောကျေးရွာပေါင်း (၄)ရွာခန့်ရှိနေပြီး ရွှေညောင်ပင်ကျေးရွာနှင့် ဂုဏ်တော်စံပြကျေးရွာများမှာ လယ်ဧက အများဆုံးဖြစ်ကြောင်းလည်းသိရသည်။

လင်းသက်
The Myanma Age

ချင်းပြည်နယ်တွင် လူမျိုး(၅၃)မျိုးရှိသည်ဟုသတ်မှတ်ခြင်းကို လက်မခံနိုင်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန်


ကလေး၊ ဇန္န၀ါရီ ၂၆။

ပြည်လုံးကျွတ်သန်းကောင်စာရင်းကောက်ယူမည့်စာရင်းတွင် ချင်းပြည်နယ်၌ ချင်းလူမျိုး(၅၃)မျိုးရှိသည်ဟု သတ်မှတ်ထားခြင်းကို လက်မခံနိုင်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဇန္န၀ါရီလ၊ (၂၄)ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်သည်ဟုသိရသည်။
“ချင်းလူမျိုးစုထဲမှာ၊ ချင်းပြည်နယ်မှာ တစ်ခါမှမရှိတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲက ကသည်းကိုလည်းချင်းလူမျိုး စာရင်းမှာ ထည့်ထားတာတွေ့တယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် သူတို့လုပ်တာ မှားယွင်းတယ်ဆိုတာ ပေါ်လွင်နေတယ်။ ချင်းပြည်နယ်မှာ အလွန်ဆုံးရှိရင်(၆)မျိုးလောက်ပဲ ရှိမယ်လို့ သိထားတယ်။ ဥပမာ-မြောက်ပိုင်းမှာဇိုမီးရှိမယ်၊ ဖလမ်းနယ်မှာ လိုင်ဇိုရှိမယ်၊ ဟားခါးနှင့်ထန်တလန်ဖက်မှာ လိုင်လူမျိုးရှိမယ်၊ ပလက်ဝတ၀ိုက်မှာတော့ ခူမီး၊ မဒါ၊ ချိုး ဒီလောက်ပဲ ရှိမယ်။ တချို့ မြို့ရွာနာမည်တွေကို လူမျိုး လုပ်ထားတယ်။ ဥပမာ-တီးတိန်ဟာမြို့နာမယ်။ ဒါကို တီးတိန်လူမျိုးဆိုပြီး လုပ်ထားတယ်။ ရန်ကုန်မှာနေလို့ ရန်ကုန်လူမျိုးလို့ မရှိရဘူး။ ရန်ကုန်သားပဲရှိရမှာပေါ့”ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဂင်ကမ်းလျန်း ကပြောသည်။

သန်းကောင်စာရင်းတွင်ဖော်ပြထားသည့် တိုင်းရင်းသား(၁၃၅)မျိုးတွင် ဇိုမီးလူမျိုးအမည်ဖြင့် ကုတ်နံပါတ် မရရှိကြောင်း၊ (၁၃၅)မျိုးတွင် မပါဝင်သည့် တိုင်းရင်းသားများ အနေဖြင့် မိမိ၏မူလလူမျိုးအမည်ကို ရေးခွင့်ရှိကြောင်း၊ အခြားဆိုသည့်ကုတ်နံပါတ်(၉၁၄)နေရာတွင် ဇိုမီးလူမျိုးအမည်ကို ရေးသွင်းနိုင်သည်ဟု ချင်းပြည်နယ် ၀န်ကြီးက ပြောကြောင်း သိရသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ၂၀၁၄ခုနှစ်တွင် ပြည်လုံးကျွတ် သန်းကောင်စာရင်း ကောက်ယူခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးကို အခြေခံ၍သန်းကောင်စာရင်း ကောက်ယူခြင်း၊ ချင်းပြည်နယ်တွင် လူမျိုး(၅၃)မျိုးရှိသည်ဟု သတ်မှတ်ခြင်းများကို လုံးဝ လက်မခံနိုင်ကြောင်း၊ ဤကဲ့သို့ သတ်မှတ်ခြင်းကြောင့် တိုင်းရင်းသား လူမျိုးစုများအတွင်း စိတ်ဝမ်းကွဲမည်ကို စိုးရိမ်မိကြောင်း၊ လူမျိုးစာရင်းကောက်ယူရာတွင် မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါမှ ကောက်ယူခြင်းကို မသိရှိရကြောင်း၊ မည်သည့်အထောက်အထားများကို အခြေခံသတ်မှတ်၍ ကောက်ယူခြင်းထားသည်ကို မတွေ့ရကြောင်း၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုသောအားဖြင့် စနစ်တကျ လေ့လာ သုံးသပ်ပြီးမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်လျက်ရှိသော ဌာနေတိုင်းရင်းသား လူမျိုးများ၏ မူလလူမျိုး၏ အမည်မှန်ကို
ဖော်ပြသတ်မှတ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ယခုလိုဆွေးနွေးပွဲကို ဇန္န၀ါရီ(၁၇)ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင်းရှိ (TBYC)တွင်လည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဇန္န၀ါရီ(၂၄)နေ့တွင် ကလေးမြို့၊ ဂါလိလဲဘုရားကျောင်း၌ ခရစ္စယာန် ဂိုဏ်းပေါင်းစုံနှင့် သတ်မှတ်ထားသည့် မျိုးနွယ်စု(၁၀)စုမှ ခေါင်းဆောင်များအပါဝင် အင်အား(၅၀၀)ခန့်ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ထုတ်ပြန်ထားသည့်သန်းကောင်စာရင်းပါ ချင်းလူမျိုးရေးရာတို့ကို ရှင်းလင်းပြခဲ့ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၏ အထူး ကြေငြာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

လော်ခီးလာ အပစ်ရပ်မူကြမ်း ရှမ်းပြည်တပ်မတော် လက်မှတ်မထိုး


ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က လော်ခီးလာခီလာခံမှာ သဘောတူခဲ့တဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်သေးဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ် လောခီးလာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ညီလာခံကို တက်ရောက်လာတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော်ကတော့ လက်မှတ်မထိုးခဲ့ပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ ရှမ်းပြည် တပ်မတော် SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က “ဒုတိယအကြိမ် ညီလာခံမှာ လက်မှတ်ထိုးဖို့ ကျနော်တို့ ဗဟိုက ဘာမှ မပြောသေးပါဘူးခင်ဗျ။ အခု လက်ရှိမှုက ၂ ပိုင်းရှိပါတယ်။ တပိုင်းက တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကိစ္စ နောက်တပိုင်းကတော့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးရေးမူပေါ့။ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စ ကျနော်တို့နဲ့ ဘာမှ ပြဿနာ မရှိပါဘူး။ ကျနော်တို့နဲ့ မူတထပ်တည်းလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးပိုင်းကိစ္စနဲ့ ပတ်သက်လာရင်တော့ ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေရဲ့ သဘောထားတွေကို ပြည်လည် ရယူမှာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ အဲဒီလို မြင်ပါတယ်” လို့ ဆိုပါတယ်။

ညီလာခံကို တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့ ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ခဲ့ပြီး ၁၆ ဖွဲ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။

RCSS/SSA ကတော့ လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး မူကြမ်း ညီလာခံ တုန်းလည်း လက်မှတ်မထိုးခဲ့ပါဘူး။ သူတို့အနေနဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း သီးသန့်တွေ့ဆုံဖို့ ကန်းလမ်းထားတာတွေ ရှိပေမယ့် အစိုးရဖက်က အကြောင်းပြန်ကြားတာတွေ မရှိသေးဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒီညီလာခံကို ဇန်န၀ါရီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့ ထိ ၆ ရက်အကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ထွက်လာတဲ့ မူကြမ်းကိုလည်း လာမယ့် ဖေဖော်ဝါရီလ မကုန်ခင်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားပြုလုပ်မယ့် ဘားအံ ဆွေးနွေးပွဲမှာ ဆက်လက် တင်ပြဆွေးနွေးကြမှာ ဖြစ်ပါတယ်။

DVB Burmese

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ (ဓာတ်ပုံ)




တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ လာရောက်သည့် ပရိတ်သတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) တက်ရောက်လာသည့် ပရိတ်သတ် ငါးထောင်ခန့်ရှိသည်။

============================================

တောင်ကြီးမြို့ ကျောက်တစ်လုံးလမ်းတွင် ပရိတ်သတ်များ ပြည့်နေပြီ

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ကားကြီးတစ်စီးပေါ်၌ စင်ဆောက်ကာ ဟောပြောပွဲလုပ်မည်ဖြစ်ရာ ပရိတ်သတ်များ လမ်းနှင့်အပြည့် ရောက်နှင့်နေပြီဖြစ်ပြီး လမ်းပိတ်သွားပြီဖြစ်သည်။

ယခုဟောပြောမည့် နေရာသည် စစ်တပ်ပိုင်ကွင်းဟုဆိုကာ ခွင့်ပြုချက်မရသည့် အဝေရာ မီးပုံးပျံကွင်း၏ မြောက်ဘက်တွင် ကားကြီးပေါ်တွင် စင်ထိုးကာ ရွှေ့လျားစင်ပြုလုပ်ထားသည်။

Mizzima Burmese

ကြီးပွါးကြောင်း (၇) ရပ်




(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )
........................

ဆရာဖေမြင့်ရေးသားသော ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှ

Myawady News

ဒေသခံတစ်ဦးပိုင် ဆိုင်ခန်းများ နိုင်ငံတော်လေလံအဖြစ် ထည့်သွင်းရောင်းချခံရပြီး ပြန်လည်ရရှိခြင်း မရှိသေး


ကျောက်မဲ၊ ဇန်န၀ါရီ ၂၆။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ သိရိမင်္ဂလာလမ်း၊ ကွင်းအမှတ်(၃၁)ဈေးရပ်ရှိ ဦးကျော်မြင့်နှင့် ဇနီးဒေါ်ခင်စန်းရီပိုင် မြေဂရံဦးပိုင် အမှတ်(၁၁၀-ခ)အဆောက်အဦးမှ ဆိုင်ခန်း(၄)ခန်းအား နိုင်ငံတော် လေလံအဖြစ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီ၂၂ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေငြာခြင်း ခံရသည်မှာ မတရား လေလံစွဲခြင်း ခံရသည် ဟု၎င်းဂရံ အထူးကိုယ်စားလှယ် လက်ခံထားသူ ဦကျော်အောင်က ဆိုသည်။
ဖြစ်စဉ်မှာ အထက်ပါပိုင်ဆိုင်မှုသည် ၁၉၄၅ခုနှစ်၌ ကျောက်မဲမြို့နေ ဦးစိန်နှင့်ဇနီးဒေါ်ပုတို့မှ အဆိုပါနေရာအား မြေပိုင်ဆိုင်မှုမြေပေးမိန့်ဖြင့် စတင်နေထိုင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏သားနှစ်ဦးဖြစ်သော ဦးကျော်အောင်နှင့် ဦးကျော်မြင့်ညီအစ်ကိုနှစ်ဦးကိုဆောက်ထားသော ဆိုင်ခန်း(၁၂)ခန်းအနက် တစ်ဦးလျှင်(၆)ခန်းစီ အမွေခွဲဝေပေးခဲ့ကြောင်း၊ ယင်းနောက်မိဘများကွယ်သည့်နောက်ပိုင်း ၎င်းညီအစ်ကိုနှစ်ဦးမှာ မြေဂရံဦးပိုင် အမှတ်၁၁၀-က/ခခွဲ၍ နေထိုင် လာခဲ့ကြသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၌ပင် ဦးကျော်မြင့်ပိုင် အဆိုပါအဆာက်အဦးမှ ဆိုင်ခန်း(၄)ခန်းအား မတရားပြည်သူပိုင် သိမ်းခံရ၍ ဦးကျော်မြင့်မှာ ကျောက်မဲမြို့ရှိသက်ဆိုင်ရာ အာဏာပိုင်ရုံးဌာနများသို့ တင်ပြတောင်းဆိုကာ ၎င်းဌာနများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အထောက်အထားခိုင်လုံသောကြောင့် ပြည်သူပိုင်သိမ်းမြေဂရံအား နဂိုမူလပိုင်ရှင်ဦးကျော်မြင့်သို့ ပြန်လည်လွှဲအပ်ခဲ့သည်ကိုလည်း ပြည်သူပိုင်သိမ်းလွှဲအပ်စာရွက်မှတ်တမ်းအရ သိရသည်။
၁၉၇၇ခုနှစ်ဇန်န၀ါရီ၁ရက်တွင် ကျောက်မဲမြို့သမ၀ါယမဦးစီးဌာနမှ သမဆေးခန်းဖွင့်ရန် အဆိုပါ ဦးကျော်မြင့်ပိုင် ဆိုင်ခန်း(၄)ခန်းအား တစ်လလျှင် သုံးရာကျပ်ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ငှားရမ်းစာချုပ်သက်တမ်း ကုန်ဆုံးသည့် အချိန်ပိုင်ရှင် ဦးကျော်မြင့်က ဆက်မငှားလို၍ ဆိုင်ခန်းပြန်အပ်ရန် ပြောသော် အဆိုသမဌာနက အခန်းပြန်မအပ်ခြင်းကြောင့် နှစ်ဦးနှစ်ဖက် စကား အချေအတင်ဖြစ်ခဲ့ကြောင်း၊ ၎င်းသမဌာနက ဆိုင်ခန်းအား  အခြားသူများကို တဆင့်ဆိုင် ငှားစားခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ပိုင်ရှင်ဦးကျော်မြင့်က သက်ဆိုင်ရာမှ ပြန်လည်တောင်းဆိုခဲ့သော်လည်း တစ်စုံတရာ ထူးခြားမှုမရှိခဲ့ပေ ၊ဦးကျော်မြင့်မှာ စိတ်ဖိစီးမှုများရလာကာ မြေဂရံနာမည်ပေါက် သူ၏ဇနီး ဒေါ်ခင်စန်းရီအား မိမိပိုင် ဆိုင်ခန်းကိစ္စနှင့် ပတ်သက်၍ တာဝန်ယူခိုင်းခဲ့ရင်း ဦးကျော်မြင့်မှာကွန်လွန်သွားကြောင်း အစ်ကိုဖြစ်သူ ဦးကျော်အောင်၏ ပြောချက်အရ သိရသည်။

ယင်းအပြင်၂၀၁၀ခုနှစ်၊ဇန်န၀ါရီ ၂၂ရက်ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ(၁၃)၌ ဦးကျော်မြင့်နှင့် ဒေါ်ခင်စန်းရီတို့ ပိုင်သည့် အထက်ပါဆိုင်ခန်း(၄)ခန်းအား နိုင်ငံပိုင်လေလံပစ္စည်းအဖြစ် ကြေငြာခြင်းခံရသည့်အတွက် အစ်ကိုဖြစ်သူ ဦးကျော်အောင်နှင့် ဒေါ်ခင်စန်းရီတို့မှာ မကျေနပ်၍ ကျောက်မဲမြို့နယ် အထွထွေအုပ်ချုပ်ရေးဌာနသို့ တိုင်ကြားတောင်းဆိုခဲ့သည်။ ၎င်းဌာနမှသက်ဆိုင်ရာ အခွန်ဦးစီးမှုး၊ မြေစာရင်းဦးစီးမှုးနှင့် ကျောက်မဲမြို့မှ သမဦးစီးမှုးများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာ အမှန်တကယ်ဦးကျော်မြင့် မိသားစုပိုင်ဆိုင်ခန်းများဖြစ်ကြောင်း ၎င်းဌာမှထောက်ခံအတည်ပြုချက်စာရွက်မှတ်တမ်းအရ သိရသည်။
၎င်းလေလံနှင့်ပတ်သက်၍ ဦးအောင်ကျော်နှင့်ဒေါ်ခင်စန်းရီတို့က နေပြည်တော်၊ ပုဂ္ဂလိပိုင်ပြုလုပ်ရေး ကော်မရှင်ရုံးအမှတ်(၁)သို့ တိုက်ရိုက်တင်ပြတိုင်ကြားရာတွင် အဆိုပါလေလံဆိုင်ခန်းအား ရပ်ဆိုင်းစေပြီး(၁)နှစ်ကျော် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တကယ်တမ်းလေလံမှာ မတရားလုပ်ကြံမှုဖြစ်၍ သက်သေအထောက်အထား ခိုင်လုံစွာရှိရက်နှင့် နိုင်ငံတော်အစိုးရက အဆိုပါလေလံဆိုင်ခန်း(၄)ခန်းအား ရပ်ဆိုင်းသည်မှ ဖျက်သိမ်း/ရုတ်သိမ်းဆိုသည့် စကားသာပြောရမည်ဖြစ်ကြောင်း၊ ကျောက်မဲသမဌာနမှ သော့ခတ်သိမ်းယူထားသည်မှာလည်း အဆိုပါလေလံကိစ္စနှင့် မည်သို့ပတ်သက်နေကြောင်း အထူးကိုယ်စားလှယ်လွှဲအပ်ယူထား သူဦးကျော်အောင်က ပြောသည်။
ယင်း၂၀၁၀ခုနှစ်လေလံတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအခု(၁၁၀)ကို လေလံတင်ရောင်းချနေသည့် သတင်းဖြစ်သည်၊ ၎င်းလေလံတင်ပစ္စည်းအနက် အထက်ပါကျောက်မဲမြို့ရှိ ဆိုင်ခန်းမှလွဲ၍ ကျန်မြို့များမှ လေလံအောင်သူများကို ရောင်းခွင့် ပြုနေကြောင်း၊ လက်ရှိပိုင်ဆိုင်ထားသည့် အဆိုပါဆိုင်ခန်း(၄)ခန်း မြေဂရံသက်တမ်းမှာလည်း ၂၀၁၆ခုနှစ်အထိ နှစ်၂၀ဂရံ သက်တမ်းဖြစ်ကြောင်း စုံစမ်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိဂရံလက်ဝယ်ပိုင်ဆိုင် သူဦးကျော်အောင်က“တကယ်တော့ကျုပ်တို့ မတရားခံရတာပါ၊ နည်းအမျိးမျိုးနဲ့ ကျုပ်တို့ကို ဒုက္ခပေးနေတာ၊ နိုင်ငံတော် ဂုဏ်သိက္ခာ ဘယ်လောက် ကြသွားနိုင်သလဲဆိုတာ ပြောစရာ ဖြစ်လာတော့မယ်၊ နိုင်ငံတော်လေလံထဲ ပါရအောင်ကျုပ်တို့က ဥပဒေနဲ့အညီ နေထိုင်နေတာပဲ၊ ဘာဖြစ်လို့ကျုပ်ဆိုင်ခန်းက လေလံဖြစ်ရတာလဲ၊ နားမလည်အောင်ပါပဲ၊ ကျုပ်ကမကျေနပ်ဘူး ဥပဒေအတိုင်း ဆက်လုပ်မယ”ဟု ၎င်းကပြောသည်။

ယင်းအပြင်ဦးကျော်အောင်၏ဇနီး ဒေါ်စန်းစန်းမြင့်ကလည်း “ကျွန်မ အသက်၆၅နှစ်ရှိပြီ ဘယ်သူ့ကိုမှ မတရားတာ မလုပ်ဘူး၊ ကျွန်မ ယောက်ကျားရဲ့ ညီအတွက် ကျွန်မတို့မှာ တာဝန်ရှိတယ်၊ တရားဥပဒေ စိုးမိုးရေးဟုတ်မဟုတ် ကျွန်မတို့က စောင့်ကြည့်ရမှာပဲ၊ မှန်တယ်ဆိုရင်ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး ၊ဒီကိစ္စကို ဆက်လုပ်သွားမှာပါ”ဟု အထက်ပါဒေါ်စန်းစန်းမြင့်က ဆိုသည်။

အထက်ပါဆိုင်ခန်းနှင့်ပတ်သက်၍ ကျောက်မဲမြို့နယ် သမ၀ါယမဦးစီးဌာနအရာရှိ ဒေါ်ခင်တင့်အား ဆိုင်ခန်းသော့ခတ် သိမ်းထားခြင်း သိလို၍မေးရာ“ကျွန်မကပြောင်းလာတာ မကြာသေးဘူး၊ ခေတ်အဆက်ဆက်က ပြည်သူပိုင် အဆောက်အဦးဆိုပြီး သမမှာစာရင်းသွင်းထားလို့ ကျမတို့ဌာနက သိမ်းထားရတာပါ၊ ဒီလိုလုပ်ရတာကလည်း ခေတ်အဆက်ဆက်က အရင်သမဌာန လုပ်ခဲ့ခုလိုဖြစ်ရတာပါ၊ ဘာပြောရမှန်းကို မသိတော့ဘူး၊ ရုံးချုပ်မှာလည်း ဒီလိုပဲစာရင်းရှိနေပါတယ်၊ တကယ်လည်း ဦးကျော်မြင့်နဲ့ဇနီးပိုင်ဆိုင်ခန်းဆိုတာ အထောက်အထားရှိပါတယ်၊ အထက်ညွှန်ချုပ်အမိန့်ရရင်တော့ ကျွန်မတို့က ဆိုင်ခန်းသော့ပြန်ပေးဖို့ အသင့်ပါပဲ”ဟု ၎င်းအရာရှိကဆိုသည်။

မြေဂရံအထောက်အထားနှင့် ပတ်သက်၍ ကျောက်မဲမြို့နယ်မြေစာရင်း ဦးစီးအရာရှိ ဦးစိုင်းဝင်းမင်းကိုက “ဖြစ်စဉ်အရ ဆိုရင်တော့ လက်ရှိမြေဂရံကပဲ တရားဝင်ပါတယ်၊ ဒီလိုဂရံဖြစ်ဖို့ဆိုတာ ကျွန်နော်တို့ရုံးက မြေရာဇ၀င်တွေကို သေချာ စစ်ဆေးပြီး အထက်အစိုးရရုံးအဆင့်ဆင့်ကို တင်ပြီးမှ ဂရံဆိုတာထွက်ပေါ်လာတာပါ၊ လေလံလုပ်ရင်လေလံစွဲသူနဲ့ အစွဲခံရသူတွေက ကျွန်တော်တို့ရုံးကို အသိပေးပြီးမှ လုပ်လို့ရပါတယ်၊ လုပ်ချင်လုပ်လို့မရဘူး”ဟု အဆိုပါရုံးအရာရှိက ရှင်းပြထားသည်။
လက်ရှိအနေအထားအရ အဆိုပါကျောက်မဲမြို့၊ ဈေးတောင်ဘက်ရှိ ယင်းဆိုင်ခန်းရှေ့ မျက်နှာစာတွင် ထီဆိုင်၊အကြော်ဆိုင်များဖြင့် စည်ကားလျက်ရှိကာ သမဌာနမှဝန်ထမ်းတစ်ဦး၏ ခွင့်ပြုချက်ဖြင့် ရောင်းနေကြသည်ဟုလည်း ဈေးသည်အမျိုးသီးတစ်ဦးက ပြောသည်။
၎င်းသိမ်းဆည်းခံရသော ဆိုင်ခန်းကပ်လျက်ရှိ သင်္ကန်းပရိက္ခရာ ဆိုင်ရှင်ဦးကျော်ဇံဆိုသူက“၁၉၈၈ထဲက ကျွန်တော် ဈေးရောင်းနေတာပါ၊ ကျွန်တော်က ကျောက်မဲသားပါ၊ အသက်၆၀ကျော်နေပြီ လေမတရားတာကို မကြိုက်ဘူး၊ ဦးကျော်မြင့်ဆိုတာ ကျွန်တော့်သူငယ်ချင်းလိုပဲ ဒီကိစ္စကောင်းကောင်းသိတယ်၊ ဦးးကျော်မြင့်မိဘတွေ အမွေပေးခဲ့တာ အမှန်ပဲ”ဟု ဦးကျော်ဇံကဆိုသည်။
ယင်းကြောင့်အဆိုပါကျောက်မဲမြို့၊ ဈေးတောင်ဘက်ရှိ သမဌာနသိမ်းထားသော ဆိုင်ခန်း(၄)ခန်းမှာ မတရားသိမ်းထဆည်းခံရခြင်းသာဖြစ်ကြောင်း ကျောက်မဲမြို့၊ ရပ်မိ၊ ရပ်ဖများနှင့် ဆိုင်အနီးဝန်းကျင် ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ထွန်းထွန်း၊စိုးမင်းနိုင်။
The Myanma Age

စစ်တပ်ဗိုလ်ကြီးတစ်ဦးက ကာမလိမ်လည်ပေါင်းသင်းသဖြင့် ကာယကံရှင်အမျိုးသမီးမှ တရားစွဲ၍နစ်နာကြေးတောင်းမည်


ကလေး၊ ဇန္န၀ါရီ ၂၆။

မော်လိုက်မြို့၊ ခမရ(၃၆၅)တွင် လက်ရှိ တာဝန်ကျနေသော ဗိုလ်ကြီးမျိုးမင်းဟန်ဆိုသူသည် ရှမ်းပြည်နယ်၊ မိုင်းမောမြို့တွင် တာဝန်ကျစဉ်က အလယ်တန်းပြ ဆရာမဖြစ်သူ မ…….ကို ပေါင်းသင်းနေထိုင်ပြီး လက်မထပ်သဖြင့် ကာယကံရှင်မှကာမလိမ်လည်မှုဖြင့် တရားစွဲကာ နစ်နာကြေးတောင်းမည်ဟု သိရသည်။
“သူနဲ့ကျွန်မ ၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီ(၂)ရက်နေ့က စတွေ့ပြီး မေတ္တာမျှခဲ့ကြပါတယ်။ မေတ္တာမျှနေစဉ်ကာလအတွင်း သူ့လိုအပ်ချက်မှန်သမျှ ကျွန်မဘက်က လိုက်လျောခဲ့ရပါတယ်။ ကျွန်မတို့် ပေါင်းသင်းပြီး (၄)လအကြာမှာ ကိုယ်ဝန် ကပ်ပါတယ်။ သူက ကိုယ်ဝန်ကို ဖျက်ချခိုင်းလို့ ဖျက်ခဲ့ရပါတယ်။ ၂၀၁၃၊ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာတော့ တပ်ရင်းကို ပြန်ရဦးမယ်။ တပ်ရင်းကပြန်ရင် လက်ထပ်ပေါင်းသင်းယူမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်မလာလို့ စုံးစမ်းပြီးသူတာဝန်ကျတဲ့ မော်လိုက်မြို့အထိ လိုက်လာတာပါ။ သူက အခု ကလေးမြို့၊ စကက(၁၀) ကြက်ခြံမှာ ရှိနေတယ်လို့
ပြောပါတယ်။ အခု လူချင်းတွေ့တော့ ကျွန်မကို လက်မထပ်နိုင်ကြောင်း ပြောပါတယ်။ သူ့မိသားစုကလည်း ကျွန်မကို
အမျိုးမျိုး ခြိမ်းခြောက် စွပ်စွဲပြောဆိုတာ ခံနေရပါတယ်” ဟု ကာယကံရှင်က ပြောသည်။

ကာယကံရှင် အမျိုးသမီးနှင့်ဗိုလ်ကြီးမျိုးမင်းဟန်တို့သည် အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ယက်ရှေ့တွင် လူချင်းတွေ့ ညှိနှိုင်းစဉ် ကာယကံအမျိုးသမီးမှ နစ်နာကြေးငွေ သိန်းသုံးဆယ် တောင်းခံကြောင်း၊ ဗိုလ်ကြီးမျိုးမင်းဟန်က ငွေငါးသိန်းကို အရင်ပေးပြီး နောက်မှ သူ့လစာထဲက တစ်သိန်းစီ ပေးမည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် သူတာဝန် မယူနိုင်ကြောင်း ဖုန်းဖြင့်မက်ဆေ့ခ်ျပေးပို့လာသည်ဟု အထက်ချင်းတွင်း ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောသည်။

ရှမ်းပြည်နယ်၊ မိုင်းမောမြို့မှ ကလေးမြို့သို့ ရောက်ရှိနေသည့် ကာယကံရှင် အမျိုးသမီးသည် ဗိုလ်ကြီးမျိုးမင်းဟန်ကို
တရားစွဲဆိုနိုင်ရေးအတွက် ကလေးမြို့ရှိ အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်နှင့် ရှစ်လေးလုံးအင်အားစု (ကလေးမြို့)ထံ သွားရောက်အကူအညီ တောင်းခံကြောင်း၊ ရှစ်လေးလုံး အင်အားစု(ကလေးမြို့)မှလည်း တရားဥပဒေ ဘောင်အတွင်းမှ အရေးယူနိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကာယကံရှင်ဆရာမရဲ့ တိုင်တန်းချက်၊ ထွက်ဆိုချက်တွေကို မှတ်တမ်းရယူထားပါတယ်။ နှစ်ဖက်ညှိနှိုင်းရေး ပြေလည် နိုင်ရန် အလို့ငှာ စကက(၁၀)မှာရှိနေတဲ့ ဗိုလ်ကြီးမျိုးမင်းဟန်ဆီကို နို့တစ်စာ ပေးပို့ပေးပို့ပါမယ်။ နို့တစ်စာပေးလို့မှတစ်ပတ်အတွင်း လာရောက်တွေ့ဆုံ မဖြေရှင်းဘူးဆိုရင် တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ အကူညီ ပေးသွားပါမယ်”ဟု ရှစ်လေးလုံးအင်အားစု(ကလေး)မှ ရှေ့နေဦးအေးမြင့်က ပြောသည်။

ကာယကံရှင် ကျောင်းဆရာမသည် ရှမ်းပြည်နယ်မှ ဖြစ်သည့်အတွက် တရားဥပဒေအရ တရားစွဲဆိုလိုပါက အခင်း ဖြစ်ပွားခဲ့သည့် ဟိုပန်မြို့တွင်သော်လည်းကောင်း၊ ဗိုလ်ကြီးမျိုးမင်းဟန်ရှိရာ ကလေးမြို့တွင်သော်လည်းကောင်း တရားရင်ဆိုင်နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ပေးရေး လှိုင်သာယာ၌ လူတစ်ရာခန့် ဆန္ဒပြ


စစ်အစိုးရက တစ်ဖတ်သတ် ရေးဆွဲပြီး အတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြုပြင်ပြောင်းလဲပေးရေး တက်ကြွလှုပ်ရှားသူ ၁ဝဝနီးပါးဟာ လှိုင်သာယာမြို့နယ်မှာ ဇန်နဝါရီ ၂၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာ ဘီအိုစီအဝိုင်းကနေ အောင်မြေသာယာ ဘောလုံးကွင်းအထိ စီတန်းလှည့်လည်ခဲ့ပြီး ဆန္ဒပြသူတွေက သူတို့ဟာ ဘယ်ပါတီအဖွဲ့အစည်းနဲ့မှ မဆိုင်ကြပေမယ့် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို လျှော့ချစေချင်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲကို စီစဉ်တဲ့ ကိုမြတ်မင်းသူက မြန်မာပြည်ဟာ ဒိမိုကရေစီအသွင်ကူးပြောင်းနေတယ်လို့ ဆိုပေမယ့် အမှန်တကယ်မှာတော့ စစ်အာဏာရှင်စနစ်သာ ပုံစံတစ်မျိုးနဲ့ ကြီးစိုးနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး အပြည့်အဝရှိရေး၊ တရားမျှတမှုရှိရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အာဏာရှင်အဟောင်းအသစ်တွေ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Kamayut Media

ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် ၅ဝပြည့်မွေးနေ့ ဖျော်ဖြေပွဲ ပရိသတ် ၂ထောင်ကျော် အားပေး


မြန်မာ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အသက် ၅ဝပြည့် မွေးနေ့အဖြစ်နဲ့ Saturday Night တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ MCC ခမ်းမဝင်းထဲမှာ ဇန်နဝါရီ ၂၅ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။

ရှင်သန်ခြင်း တေးအယ်လ်ဘမ်ကနေ လူ အယ်လ်ဘမ်အထိ သီချင်းပေါင်း ၃ဝကျော်ကို အင်ပါယာအဖွဲ့နဲ့အတူ ဇော်ဝင်းထွဋ်က သီဆိုခဲ့ပြီး သူ့ရဲ့ပရိသတ် ၂ထောင်ကျော် အားပေးခဲ့ကြပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွင်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ Big Bag၊ မိုးမိုးနဲ့အတူ အမျိုးသမီးအဆိုတော်တွေဖြစ်တဲ့ မေဆွိ၊ ကော်နီ၊ သျှီနဲ့ ဆုန်သင်းပါရ်တို့က Section Players တွေနဲ့ သီးခြား ဖျော်ဖြေခဲ့ပါတယ်။

Kamayut Media

မြန်မာ့ရုပ်ရှင် ဆုတ်ယုတ်ခြင်းဟာ ဝမ်းစာမပြည့်တာကြောင့်ဟု မင်းထင်ကိုကိုကြီးဆို


မြန်မာ့ရုပ်ရှင် နိမ့်ကျလာရခြင်းဟာ မြန်မာရုပ်ရှင်လောကသားတွေ ဖန်တီးမှုအတတ်ပညာနဲ့ အသိပညာပိုင်းမှာ ဝမ်းစာမပြည့်တာကြောင့်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇန်နဝါရီ ၂၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သနပ်ခါး ရုပ်ရှင်ဇာတ်ကားကို စာနယ်ဇင်းပြသမိတ်ဆက်တဲ့ Press Show ကို Junction Maw Tin မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ မင်းထင်ကိုကိုကြီးက ကင်မရာနဲ့ စတူဒီယိုမရှိလို့ ရုပ်ရှင်အဆင့်အတန်း နိမ့်ကျတာ မဟုတ်ဘဲ ဒါတွေဟာ ဆင်ခြေတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာမိန်းကလေးတစ်ချို့ရဲ့ သနပ်ခါးကို မျက်ရည်နဲ့သွေးကြရတဲ့ဘဝတွေကို ထင်ဟပ်စေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးကို အခြေခံရိုက်ကူးထားတဲ့ သနပ်ခါး ရုပ်ရှင်ဟာ သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားပြီး ဖလင်နဲ့ရိုက်တဲ့ ကားကြီးမဟုတ် တာကြောင့် နှမြောမိတယ်လို့ သရုပ်ဆောင် မင်းသားကြီး နေအောင်က ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးတဲ့ သနပ်ခါးဇာတ်ကားမှာ နေအောင်၊ ရဲတိုက်၊ မေကဗျာနဲ့ ဝတ်မှုန်ရွှေရည်တို့ အဓိကသရုပ်ဆောင်ထားကြပြီး ဇန်နဝါရီ ၃၁ရက်ကစတင်ပြီး DVD ရုံတွေမှာ ပြသသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ ဖိတ်ခေါ်ဖို့ ရှိ


မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို တရားဝင် အလည်အပတ် ခရီးအတွက် မကြာခင် ဖိတ် ခေါ်ဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောလိုက် ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က တရုတ်ပြည်ကို တရားဝင် အလည်အပတ် လာရောက်ရေး ကိစ္စ ၂ ဖက်လုံးက အဆင်ပြေမယ့် အချိန်မှာ စီစဉ်ကြမှာ ဖြစ်ပြီး အစီအစဉ် ရက် အတိ အကျ သတ်မှတ်ထားမှုတော့ မရှိသေးဘူးလို့ South China Morning Post သတင်းတခု မှာ ဖော်ပြပါ တယ်။

ဒီအပြင် တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အပါအဝင် မြန်မာနိုင်ငံ က နိုင်ငံရေး ပါတီအားလုံးနဲ့ ထိ တွေ့ ဆက်ဆံသွားမှာဖြစ်ကြောင်းလည်း သူက ပြောလိုက်ပါတယ်။

အရင်ကတော့ တရုတ်အစိုးရဟာ အာဏာရ စစ်ခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံလာခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရတက်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဆိုင်းငံ့လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်က မြန်မာ အစိုးရရဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံရေးမျက်နှာစာကို ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအပေါ် စီးပွားရေး၊ နိုင်ငံရေး သြဇာကြီးနေ ဆဲ
ဖြစ်တဲ့ တရုတ်နိုင်ငံ ကို အလည်အပတ်သွားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက ဖိတ်ခေါ်သင့်တယ်လို့တော့ ပြောထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံက အခြား အဖွဲ့အစည်းငယ်တွေရဲ့ ဖိတ်ကြားမှုတွေကိုတော့ အရင်က ငြင်းဆိုထားခဲ့တာပါ။

တရုတ်သံအမတ်ကြီး Yang Houlan က နိုင်ငံတကာ အလယ်မှာရော၊ မြန်မာပြည်သူ တွေကြားမှာ ပါ ရေပန်းစား လူကြိုက် များတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဟာ အကြိမ်ကြိမ်တွေ့ဆုံပြီးဖြစ်ပြီး တရုတ်ဘက် က မကြာခင်ဖိတ်ကြားစာ ပို့ဖို့ ရှိ တယ်လို့ ပြောပါတယ်။

၂ဝ၁၁ ခုနှစ်နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သာမန်အလည်အပတ် သွားမယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ပေါ်ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်တခုအတွင်းမှာ မကြာခင်တရုတ်နိုင်ငံကို အလည်သွားနိုင် လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတို့အကြား ဆက်ဆံရေးက မနှစ်က စပြီး အတော်တိုးတက် လာပါတယ်။ အခုလို တိုးတက်လာတယ်ဆိုတာကလည်း ၂ ဖက်လုံးက လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပ မယ့် အထွေထွေ ရွေးကောက်ပွဲကြီး နီးလာတာနဲ့ အမျှ ဆက်ဆံရေးနီးကပ်မှုရှိတာ ထင်ရှားလာတာ လည်း
ဖြစ်ပါတယ်။

အထင်အရှားတခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း
ခေါင်းဆောင်တဲ့ NLD ပါတီကိုယ်စားလှယ်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။

ဒါဟာ NLD ပါတီရဲ့ တရုတ်နိုင်ငံကို စေလွှတ်တဲ့ ကိုယ်စား လှယ်အဖွဲ့ ၄ ခုထဲမှာ အထင်ရှားဆုံးတခု လည်း ဖြစ်ပါတယ်။


လင်းသန့်
Irrawaddy ဧရာဝတီ သတင်း

ပြင်သစ်သမ္မတ လက်တွဲဖော်နှင့် လမ်းခွဲ


ဇန်နဝါရီ ၂၆။

သရုပ်ဆောင် အမျိုးသမီး တစ်ဦးနှင့် ဇာတ်လမ်းများ ထွက်ပေါ်လာပြီးနောက် နှစ်ပတ်အကြာတွင် ပြင်သစ်သမ္မတ ဖရန်ကို ဟော်လန်ဒီသည် လက်တွဲဖော် ဗယ်လာရီ ထရီဝယ်လာ နှင့် ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြောင်း သက်ဆိုင်ရာမှ စနေနေ့တွင် ပြောကြားခဲ့သည်။ သမ္မတ၏ အထောက်အကူပြု အရာရှိတစ်ဦးမှ သမ္မတသည် အဖော်ဖြစ်သူနှင့် ခုနစ်နှစ်ကြာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ကွဲကွာမှုကို ပထမဆုံး သတင်းတင်ခဲ့သည့် ပြင်သစ်သတင်း အေဂျင်စီ AFP မှ သမ္မတ ဟော်လန်ဒီသည် ထရီဝယ်လာနှင့် ပတ်သက်ပြီး “ အဆုံးသတ်ဖို့အတွက် လုပ်ရမယ်ဆိုတာ ငါသိပါတယ် ” ဟု တယ်လီဖုန်း ပြောကြားမှုတွင် ပြောခဲ့သည်ဟု ဆိုသည်။

သမ္မတနေရာသို့ ဝင်ရောက်ယှဉ်ပြိုင်မှု ပြုခဲ့သူ ဆီဂိုလင်း ရွိုင်ရယ်နှင့် ရရှိခဲ့သော သားသမီး လေးယောက်၏ ဖခင်ဖြစ်သူ ဟော်လန်ဒီသည် သူ့အနေဖြင့် နိုင်ငံ့ခေါင်းဆောင် အဖြစ် မဟုတ်ပဲ ပုဂ္ဂလိက လူသားတစ်ဦး အနေဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း သတင်းဌာနသို့ ပြောဆိုခဲ့သည်။ သူနှင့် ထရီဝယ်လာတို့သည် ၂၀၀၇ ခုနှစ်ကတည်းက လက်မထပ်ပဲ အတူနေထိုင်ခဲ့ကြသည်။ ထရီဝယ်လာသည် သမ္မတကတော်၏ လုပ်ဆောင်မှုများ၊ သမ္မတ၏ ဇနီးပုံစံဖြင့် ခရီးသွားခြင်းများ ပြုလုပ်ခဲ့ပြီး သူ့အား ပြင်သစ်နိုင်ငံ၏ ဖတ်စ်လေဒီ အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။

ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဟော်လန်ဒီသည် ထရီဝယ်လာ၏ အခြေအနေများကို မေးမြန်းသည့် မေးခွန်းများကို ရှောင်လွှဲခဲ့ပြီး ဖတ်စ်လေဒီ ဖြစ်သေးသလား ဆိုသော မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။ အသက် ၅၉ နှစ်အရွယ် ဟော်လန်ဒီသည် အသက် ၄၁ နှစ် အရွယ်ရှိ သရုပ်ဆောင်ဖြစ်သူ ဂျူလီဂါယက်နှင့် ဇာတ်လမ်းဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းမေးခွန်းများကို မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။ ဂါယက်နှင့် တွေ့ဆုံရန် နေရာသို့ သွားနေသည့် စကူတာ၏ နောက်တွင်ထိုင်ပြီး ဟဲလ်မက်ဆောင်းထားသူ၏ ဓာတ်ပုံများကို မဂ္ဂဇင်းတစ်စောင်မှ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၎င်းအမျိုးသားမှာ သမ္မတပင် ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

ယင်းဇာတ်လမ်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထရီဝယ်လာမှာ ဆေးရုံသို့ တစ်ပတ်ကြာ တက်ရောက်ခဲ့ရသည်။ ဆေးရုံမှ ဆင်းပြီးနောက်ပိုင်းတွင် ဗာဆေးရှိ သမ္မတ အိမ်ယာ၌ ရက်အနည်းငယ် အကြာ နေထိုင်ခဲ့သည်။ ဟော်လန်သည် အမေရိကန်သို့ ဖေဖော်ဝါရီ ၁၁ ရက် နိုင်ငံခရီးစဉ် မထွက်ခွာမှီ ဖတ်စ်လေဒီနှင့် အခြေအနေများကို ရှင်းလင်းအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း ကတိပေး ပြောကြားခဲ့သည်။ ဟော်လန်ဒီ၏ အတ္ထုပတ္တိ ရေးသားသူမှ ထရီဝယ်လာနှင့် လူသိရှင်ကြား ဇာတ်လမ်း အဆုံးသတ်သွားမှုသည် သမ္မတအတွက် အလွန်ပင် ခက်ခဲမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟော်လန်ဒီမှာ ပြင်သစ်နိုင်ငံ သမိုင်းအတွင်း လူကြိုက်အနည်းဆုံး သမ္မတများတွင် ပါဝင်သည်။ သို့ရာတွင် သူ၏ သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်း သူ့အား ထောက်ခံမှု နှုန်းထားများမှာ ပြောင်းလဲမသွားခဲ့ပေ။ သမ္မတ ဟော်လန်ဒီ၏ သတင်းများကြောင့် ပြင်သစ်မီဒီယာများ လှုပ်ခတ်ခဲ့ပြီး သမ္မတ၏ ကိုယ်ရေးကိုယ်တာ အပေါ် သဘောထား နိုင်ငံ၏ နာမည်ကျော် လိုင်ဇယ်ဖဲယ် ( ပြုလုပ်ရန် ခွင့်ပြုထားသော) မှာလည်း ပျက်စီးခဲ့သည်။ သမ္မတ၏ လူထုဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဘဝအပေါ်ရှိ စည်းမျဉ်းများကိုလည်း စကားရည်လုပွဲများ ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။

“ ကျွန်တော်တို့ နိုင်ငံဟာ ကိုယ်ရေးကိုယ်တာ ဘဝကို ပြဇာတ်လုပ် ကြည့်ရှုအားပေးကြတဲ့ အင်္ဂလန်လို အမေရိကန်လို နိုင်ငံတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူ့သမ္မတ နိုင်ငံ၊ ရွေးကော်တင်မြှောက်ခြင်း ခံရတဲ့သူဟာ တရားဝင် အခွင့်အာဏာ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွက် ဖတ်စ်လေဒီဆိုတာ မလိုအပ်ပါဘူး ” ဟု BMF TV သို့ ပါလီမန်ထရီ ဆိုရှယ်လစ်မှ ပြောရေးဆိုခွင့် ရှိသူ သယ်ရီမန်းဒွန်းမှ ပြောကြားခဲ့သည်။

ဟော်လန်ဒီနှင့် ပတ်သက်၍ ပဲရစ်မြို့ လမ်းပေါ်ရှိ အသံများမှာလည်း ကွဲပြားခြားနားလျက် ရှိသည်။ “ ကျွန်တော်တို့ကို သူ ဒါတွေ ဖုံးကွယ်ထားခဲ့တယ်။ တခြား ဘာတွေရော သူ ဖုံးကွယ်ထားသေးလဲ ” ဟု စားသောက်ဆိုင် စားဖိုမှုး  ဟာဗီးချယ်ရီယာ မှ ပြောဆိုခဲ့သည်။ ၂၃ နှစ် အရွယ် ဥပဒေကျောင်းသူ ကလဲရာရိုစင်ဘို့စ် ကမူ “ ဒီကိစ္စကို ရှင်းလင်းပြီး နောက်ဆုံးကျ ယောကျာ်းတစ်ယောက်လို ဆုံးဖြတ်ချက် ချခဲ့တာအတွက် ရိုးသားတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးမှာလည်း သူ ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သင့်ပါတယ် ” ဟု ပြောကြားသွားသည်။

REF: Washington Post
The Myanma Age

အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်လုပ်ဖို့ ယူကရိန်းသမ္မတ ကမ်းလှမ်း

ယူကရိန်းသမ္မတ ယန်နူကိုဗစ်ခ်ျက ဝန်ကြီးချုပ်ရာထူး ကမ်းလှမ်းခံရသူ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk 


ယူကရိန်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ နှစ်လကြာအောင် ဦးဆောင်ပြုလုပ်နေတဲ့ အတိုက်အခံခေါင်းဆောင်တွေထဲက တစ်ဦးကို ဝန်ကြီးချုပ်ရာထူးပေးမယ်လို့ ယူကရိန်းသမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျက ကမ်းလှမ်းလိုက်ပါတယ်။

သူ့ရဲ့အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ပေးမယ်၊ ဆန္ဒပြပွဲတွေကို ကန့်သတ်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေကို ပြင်ဆင်ပေးမယ်လို့ သမ္မတက သဘောတူခဲ့ပြီး နောက်တစ်ရက် စနေနေ့မှာ အခုကမ်းလှမ်းချက်ကို သမ္မတရုံး အင်တာနက် စာမျက်နှာမှာ တင်ထားခဲ့တာပါ။

အတိုက်အခံခေါင်းဆောင် အာဆင်န်ညီ ယက်ဆန်န်ယွတ်ခ် (Arseniy Yatsenyuk) ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သေသေချာချာမသိရသေးပါဘူး။

အတိုက်အခံတွေဘက်ကတော့ သမ္မတ ယန်နူကိုဗစ်ခ်ျရော၊ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် မိုက်ကိုလာ အဇာရော့-ပါ နှစ်ယောက်စလုံး နုတ်ထွက်ပေးဖို့ တောင်းဆိုနေ တာပါ။ ဒါ့အပြင် ရွေးကောက်ပွဲကို စောစောစီးစီး ကြိုပြီး ကျင်းပပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က သမ္မတယန်နူကိုဗစ်ခ်ျက ရုရှားနဲ့စီးပွားရေး ပိုမိုဆက်ဆံဖို့အတွက် EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်စာချုပ် ချုပ်ဆိုဖို့ကိစ္စကို ပယ်ဖျက်ခဲ့ချိန်ကစပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆင်းရဲတဲ့ယူကရိန်းနိုင်ငံ ဒေဝါလီခံရကိန်းဆိုက်နေချိန်မှာ ရုရှားက ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ ကယ်တင်ဖို့ လုပ်လာတာမို့ သမ္မတက အခုလို ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပသမဂ္ဂနဲ့ပဲ လက်တွဲချင်တဲ့ဆန္ဒပြသူတွေက အဲဒီအချိန်ကစပြီး ယူကရိန်းနိုင်ငံ ကိယဗ်မြို့တော်က လမ်းမတွေပေါ် ထွက်ပြီးဆန္ဒပြခဲ့ကြတာ အခုအချိန်အထိ ဖြစ်ပါတယ်။

VOA Burmese News

မေရီလန်းမောလ် အားတိုက်ခိုက်မှု ဖြစ်ပွား


ဇန်နဝါရီ ၂၆။

သေနတ်သမား တစ်ဦး၏ တိုက်ခိုက်မှုကြောင့် မေရီလန်းမောလ်ရှိ အလုပ်သမားနှစ်ဦး သေဆုံးပြီးနောက်တွင် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ပစ်ခတ်မှုသည် အခြား လူငါးဦးကိုလည်း ဒဏ်ရာရရှိ စေခဲ့သည်။ တစ်ချိန်က လူအများ လုံခြုံသည်ဟု ခံစားခဲ့ရသည့် ရှော့ပင်မောလ်များ၊ ကျောင်းများကို ပစ်ခတ် တိုက်ခိုက်မှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ယခုရက်သတ္တပတ် အတွင်း အမေရိကန်၌ ဖြစ်ပွားခဲ့သည်။

“ဒီကိစ္စမျိုးဟာ ကိုလမ်ဘီယာမောလ်မှာ မဖြစ်သင့်ပါဘူး။ တစ်ခြား ဘယ်နေရာမှလဲ လုံးဝကို မဖြစ်သင့်ပါဘူး ” ဟု ဟောင်းဝပ်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဘီလ်မက်မဟွန်းမှ သတင်းထောက်များအား ပြောကြားခဲ့သည်။ ရှော့ပင်းမောလ်မှ အလုပ်သမားများ ဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား သေဆုံးအောင် ပစ်ခတ်ခဲ့ပြီး ဒုတိယထပ်တွင် သေနတ်သမားသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ပစ်ခတ်ရခြင်း အကြောင်းရင်းကိုမူ မသိရှိရသေးပေ။ ရဲတပ်ဖွဲ့ နံပါတ် ၉၁၁ အား ပထမဆုံး ခေါ်ဆိုမှုအပြီး ၂ မိနစ်အတွင်း ရဲတပ်ဖွဲ့မှ ရှော့ပင်းမောလ်သို့ ရောက်ရှိခဲ့သည်။

စုံစမ်းစစ်ဆေးသူများမှ ၎င်းအချိန်အတွင်း လူထောင်ပေါင်းများစွာ ရှိနေခဲ့ကြောင်း၊ ကြောက်ရွံ့မှုဖြင့် ကောင်တာများ နောက်တွင်၊ နားနေခန်းများတွင် ပုံးကွယ်နေခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ရှေးဦးစုံစမ်းမှု များအနေဖြင့် ပစ်ခတ်မှုသည် အချင်းချင်း အငြင်းပွားမှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပစ်ခတ်သူနှင့် အပစ်ခံရသူများ အကြား သိကျွမ်းမှု ရှိ၊မရှိ မဆုံးဖြတ်ရသေးပေ။ “ ဒီအတွက် သတင်း အချက်အလက်တွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ ဘာကြောင့် ဒီလို ပတ်ခတ်ခဲ့သလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး ” ဟု မက်မဟွန်းမှ ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူ လူငါးဦးကို ဟောင်းဝပ်ကောင်တီခရိုင် အထွေထွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

သောကြာနေ့ ညနေပိုင်းက တောင်ပိုင်း ကယ်ရိုလိုင်းနား တက္ကသိုလ်တွင် ကျောင်းသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး သံသယရှိသူ အချို့ကို လိုက်လံ ဖမ်းဆီးနေဆဲပင် ဖြစ်သည်။ အင်္ဂါနေ့တွင် ပါဒူ တက္ကသိုလ်ရှိ လျှပ်စစ်အင်ဂျင်နီယာ အဆောက်အအုံအတွင်း ကျောင်းသားတစ်ဦးမှ အခြားကျောင်းသား တစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။ တနင်္လာနေ့တွင် ဖီလာဒဲဖီးယားရှိ ဝိုက်ဒနာ တက္ကသိုလ်တွင် ကျောင်းသားတစ်ဦး အားကစား ခန်းမအတွင်း ပြင်းထန်စွာ ပစ်ခတ်ခံခဲ့ရသည်။ သံသယရှိသူအား ရဲတပ်ဖွဲ့မှ ရှာဖွေနေဆဲပင် ဖြစ်သည်။

REF: CNN
The Myanma Age

ကျေနပ်ပါတော့အမေ (ကျော်သူ)








၂၄.၁.၂ဝ၁၄ ရက်နေ့ ည (၉းဝဝ) နာရီအချိန်ခန့်က ကျွန်တော့်ထံသို့ အမေဒေါ်ခင်ယုမေ ဆုံးသွား ပြီ ဟူ၍ အမေ့အိမ်မှ အကြောင်းကြားခဲ့သည်။ အမေက သူဆုံး-ဆုံးခြင်း ချက်ခြင်းသင်္ဂြိုဟ်ပေးရန်နှင့် မောင် ကျော်သူတို့အား ချက်ခြင်းအကြောင်းကြားရန် မှာကြားခဲ့သည့်အတွက် ကျွန်တော့်ထံသို့ အမေ့၏ ဆွေမျိုး တစ်ဦးမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၅.၁.၂ဝ၁၄ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အမေဒေါ်ခင်ယုမေ၏ ကျန်ရစ်သောရုပ်ခန္ဓာအား လာရောက်သယ်ဆောင်မည့် အစီအစဉ်အား ချက်ခြင်းဆွဲ ခဲ့သည်။ သို့သော် နံနက်အချိန်တွင် သံဃာတော်များအား ဆွမ်းကပ်တရားနာပြီးမှ သယ်ဆောင်လိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် နံနက် (၁၁း၃ဝ) နာရီအချိန်တွင် အမေ၏ နေအိမ်ရှိရာ အမှတ် (၂၉)၊ သီရိ မင်္ဂလာရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်းသို့ သွားရောက်ကာ အမေဒေါ်ခင်ယုမေ၏ ရုပ်ခန္ဓာအား မှန်ခေါင်းထဲ သို့ ထည့်သွင်းပြင်ဆင်ပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ သည်။ အမေဒေါ်ခင်ယုမေအားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ ငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းခဲ့သည်။ အမေဖြစ်စေချင်သော ချက်ခြင်းသင်္ဂြိုဟ်ပေးခြင်း အမေ့ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်။

သို့သော် ကျွန်တော်ပြန်လည်၍ တွေးမိကာ လူတွေဟာ သေခြင်းတရားကို မေ့ပျောက်နေကြသ လား။ သေခြင်းတရားကို အမေ့ခံနေကြတာလား။ သေခြင်းတရားကို မသိကျိုးနွံ ပြုလုပ်နေကြတာလား … ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆို အမေဒေါ်ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် မော်ဒယ်(လ်)လောက၏ ဘုရင်မတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဂီတလောကတွင်လည်း အောင်မြင်ကျော်ကြား ခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း အကယ်ဒမီနှစ်ထပ်ကွမ်း ရုပ်ရှင် မင်းသမီးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် အနုပညာရှင်တစ်ဦး၏ နောက်ဆုံးခရီးသည် ငြိမ်သက်ခြောက်သွေ့စွာဖြင့် ပြီးဆုံးသွားရသနည်း။ တကယ်ဆို ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ မော်ဒယ်(လ်) လောကမှ ပညာရှင်များ လက်တွဲညီညီ စည်စည်ကားကား ကျင်းပ သင့်သော ဂုဏ်ယူသင့်သည့် မှတ်ကျောက်တင်ရမည့် ဈာပနအခမ်းအနားတစ်ခု ဖြစ်သင့်တော့သည်။

“မည်သည့်အချိန် … မည်သည့်နေရာ … မည်သည့်ပုံစံဖြင့် သေဆုံးကြရမည်ကို သင်တို့အားလုံး မသိနိုင်။ ဒါကြောင့် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရဏာနုဿတိ ပွားများနေထိုင်ကြဖို့ အရေးကြီးလှသည်။”

(ကျော်သူ)

ယူကရိန်းအတိုက်အခံတွေကို အစိုးရရာထူး ကမ်းလှမ်း


သမ္မတနဲ့ အတိုက်အခံတွေ တွေ့ဆုံ ဆွေးနွေးပွဲ

ယူကရိန်းမှာ သမ္မတ Viktor Yanukovych က ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ အတိုက်အခံတွေကို ထိပ်တန်း အစိုးရ ရာထူးတွေ ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

သူက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပေမယ့် ဆန္ဒပြ ခေါင်းဆောင်တွေက သူ့ကမ်းလှမ်းချက်တွေကို လက်ခံမလား ဆိုတာကတော့ မသေချာသေးဘဲ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် ရာထူးကမ်းလှမ်းခံရတဲ့ အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ Arseniy Yatsenyuk က ကီးရက်ဗ် မြို့မှာ ဆန္ဒပြသမားတွေကို မိန့်ခွန်းပြောရာမှာ အတိုက်အခံတွေက ယူကရိန်း နိုင်ငံကို ဦးဆောင်တဲ့ အခန်းကဏ္ဍကို ယူဖို့ အသင့်ရှိနေတယ်လို့သာ ဆိုပြီး ကမ်းလှမ်းချက်ကို လက်ခံမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

ဒုဝန်ကြီးချုပ် အဖြစ် ကမ်းလှမ်းခံရတဲ့ Vitali Klitschko က လူထုကို ပြောကြားရာမှာတော့ သူ့အနေနဲ့ အခုနှစ် အတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ဆက်လက် ဆန္ဒ ရှိနေဆဲ ဖြစ်တယ် ၊ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

BBC Burmese

ကြေးမုံ သတင်းစာ (၂၆-၁-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





ကြေးမုံသတင်းစာ (၂၆-၁-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၂၆-၁-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့


မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌ ဂျင်ယုံကင်မ်၏ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်အတွင်း ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့မည်ဟု ကမ္ဘာ့ဘဏ်အုပ်စုက ဇန်နဝါရီလ ၂၆ရက်က သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဂျင်ယုံကင်မ်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ဆေးရုံတစ်ခုကို သွားရောက်လည်ပတ်စဉ်အတွင်း ထိုအစီအစဉ်ကို မစ္စတာ ဂျင်ယုံကင်မ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"လက်ရှိ ပြပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဆီ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ဖို့အတွက် ကျွနုပ်တို့ အနေနဲ့ ကူညီမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။"ဟု မစ္စတာ ဂျင်ယုံကင်မ်က ပြောသည်။

ယင်းထောက်ပံ့မှုသည် မြန်မာ အစိုးရ၏ စီမံကိန်းတစ်ခုဖြစ်သည့် ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီနိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အကောင်အထည်ဖော်ရန်နှင့် ၂၀၃၀ပြည့်နှစ် မတိုင်မီ လူတိုင်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိနိုင်ရန် ထောက်ပံ့ခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ နှစ်ရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ကူညီနိုင်ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)နှင့် နိုင်ငံစုံ အကျိုးတူ ရင်းနှီးမြှပ်နှံမှု အာမခံရေး အေဂျင်စီ (MIGA)အဖွဲ့များမှ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်ကို ရယူသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima Burmese

စာပေဗိမာန် ပြန်ဖွဲ့ဖို့ ပြင်ဆင်


ရန်ကုန်မြို့ ကုန်သည်လမ်းက စာပေဗိမာန်

ဝန်ကြီးချုပ်ဟောင်း ဦးနု တည်ထောင်ခဲ့တဲ့ စာပေဗိမာန် အဖွဲ့ကို အစိုးရ ထိန်းချုပ်မှု အောက်ကနေ ကိုယ်ပိုင် အဖွဲ့အစည်း အနေနဲ့ ပြန်ပြီး ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ကြေးမုံ သတင်းစာမှာ ပါရှိပါတယ်။

မူလ တည်ထောင်စဉ်က ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေ ကို ၁၉၉၂ က ရုပ်သိမ်း ခဲ့တာကို အခု ဥပဒေနဲ့ စာပေ ပညာရှင် တွေနဲ့ ပြန်လည် သုံးသပ် ပြင်ဆင် နေတယ်လို့ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး အငြိမ်းစား စည်သူ ဒေါက်တာ ဦးသော်ကောင်း က ဘီဘီစီကို ပြောပါတယ်။

စာပေဗိမာန်ဟာ မြန်မာ့ စွယ်စုံကျမ်း၊ လူထု အိတ်ဆောင် စာစဉ်၊ သိပ္ပံ စာစဉ် တွေကို နိုင်ငံ အနှံ့ ဖြန့်ချိ ခဲ့ပြီး စာပေဗိမာန် ဆုနဲ့ အမျိုးသား စာပေဆု တွေကိုလည်း ၁၉၄၈ ခုနှစ်က စတင် ချီးမြှင့် ခဲ့ပါတယ်။

တချိန်က ဘာသာပြန် စာပေ အသင်း အနေနဲ့ ဘာသာပြန် စာပေ လုပ်ငန်း တွေကို စာပေ ဗိမာန် ကနေ အရှိန် ကောင်းကောင်းနဲ့ လုပ်ခဲ့တာမျိုး ပြန်လည် ပေါ်ထွန်း စေလိုလို့ ခုလို ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့ဖို့ စီစဉ် နေတာလို့ သိရပါတယ်။

ဝန်ထမ်း အုပ်ချုပ်ရေး တွေနဲ့ ဘဏ္ဍာရေး လည်ပတ်မှု တွေအတွက် အစိုးရ ထောက်ပံ့မှု ဆက်ပြီး ရှိနေမှာ ဖြစ်ပါတယ်။

စာပေဗိမာန်ကနေ ဘာသာပြန် ပညာရှင်တွေ ပြန်ပြီး ပျိုးထောင်ကာ နိုင်ငံ တကာ အသိပညာ တွေကို မြန်မာလို တွင်တွင်ကျယ်ကျယ် ပြန်ဆိုမယ်၊ မြန်မာ စာပေကို ကမ္ဘာက သိအောင် လုပ်ဆောင် သွားမယ်လို့ ဦးသော်ကောင်း က ပြောပါတယ်။

၁၉၆၂ မြန်မာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စာပေဗိမာန်ကို အစိုးရ အုပ်ချုပ်မှု အောက် လွှဲပြောင်း ယူခဲ့ပြီး ဦးစံထွား၊ ဦးထင်ကြီး စတဲ့ စာပေ ပညာရှင် တွေက ကြီးမှူး အုပ်ချုပ် ခဲ့ကြပါတယ်။

BBC Burmese

၂၀၃၅ မှာ ဆင်းရဲနိုင်ငံ မရှိတော့သလောက်ဖြစ်ဖို့ Bill Gates ခန့်မှန်း

မိုက်ကရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ သူဌေးကြီး Bill Gates (ဇန်နဝါရီ ၂၄၊ ၂၀၁၄)

26.01.2014

လာမယ့် ၂၀၃၅ ခုနှစ်လောက်မှာ ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့နိုင်ငံဆိုတာ မရှိ သလောက်ဖြစ်သွားလိမ့်မယ်လို့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်က ခန့်မှန်းလိုက်ပါတယ်။

မိုက်ကရိုဆော့ဖ်ကုမ္ပဏီရဲ့အကြီးအကဲ မစ္စတာဂိတ်စ်က သူနဲ့သူ့ဇနီး မလဲန်ဒါတို့ရဲ့ ဒီယုံကြည်ချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်ပေးစာမှာ တင်ပြခဲ့တာ ဖြစ်ပြီး ဒါဟာ ၁၉၆၀ နှစ်တွေအတွင်း ဖြစ်ရပ်တွေအပေါ်မှာ မူတည်ပြီး ကောက်ချက်ချခဲ့တာလို့ ပြောပါတယ်။

၁၉၆၀ နှစ်တွေတုန်းက ကမ္ဘာပေါ်မှာ သိပ်ပြီးချမ်းသာတဲ့နိုင်ငံနဲ့ သိပ်ပြီးဆင်းရဲတဲ့ နိုင်ငံပဲ ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ ဆင်းရဲချမ်းသာကွာဟမှုဟာ သိပ်မရှိ တော့ဘူးလို့ ဆိုပါတယ်။ အဲဒီကာလကစပြီး ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံတွေဖြစ်အောင် ပညာရေး၊ နိုင်ငံ့အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးရေး၊ ဆေးပညာနဲ့ တည်ငြိမ်မှုတွေက ပံ့ပိုးပေးတဲ့နမူနာကောင်းကိုယူပြီး တခြားနိုင်ငံတွေက အလားတူ လုပ်ဆောင်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဥပမာ အဲဒီအချိန်က အဆင်းရဲဆုံးလို့ပြောနိုင်တဲ့ တရုတ်နိုင်ငံဟာ နောက်ဆုံးပေါ် စက်မှုလုပ်ငန်းတွေ၊ သိပ္ပံပညာရပ်တွေ၊ ဈေးကွက်အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တိုးတက်အောင်လုပ်ဆောင်ရာကနေ အခုလို ကြွယ်ဝတဲ့နိုင်ငံ အဖြစ်ကိုရောက်လာတာ ကြည့်ရင်သိနိုင်တယ်လို့ ထောက်ပြပါတယ်။

အခုအချိန်မှာ ဝင်ငွေအနည်းဆုံး ဆင်းရဲတဲ့နိုင်ငံဆိုလို့ ဆယ်နိုင်ငံတောင် မပြည့်တော့တာ တွေ့ရတဲ့အတွက်  အခုလို ခန့်မှန်းနိုင်တာလို့ ဆိုပါတယ်။ စီးပွားရေးနဲ့လူမှုရေးကို အဓိကအပြောင်းအလဲတွေ ဖြစ်စေတာဟာ နည်းပညာနဲ့တီထွင်မှုလို့ယုံကြည်တဲ့ မစ္စတာဂိတ်စ်က ဒီ တီထွင်ကြံဆမှုတွေနဲ့ ဆက်လက်ပြီး တိုးတက်အောင်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

VOA Burmese News

ဒရိုင်ဘာဖြစ်သွားတဲ့ ဦးမင်းကိုနိုင်

ကားမောင်းနေတဲ့ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- ကိုအံ့ဘွယ်ကျော်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် တယောက် ကားမောင်းနေတဲ့ ဓာတ်ပုံနဲ့တကွ စာတိုလေး တစ ဖေ့စ်ဘုတ်မှာ တင်လာတယ်။

ကိုအံ့ဘွယ်ကျော်က သူ့ဖေ့စ်ဘုတ်မှာ မနေ့တင်ထားတဲ့  ခေါင်းစဉ်ပေးထားတာက “သူမောင်းတဲ့ကား” တဲ့


“ဒီနေ့လယ် ရေဝေးကအပြန်မှာ ကိုမြအေးက သူ့ ကား ပေးလိုက်တော့ အဲ့ဒီလူက တက်မောင်း တယ်။ တချို့က သူ မောင်း ရင် မစီးရဲလို့တဲ့ တခြားကား နဲ့ ပြန်ကြ တယ်။ ကျုရယ်( ဦးကိုကိုကြီး )၊ ပီစီရယ် ကျွန်တော်ရယ်ကတော့ ကိုယ့် သူငယ်ချင်း အပေါ် ယုံကြည်မှု အပြည့်နဲ့ လိုက်စီးကြတယ်။ ခါးပတ်တွေတော့ ကိုယ်စီပတ်ထားရတာပေါ့လေ။ ဒါပေမဲ့ အေးဆေး ပါ။ ကားမောင်း တတ်လို့ လိုင်စင်တောင် ရထားသူပဲ၊ ရုံးကို ချောချောမောမော ပြန်ရောက် ခဲ့ကြတယ်”

ကားမောင်းလိုင်စင်တောင် ရထားပြီဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ နိုင်ငံရေးမှာလည်း လိုင်စင်ရပြီးသားပါ။

ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဒရိုင်ဘာဖြစ်ဖို့ အချိန်တန်နေပြီဆိုတာလည်း အများက ထောက်ပြနေကြပါ။

အခုထိ ဒရိုင်ဘာ အဖြစ် မြန်မာ့ နိုင်ငံ ရေးမှာ ပါဝင်နေတာမဟုတ်ပဲ တခါတခါ ကားပေါ်က သာမန် ခရီးသွားလို လိုက်ပါတတ် တဲ့ ကိုမင်းကိုနိုင်ကို အားလုံးက ဒရိုင်ဘာဖြစ်စေချင်တယ်လို့ ဆိုကြပါတယ်။

အခုဓာတ်ပုံထဲကလို ကား ဒရိုင်ဘာလုပ်နေသလို သူ မောင်းမယ့် နိုင်ငံရေး ယာဉ်ကိုလည်း ရဲရဲသာ လိုက်စီးကြဖို့ လိုပါတယ်။

အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

နွားများကို တရားမ၀င်သယ်ဆောင်သူများအားအရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၂၆

၂၅.၁.၂၀၁၄ရက်နေ့ ၀၃၃၀အချိန် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သုံးခွမြို့နယ်မှ မွန်ပြည်နယ်သို့ နွားများအားတရားမ၀င် ကူးသန်း
ရောင်းဝယ်နေကြောင်းသတင်းအရ လက်ပံချောင်ကျေးရွာတောင်ဘက် ကတုံးပေါ်တာလမ်း၌ စောင့်ဆိုင်းနေခဲ့ပါသည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ခရမ်းမြို့နယ်နေသူများဖြစ်သည့် ခင်ဝင်း (ဘ)ဦးညွန့်အောင်၊ ဇော်မိုး(ဘ)ဦးတင်ဝင်း၊ အေးလွင်(ဘ)ဦးထွန်းခင်နှင့်
အောင်ဖြိုးဝေ(ဘ)ဦးကျော်ဆွေတို့(၄)ဦးသည် နွားထီး(၄)ကောင်၊
စုစုပါင်းကာလတန်ဘိုးငွေကျပ်(၁၅၅၀၀၀၀)အား ဆွဲယူမောင်းနှင် လာသည်ကိုတွေ့ရသဖြင့်စစ်ဆေးရာ အဆိုပါနွားများနှင့်ပတ်သက်၍ သယ်ဆောင်ခွင့်ပြုမိန့်အထောက်အထားပြသနိုင်ခြင်းမရှိသောကြောင့် ၎င်းတို့(၄)ဦးအား သုံးခွမြို့မရဲစခန်း(ပ)၂၀/၂၀၁၄၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ ၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခိုးမှုပြစ်ချက်ဟောင်းရှိသော မသင်္ကာသူအားစစ်ဆေးရာမှ စက်ဘီး(၃)စီး၊ ဖုန်း(၂)လုံးခိုးမှုပေါ်


ရန်ကုန်၊ ဇန်န၀ါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းစဉ် ၁၈.၁.၂၀၁၃ ရက်နေ့၁၆၄၅ အချိန်ခန့်တွင် သန်လျင် မြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းဆုံအနီး၌ ခိုးမှုဖြစ်ချက်ဟောင်း ရှိသူ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ သန်းဇော်ဦး (ဘ)ဦးသိန်းဦးအား MIYATA နှင့် KALIN စာတမ်းများပါ ဂျပန်မိန်းမစီး စက်ဘီး(၂)စီးနှင့်အတူတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ အဆိုပါစက်ဘီး များအား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ
ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့်သိမ်းဆည်းပြီး သန်လျင်မြို့မရဲစခန်း (ပ)၃၄/၂၀၁၄ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့်အရေးယူထားရှိပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ဒဂုံတက္ကသိုလ်အနီးရှိ
နေအိမ်တစ်အိမ်မှ HUAWEI C 8813D အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး အားလည်းကောင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊နာရေးကူညီမှုရုံးအနီး
နေအိမ်တစ်အိမ်မှ SAMSUNG GALAXY အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး
နှင့် ကြိုးတံတားအနီးလမ်းဘေးမှ BRIDGE STONE စာတမ်းပါ မိန်းမစီး
စက်ဘီး(၁)စီးအားလည်းကောင်း ခိုးယူခဲ့ပြီးပေါင်နှံထားရှိကြောင်း
ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုများအသီးသီး
ရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွ မဲရုံတွေကို ပိတ်ဆို့ ဆန္ဒပြ


ထိုင်းနိုင်ငံအတွင်း မဲပေးမယ့်နေ့မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မရှိနိုင်တဲ့လူတွေအတွက် ကနဦး မဲပေးမှုတွေ ဇန်န၀ါရီ ၂၆ ရက်က စတင်နေလို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မဲပေးမှုကို နှောက်ယှက်ဖို့ မဲရုံ အနည်းဆုံး တရုံရှေ့မှာ စုရုံး ရောက်ရှိနေပါပြီ။

မဲပေးမယ့် အဆောက်အဦထဲကို နောက်ထပ်လူတွေ ၀င်လို့မရအောင် တားဆီးဖို့ ဆန္ဒပြသူတွေက ၀င်ပေါက်ကို သော့ခတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ မဲရုံတွင်းမှာတော့ လူတွေက ဆက်မဲပေးလျက်သား ရှိခဲ့ကြပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေက ထွက်မသွားရင် မဲပေးမှုကို ရပ်ဆိုင်းထားကောင်း ထားရလိမ့်မယ်လို့ ရတ်ချသေ၀ီ ခရိုင်အုပ်ချုပ်ရေးရုံး ညွှန်မှူး လက်ကနာ ရော့ဂျနာဝမ်က ပြောပါတယ်။

မဲရုံတွေကို ပိတ်ဆို့တာ တရားမ၀င်ဘူးဆိုတာကို သူတို့ကို အသိပေးပြီး ညှိနှိုင်းရလိမ့်မယ် ဒါပေမယ့် သူတို့ ဆက်လုပ်နေရင်တော့ မဲပေးမှုကို ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဆန္ဒပြသူတွေက အစိုးရရုံးတွေကို ပိတ်ဆို့တာနဲ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ကနဦး မဲပေးမှုတွေကို နှောင့်ယှက်တာတွေ မလုပ်ကြဖို့ ဇန်န၀ါရီ ၂၅ရက်နေ့က ပြောခဲ့ပါတယ်။ ဘန်ကောက်လမ်းတွေကို ရှင်းဖို့ အကြမ်းဖက်တဲ့နည်းကို မသုံးဘူးလို့လည်း ကတိပေးခဲ့ကြ ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လခ်ရှင်နာဝပ်ကတော့ ဆန္ဒပြသူတွေရဲ့ တင်းမာမှုတွေကို ဖြေလျော့တဲ့ အနေနဲ့ သူ့ရဲ့ပါတီက နိုင်ဖို့ သေချာသလောက် ရှိတဲ့ ဖေဖော်ဝါ၇ီ ၂ ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ရွှေ့ဆိုင်းဖို့ ဖြစ်နိုင်ချေကို အခြေခံ ဥပဒေခုံရုံးက ဇန်န၀ါရီ ၂၄ရက်က ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ ဆက်လုပ်မလုပ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရွေးကောက်ပွဲ ကော်မရှင်ရော အခြေခံဥပဒေခုံရုံးကပါ အတိုက်အခံတွေကို မျက်နှာသာပေးနေ တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

By ဒီဗွီဘီ

စည်းကမ်းမဲ့ယာဉ်အားလုံး လိုင်စင်ပိတ်သိမ်း အရေးယူမည်


ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပြစ်ဒဏ်ကြေးမြင့် စီမံချက် အမိန့်များဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး နောက်ပိုင်း ယာဉ်မောင်းများမှာ ယခင်ထက်စည်းကမ်း ပိုမိုချိုးဖောက်မှုများ ရှိနေသဖြင့် စည်းကမ်းမဲ့ ယာဉ်အားလုံးကို လိုင်စင် ပိတ်သိမ်း အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယာဉ်စည်းကမ်းများကို လိုက်နာခြင်း မရှိသော ယာဉ်မောင်းများကြောင့် လမ်းအသုံးပြုသူ အားလုံး နစ်နာလျက်ရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသဖြင့် ယင်းကဲ့သို့ အရေးယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ကာ ခွင့်ပြုချက် ရရှိပါက မကြာခင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရင်က သောင်းချီ ပေးနေရတဲ့ ဒဏ်ငွေတွေကို ဖျက်သိမ်းပြီး နောက်ပိုင်း ၁၅၀၀ ပဲ ဆောင်ရတော့ ယာဉ်မောင်းတွေက သိပ်အလေးမထားတော့ဘူး။ စည်းကမ်း ချိုးဖောက်မှု ပိုများလာတယ်။ စည်းကမ်းမဲ့ ယာဉ်မောင်းတွေကြောင့် စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေကို မနစ်နာစေချင်လို့ အခုလိုလုပ်တာပါ” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးချလန် စာအုပ်တွင် အရွက် ၅၀ သာပါရှိပြီး ၁၅၀၀ နှုန်းဖြင့် ဖမ်းဆီးပါက တစ်အုပ်လုံးမှ ၇ သောင်းခွဲသာ ကျသင့်မည် ဖြစ်သဖြင့် ဒဏ်ကြေးကြောင့် ဥပဒေကို မထီမဲ့မြင်ပြုသူများ ရှိနေကြောင်း အမှတ် (၆) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဝင်းလွင်က ပြောကြား သည်။

‘တစ်အုပ်စာ ဖြတ်ထားလိုက်၊ တစ်သိန်းပေးထားမယ်၊ ပိုတဲ့နှစ်သောင်းခွဲ မုန့်ဖိုးယူလိုက်’ ဟု ပြောဆိုမှုများပင် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လမ်းမပေါ်ရှိ စည်းကမ်းမဲ့ ယာဉ်များကို ယင်းကဲ့သို့ ဖမ်းဆီးမှုများကို ယခင်ကတည်းက ပြုလုပ်သင့်ပြီး ယာဉ်ထိန်းရဲများကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုယ်ပိုင် အငှားယာဉ် မောင်းနှင်နေသူ ဦးဇော်မင်းထွန်းက ဆိုသည်။
“စင်ကာပူလည်း ရောက်ဖူးပါတယ်။ ဒီထက် ကားများပေမယ့် စည်းကမ်းရှိတော့ အဆင်ပြေတယ်။ ဒီမှာ အရင်ကတည်းက လူနဲ့ အနှေးယာဉ်တွေကို မနည်းသတိထားကြည့်ပြီး မောင်းနေရတာ။ အခုတော့ ကိုယ်ချင်းစာစိတ် မရှိတဲ့ စည်းကမ်းမဲ့တဲ့ ယာဉ်မောင်းတွေကြောင့် ကားမောင်းရတာ အဆင်ကို မပြေတော့တာ” ဟု ၎င်းကဆိုသည်။

စည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများ၏ လိုင်စင်ကို အဓိကထား ပိတ်သိမ်းသွားမည် ဖြစ်ပြီး ခရီးသည်တင် လိုင်းကားများကို လိုအပ်ပါက ယာဉ်လိုင်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်သော်လည်း မည်ရွေ့မည်မျှ ပိတ်သိမ်းမည်ကို အတိအကျ မသိသေးကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းအစီအစဉ်တွင် ယာဉ်အားလုံးကို မီးနီဖြတ်၊ လမ်းပြောင်းပြန်၊ အရှိန်ပြင်း၊ အရက်သေစာ သောက်စား၊ စတစ်ကာကပ်၊ စုပ်ခွက်ကပ်၊ ဟွန်းတီးပြီး မောင်းနှင်မှုများ ပါဝင်ပြီး ဖြူနီကြားရပ်၊ ယာဉ်နှစ်ထပ်ရပ် စသည်တို့ ပါဝင်ကြောင်း၊ ခရီးသည် ယာဉ်များတွင် ခေါင်မိုးစီး၊ နောက်တွယ်စီး၊ ဘေး တံခါးဖွင့်၊ မီးပွိုင့်တက်ဆင်း၊ ကြားကားဆွဲ၊ ယာဉ်အနီအနက်ပြောင်း စသည်တို့ ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ပင်လယ်ရေလုပ်သား ပျောက်ဆုံးမှု သုံးနှစ်အတွင်း ထက်ဝက်ကျော် တိုးမြင့်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၅

ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သော ရေလုပ်သားများ ပျောက်ဆုံးမှုမှာ သုံးနှစ်အတွင်း ထက်ဝက်ကျော် တိုးမြင့်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၏ ရေလုပ်သားများ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ မကြာခဏ သေဆုံး၊ ပျောက်ဆုံးမှု များကို စုံစမ်း စစ်ဆေးပေးရန် မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပင်လယ်ပြင်အတွင်း ရေလုပ်ငန်း လုပ်ကိုင်နေသော လုပ်သား ပျောက်ဆုံးမှုများမှာ ၂၀၁၁ ခုနှစ်အတွင်းနှစ်မှု၊ ၂၀၁၂ ခုနှစ်အတွင်း ၁၀ မှု ရှိသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ၂၆ မှုထိ တိုးမြင့်လာကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

အဆိုပါ ရေလုပ်သားများမှာ ပင်လယ်ပြင်အတွင်း ငါးဖမ်း၊ ငါးသယ် ရေယာဉ်များနှင့် ကျားဖောင်များပေါ်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေရာမှ တိကျသော အကြောင်းအရင်းမရှိ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက ဆိုသည်။

အဆိုပါ ရေလုပ်သား ပျောက်ဆုံးမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကမ်းနီး၊ ကမ်းဝေး ရေယာဉ်များဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ပျောက်ဆုံးမှု ၂၆ မှုတွင် ရှာဖွေမတွေ့ရှိမှု ၂၁ မှုရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ ရေလုပ်သားများ သေဆုံးမှုများနှင့် ထိခိုက် နစ်နာမှုများ အတွက် ရေလုပ်ငန်းရှင်များက တာဝန်ယူမှု ရှိစေရန် အတွက် နိုင်ငံတော်က မြန်မာ့အာမခံလုပ်ငန်းနှင့် အလုပ်သမားဝန်ကြီးဌာန အလုပ်သမား အက်ဥပဒေများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ရေလုပ်သားများ ရရှိသော လျော်ကြေးများနှင့် ပတ်သက်ပြီး ဥပဒေတွင် ပြဋ္ဌာန်းထားသော နှုန်းထားများမှာ အလွန်နည်းပါးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက ဆိုသည်။

၁၉၂၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော အလုပ်သမား လျော်ကြေး အက်ဥပဒေတွင် ရေလုပ်သားတစ်ဦး သေဆုံးလျှင် လျော်ကြေးအဖြစ် တစ်လလုပ်ခ၏ ၃၆ ဆရရှိမည် ဆိုသော်လည်း အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ အများဆုံး လေးသိန်းခွဲထိသာ ရရှိမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

The Voice Weekly

မီနီဘတ်စ်နှင့် အစားထိုး လဲလှယ်ရမည့် ဟိုင်းလတ် ခရီးသည်တင် ယာဉ်များ


ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ လက်ရှိ ပြေးဆွဲနေတဲ့ ဟိုင်းလတ် ခရီးသည်တင်ယာဉ် ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့

နောက်ဆုံး ထားပြီး ပိတ်သိမ်း သွားဖို့  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန် ထားတယ်လို့သိရပါတယ်။ ခရီးသည် ဟိုင်းလတ် ယာဉ်တွေကို ပြေးဆွဲခွင့် ပိတ်သိမ်း လိုက်တာ မဟုတ်ဘဲ ယာဉ်အစားထိုး လဲလှယ် ပြေးဆွဲခွင့်ပြု ထားတယ်လို့ သိရပါတယ်။ ဒီဟိုင်းလတ် ယာဉ်တွေကို မီနီဘတ်စ်ကား တွေနဲ့ အစားထိုး လဲလှယ်ခွင့် ပြုထားပြီး နဂိုပြေးဆွဲ နေတဲ့ ခရီးစဉ် အတိုင်း ဆက်လက် ပြေးဆွဲ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မထသဗဟို ကသိရပါတယ်။

ဟိုင်းလတ် ယာဉ်တွေကို အစားထိုး လဲလှယ်ခြင်း မရှိပါက ကြေညာချက် ထုတ်ထားတဲ့ အတိုင်း ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ ပြေးဆွဲရမှာ ဖြစ်တဲ့ အတွက်  ဒီယာဉ်လိုင်း အပေါ် မှီခိုနေရတဲ့ ခရီးသည်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အတွက် အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ သိရပါတယ်။ အနှစ် နှစ်ဆယ်ကျော် ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲ လာခဲ့တဲ့ ဟိုင်းလတ်ယာဉ် တွေဟာ လူစီးယာဉ် အဖြစ် ထုတ်လုပ် ထားခြင်း မဟုတ်တာကြောင့် ကြံခိုင်မှု နည်းပါးပြီး ခရီးသည်တွေ အတွက် အသက်အန္တရာယ် ထိခိုက်ဖို့ အခြေအနေ ပိုများတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ ခရီးသည်တင် ဟိုင်းလတ် ယာဉ်လိုင်း ၄၆ လိုင်းက ဟိုင်းလတ်ယာဉ် ၈၀၄ စီး ပြေးဆွဲနေပြီး လက်ရှိ အချိန်မှာ ဟိုင်းလတ်နဲ့ ဒိုင်နာယာဉ်တွေ ကနေ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြီး ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ် ၈၇ စီး အထိသာ ရှိသေးတယ်လို့ သိရပါတယ်။

Mrtv-4