ခွဲစိတ်မွေးဖွားသူ ကလေးငယ်များ အ၀လွန်ရောဂါခံစားရနိုင်


ခွဲမွေးထားသော ကလေးများသည် အရွယ်ရောက်လာသည့်အခါ အ၀လွန်သူများဖြစ်လာနိုင်ကြောင်း လန်ဒန်အင်ပါယာကောလိပ် သုတေသီများက ဆိုသည်။
သဘာဝအတိုင်းမွေးဖွားသည့် ကလေးများထက် ခွဲမွေးသည့်ကလေးများသည် အသက်ကြီးလာသည့်အခါ ၎င်းတို့၏ လေးပုံတစ်ပုံတွင် အ၀လွန် လာလေ့ရှိကြောင်း သုတေသနအဖွဲ့ ကဆိုသည်။
“ခွဲမွေးတာဟာ မိခင်အချို့ အတွက် အကောင်းဆုံး မွေးဖွားနည်းတစ်ခုဖြစ်နိုင်သလို ရံဖန်ရံခါ အသက်ကယ်ဖို့အတွက် ခွဲမွေးရပါတယ်။ ဒါပေမယ့် ခွဲမွေးခြင်းကြောင့် ရေရှည်မှာဖြစ်လာနိုင်တဲ့ ပြဿနာတွေကို နားလည်ထားဖို့ လိုသလို ခွဲမွေးဖို့စဉ်းစားတဲ့ အမျိုးသမီးတွေကိုလည်း သတင်း အချက်အလက်အစုံအလင် ပြောပြထားပြီးမှခွဲမွေးဖို့ ဆုံးဖြတ်ချက်ချခိုင်းသင့်ပါတယ်”ဟု ဦးဆောင်သူ သုတေသီ ပါမောက္ခ Neena Mod ကဆိုသည်။
PLOS ONE ဂျာနယ်၌ ဖော် ပြခဲ့သော အဆိုပါသုတေသနတွင် ခွဲစိတ်၍ မီးဖွားသူမိခင် (၃၈၀၀၀)ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုမိခင်များမှ မွေးဖွားလာသူကလေးများ၏ ပျှမ်းမျှခန္ဓာကိုယ်ထုထည်အညွှန်းကိန်း (Body Mass Index – BMI)  သည် သဘာဝအတိုင်းမွေးဖွားလာသူများ ထက်0.5 kg/m2 ပိုများနေသည်ကို တွေ့ရသည်။ ခွဲစိတ်၍ မွေးဖွားထားသူများသည် ကိုယ်အလေးချိန်လွန်ကဲရန် (၂၉)ရာခိုင်နှုန်း၊ အ၀လွန်ရန် (၂၂)ရာခိုင်နှုန်း အန္တရာယ်ပိုမိုမြင့်မားလျက်ရှိသည်။
“အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ခွဲမွေးတဲ့ကလေး နှင့် သဘာဝအတိုင်း မွေးဖွားတဲ့ကလေးတွေမှာ အမျိုးအစားမတူပါဘူး။ သဘာဝအတိုင်းမွေးဖွားစဉ် ကလေးငယ်ကို မွေးလမ်းကြောင်းတစ်လျှောက် ဖိညှစ်ထားမှုကြောင့် မျိုးဗီဇ တချို့ သတ္တိကြွလာပြီး ဇီဝဖြစ်စဉ်များစတင် လည်ပတ်လာလေ့ရှိပါတယ်”ဟုသုတေသီ Matthew Hyd ကဆိုသည်။
ခွဲစိတ်မီးဖွားခြင်းနှင့် ကလေးငယ်အရွယ်ရောက်ချိန်၌ အ၀လွန်လာခြင်းတို့ ဆက်စပ်မှုသည် ကလေးငယ်၏ဇီဝဖြစ်စဉ်များ အပြည့်အ၀ အလုပ်မလုပ်ခြင်းကြောင့်သော်လည်း ကောင်း၊ အူလမ်းကြောင်း အတွင်း အကျိုးပြုဘက်တီးရီးယား မစုံလင် ခြင်းကြောင့်လည်းကောင်း ဖြစ်နိုင် သည်ဟုသုတေသီများက ကောက်ချက်ချထားသည်။
သီဟ
Ref: NMD
Health Updates Journal 

ကိုယ်ဝန်တားပေးနိုင်ပြီး HIV ပိုးကူးစက်ခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်မှာတပ်ဆင်ရတဲ့ကွင်းငယ်


ကိုယ်ဝန်၊ HIV  ၊ရေယုန်ပိုးတွေကို လနဲ့ချီပြီး ကာကွယ်မှုပေး နိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ ကွင်းတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း အမေရိကန်သုတေသီတွေက ပြောကြားလိုက်ပါတယ်။ ဒီကိရိယာဟာ လက်ရှိဈေးကွက်မှာရှိနေပြီးဖြစ်တဲ့ ကိုယ်ဝန်ကို ထိန်းချုပ်တဲ့ကွင်းတွေနဲ့ အလားသဏ္ဌာန်တူပြီး ထူးခြားချက်ကတော့ HIV  ပိုးကိုနှိမ်နင်းထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ ဒီကွင်းငယ်ကို Northwestetern Universityု မှ သိပ္ပံပညာရှင်တစ်စုက တီထွင်နိုင်ခဲ့ပါတယ်။
Foundation for AIDS Research   မှ ဒုတိယဥက္ကဋ္ဌ Rowera Johnston  က ဒီကိရိယာငယ်ဟာ အရေးကြီးတဲ့စွမ်းဆောင်ချက်နှစ်ခုကို သုံးလကြာအောင် အာနိသင်အပြည့်အ၀ပေးနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲထားခြင်းကိုလည်း မိမိအမျိုးသားက မသိရှိနိုင်တဲ့အတွက် ဇနီးမောင်နှံများအကြားမှာ အိမ်ထောင်ရေးသုခကို မထိခိုက်စေပါဘူး”လို့ ပြောကြားထားပါတယ်။ မိန်းမကိုယ်ကွင်းငယ်က ထုတ်လွှတ်ပေးမယ့် ကိုယ်ဝန်တားဆေးကတော့levonor gestrel့ ဖြစ်ပြီး HIV  ကူးစက်မှုကို ကာကွယ်ပေးမှာကတော့   ပဲ  ဖြစ်ပါတယ်။
ဒီကွင်းငယ်ရဲ့ အားနည်းချက်ကတော့ terofovir  က အလွယ်တကူ ပျော်ဝင်နိုင်ပေမယ့် levororgestrel့ က ပျော်ဝင်ဖို့ခဲယဉ်းနေတာကို ထိန်း ညှိပေးနေရခြင်းပဲဖြစ်ပါတယ်။ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Patric Kiser  က ““ဒီကွင်းငယ်ကို ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေထဲမှာအလွယ်တကူ မပျက်စီးနိုင်တဲ့ ပေါ်လီမာတွေနဲ့ ဖန်တီးထားပါတယ်။ လက်ရှိဆေးဝါးများထက် အဆ (၁၀၀)ပိုပြီး မြန်မြန် ဆေးအာနိသင်ကို ရရှိစေပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ဒီလေ့လာမှုကို Journal PLOS ONE  မှာ ဖော်ပြထားပါ တယ်။
သန့်စင်
ref: AFP
Health Updates Journal

မောင်တော မြောက်ဘက် ဒူးတန်းရွာမှာ မီးလောင်

အခု လဆန်းပိုင်းကလည်း အိမ်ခြေ ၇၀ မီးလောင်ခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ မြောက်ဘက် ဒူးတန်းရွာမှာ ဒီကနေ့ မနက် ၃ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။

ဈေးတန်းက ဆိုင်ခန်း ၆ ခန်း မီးလောင် သွားတယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက် ဖြတ်သွားပြီး နောက်မှာ မီးလောင်မှု ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။

အခု မီးလောင်မှုနဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။

အခု လဆန်းပိုင်း ကလည်း အနီးအနားက ရွာ ၂ ရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၇ဝ မီးလောင်ကျွမ်းခဲ့ပါတယ်။

သန်းခေါင်စာရင်း ကောက်ခါနီးမှာ အစ္စလာမ်ရွာတွေပဲ မကြာခဏ မီးလောင်နေတာကြောင့် ရွားသားတွေက စိုးရိမ်တကြီး ဖြစ်နေတယ်လို့ ဆိုပါတယ်။

BBC Burmese

အပိုင်းအစ ၁၂၀လောက် တွေ့ရတယ်လို့ မလေးရှားဆို

ဂြိုဟ်တု ဓာတ်ပုံအရ လေယာဉ် အပျက်အစီးတွေ ဖြစ်နိုင်ဟု ယူဆနိုင်

ဂြိုဟ်တုက ရရှိတဲ့ ပုံရိပ် အသစ်တွေအရ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အပိုင်းအစ တစ်ရာ့ နှစ်ဆယ်လောက်ကို အိန္ဒိယ သမုဒ္ဓရာ တောင်ပိုင်းမှာ တွေ့ရတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။

ပြင်သစ်နိုင်ငံက ထုတ်ပြန်တဲ့ ပုံရိပ်တွေအရ အချို့ အရာတွေဟာ ၂၄ မီတာကျော် ရှည်လျားတာ တွေ့ရပါတယ်။

အဲဒီ ပစ္စည်းတွေ အားလုံးကို မြို့တစ်မြို့စာ အကျယ်အဝန်းလောက်မှာ မျောနေတာ တွေ့ရတာပါ။

ရာသီဥတု ဆိုးရွာမှုကြောင့် ရှာဖွေမှုတွေ ရပ်နားခဲ့ရပြီးနောက် အခုအခါ လေယာဉ်ပျောက် ရှာဖွေရေးတွေ ပြန်စတင်ခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ လေယာဉ်ရဲ့ အပိုင်းအစ တစ်ခုမှ ရှာလို့ မတွေ့နိုင်တော့တဲ့၊ မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေအထိ ရှာဖွေရေးတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။

အခုချိန်အထိတော့ လွန်ခဲ့တဲ့ သီတင်း ၂ပတ်ကျော် ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဘာတစ်ခုကိုမှ ရှာလို့ မတွေ့သေးပါဘူး။

BBC Burmese

ဖိုက်ဘာရေကန်ကို လွန်ဖြင့် ရေလျှံပေါက်ဖောက်စဉ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၂၅

၂၅.၃၂၀၁၄ရက်နေ့ ၁၄၂၀အချိန် တောင်ဥက္ကလာမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန်းဘောင် (၁၁)လမ်း၊ အိမ်အမှတ်(၈၂၈)နေ အိမ်ရှင် ဦးကျော်ဝင်းထွန်း (၃၆)နှစ်၊ (ဘ)ဦးညွန့်လှိုင်သည် နေအိမ်အမိုးတွင် တပ်ဆင်ထားသော အလျား(၆)ပေ၊ အနံ(၃)ပေ၊ အမြင့်(၃)ပေရှိ ဖိုက်ဘာရေကန်အား
ရေလျှံပေါက်ဖောက်ရန်အတွက် ၎င်း၏အလုပ်သမားဖြစ်သူ ကျော်သူဝင်း
(၂၈)နှစ်၊ (ဘ)ဦးဟန်ငွေကို လွန်ဖြင့် ဖောက်ခိုင်းစဉ် အပူလွန်ကဲပြီး ဖိုက်ဘာရေကန်ကိုမီးလောင်ကျွမ်းခဲ့၍ အနီးရှိလူများနှင့် မီးသတ်ယာဉ် များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၄၂၇ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ထိုသို့ မီးငြှိမ်းသတ်စဉ် အလုပ်သမား ကျော်သူဝင်းမှာ ထပ်ခိုးမှပြုတ်ကျသဖြင့် ၀ဲ/ယာခြေထောက် ပွန်းပဲ့ဒဏ်ရာနှင့် ခန္ဓာကိုယ်နာကျင်ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသမှုခံယူ
ခဲ့ရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားအောင် ပေါ့ဆစွာအသုံးပြုစေသူ ဦးကျော်ဝင်းထွန်းကို တောင်ဥက္ကလာပ မြို့မရဲစခန်း(ပ)၁၂၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

မလေးရှား လေကြောင်းပိုင်လေယာဉ် ပျောက်ဆုံးရခြင်း၏ အံ့သြဖွယ်ကောင်းအောင် ရိုးရှင်းသော အယူအဆ



( ယခုဆောင်းပါးကိုရေးသားသူ Chris Goodfellow သည် ကနေဒါမှ
လေယာဉ်မောင်းသက် နှစ် ၂၀ ရှိပြီး လေယာဉ်မျိုးစုံကို ကရိယာ
ဒိုင်ခွက်များသာ သုံးပီး ဖြင့်ပျံသန်းနိုင်သော ထိပ်တန်း လေယာဉ်မှုးကြီး
ဖြစ်ဲပီး သူ့အယူအဆကို Google+ တွင်ရှေးဦးစွာ တင်ထားခဲ့ပါသည်။)

မလေးရှားလေကြောင်းလိုင်းခရီးစဉ် MH-370 နှင့် ပါတ်သက်ပြီး ခန့်မှန်း
ချက်အယူအဆများအမြောက်အများပေါ်ထွက်ခဲ့ပါသည်။ အကြမ်းဖက်မှု၊
ပြန်ပေးစွဲခြင်းများအပါအဝင်ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် CNN မှ
ဝေဖန်သုံးသပ်မှုများကို မယုံသလို စိတ်အနှောက်အယှက်ဖြစ်စရာလို့မြင်
ပါသည်။ ကျွန်တော်ကတော့ ရိုးရှင်းတဲ့ အဖြေကိုပဲ ရှာချင်ပါသည်။ ပေ
အရှည် ၁၃ ၀၀၀ ရှိတဲ့ ပါလို လန်ကာဝီလေယာဉ်ကွင်းနဲ့တွဲ အဖြေရှာ
ပါမည်။

ကျွန်တော်တို့ အားလုံး ဘိုးရင်း ၇၇၇ ခရီးစဉ် MH-370 ညသန်းခေါင်ယံ
အချိန်မှာ ကွာလာလမ်ပူ မှ ဘေကျင်းကို ထွက်ခွာပျံသန်းခဲ့ကြောင်းသိကြပြီး
သားပါ။ ပူအိုက်တဲ့ည၊ လေယာဉ်ကြီးတစ်စင်း။ တစ်နာရီလောက်လောက်
အကြာမှာ ဗီယက်နမ်ကို ဦးတည်ဖို့ ထိုင်းပင်လယ်ကွေ့ အပေါ်မှာ အဆက်
အသွယ်ပြတ်သွားတယ်။ ဆိုလိုတာက လေယာဉ်ရဲ့ အချက်အလက်တွေကို
ထုတ်လွှင့် ဖမ်းယူပေးနေတဲ့ ထရန်စပွန်ဒါ နဲ့ အရံရေဒါခြေရာခံစံနစ်ပျောက်
သွားတယ်။ နောက် နှစ်ရက်အကြာမှာ မလေးရှားစစ်တပ်ရေဒါ ပုံရိပ်က
လေယာဉ် အနောက်တောင်ယွန်းယွန်းလမ်းကြောင်းအတိုင်းပြန်လာပြီး မလေးရှားကျွန်းဆွယ်ကို ဖြတ်ကာ မလက်ကာ ရေလက်ကြားကို ဥိးတည်
တယ်လို့ သတင်းတွေပေါ်လာပါတယ်။

ဒီနေရာမှာ ဘယ်ဖက်ကိုချိးတာက အဓိကအချက်ပါ။ လေယာဉ်မှုးကြီး
ဇာဟာရီအာမက်ရှားဟာ ပျံသန်းချိန် နာရီပေါင်း ၁၈ ၀၀၀ ကျော်ရထားတဲ့
အလွန်အတွေ့အကြုံရင့်တဲ့ အကြီးတန်းလေယာဉ်မှုးကြီးပါ။ ကျွန်တော်တို့
လိုလေယာဉ်မှုးအိုကြီးတွေအဖို့ လေယာဉ်ခရီးစဉ်တလျှောက် အနီးဆုံးဘယ်
လေဆိပ်ဟာ ဆင်းသက်ဖို့ ဘေးအကင်းဆုံးလဲဆိုတာ သိဖို့ ကျ င့်သားရ
ပြီးသားပါ။ ကျွန်တော်တို့ ပျံသန်းနေစဉ် နောက်ဘက်မှာ ဘယ်လေဆိပ်၊
ဘေးဘက်တွေမှာဘယ်လေဆိပ်၊ ရှေ့မှာ ဘယ်လေဆိပ်..အဲတာတွေအား
လုံးဟာခေါင်းထဲမှာ အလွတ်ရှိပြီးသားပါ။ အမြဲတန်းလည်းရှိပါတယ်။ တခုခု
ဖြစ်ခဲ့မှ ဘာလုပ်ရမလဲဆိုတာခေါင်းထဲ တွေးနေရမယ့်အစား ဘာလုပ်ရမလဲ
ဆိုတာခေါင်းထဲ ရောက်ပြီးသားပါ။ ဘယ်ဖက်ကိုတိုက်ရိုက်ဦးတည်ချိုးတယ်
ဆိုတာ ဖတ်လိုက်ရကတည်းက သူလေဆိပ်ကို ရှာတယ်ဆိုတာကို ကျွန်တော်
ချက်ခြင်းသိလိုက်ပါတယ်။ ပြေးလမ်းအရှည်ပေ ၁၃ ၀၀၀ ရှိပြီး ရေပြင်ကနေ
ချဉ်းကပ်ဆင်းသက်ရတဲ့ အတားအဆီးကင်းတဲ့ ပါလို လန်ကာဝီလေဆိပ်ကို ဆင်းဖို့တိုက်ရိုက်လမ်းကြောင်း ရွေးချယ်တာပါ။ လေယာဉ်မှုးဟာ ဘာလို့
ကွာလာလမ်ပူကို ပြန်မလှည့်သလဲဆိုရင် ကြားမှာ ပေ ၈ ၀၀၀ရှိတဲ့ ကုန်းတန်း
ကို ဖြတ်ရဦးမယ်ဆိုတာသိလို့ပါ။ လန်ကာဝီဟာ လတ်တလောနေရာနဲ့ပိုနီးပြီး
မြေပြင်အနေအထားဟာလည်းပိုပြီး အကျွမ်းဝင်လွယ်လို့ပါ။

လေယာဉ်မှုးဟာ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ဆောင်သွားပါတယ်။ လေယာဉ်ပေါ်
မှာ အဖြစ်အပျက်ကြီးကြီးမားမားတစ်ခုက်ု ရင်ဆိုင်ကြုံတွေ့ခဲ့အပြီးမှာ အနီးစပ်ဆုံး
နဲ့ဘေးအကင်းဆုံးလေဆိပ်ကို ချက်ခြင်းဆင်းသက်ဖို့ လှည့် လာခဲ့ပါတယ်။

ကျွန်တော်ဒီသတင်းကို ကြားကြားချင်း ဂူဂဲလ် အာ့သ် ကိုဖွင့်ပြီး အနောက်တောင်
ဖက်ကို ဦးတည်တဲ့ လမ်းကြောင်းအနီးအပါးက လေဆိပ်တွေကို လိုက်ရှာပါတယ်။

ကျွန်တော့်အနေနဲ့တော့ ထရန်စပွန်ဒါနဲ့ ဆက်သွယ်ရေးစက်တွေ အဆက်အသွယ်
ပျောက်သွားတာဟာ မီးလောင်လို့ ဆိုတာ လုံးဝဖြစ်နိုင်ပါတယ်။ ပိုဖြစ်နိုင်တာက
လျှပ်စစ်ပိုင်းဆိုင်ရာမီးလောင်မှုပါ။ လောင်ပြီဟေ့ဆိုတာနဲ့ ပထမဆုံးတုန့်ပြန်ရမှာ
ကတော့ လျှပ်ပတ်လမ်းမှာရှိတဲ့ လျှပ်စစ် မိန်းဘတ်စ်ဘားလျှ ပ်ကူးတွေကို
ဆွဲဖြုတ်ပြီးတစ်ခုပြီးတစ်ခု ပြန်တပ် ပျက်နေတဲ့ဟာ ကွက်ချန်ခဲ့ လုပ်ရမှာပါ။ အဲလို
ဆွဲဖြုတ်လိုက်တာနဲ့ လေယာဉ်ဟာ ရေဒါတွေ ရေဒီယိုလွှင့်ချက်တွေတိတ်ဆိတ်သွား
မှာပါ။ ဖြစ်နိုင်ခြေကတော့ လေယာဉ်မောင်းခန်းထဲမှာ အခြေအနေဆိုးနေပြီး
လေယာဉ်ကိုလည်းထိမ်းရ၊ မီးလဲသတ်ရ ပြာယာခတ်နေမယ့်ပုံပါပဲ။ အရေးပေါ်
အခြေအနေလမ်းညွှန်မှုသုံးချက်ဖြစ်တဲ့ ပျံသန်း၊လမ်းကြောင်းရှာ၊ဆက်သွယ်ပြောဆို
ဆိုတဲ့ အထဲကဆက်သွယ်ဖို့ဆိုတာ ဒီလိုအခြေအနေမှာ ဘုရားတဖို့ပဲရှိပါတယ်။

မီးလောင်တာ ၂ မျိုးရှိပါတယ်။ လျှပ်စစ်မီးလောင်တာဆိုရင် မမြန်လောက်ပါဘူး။
မီးခိုးအများကြီးလည်းမထွက်ကောင်းလောက်ပါဘူး။ သို့ပေမယ့် သိထားတဲ့ အချက်အလက်တွေအတိုင်းဆိုရင် ဖြစ်နိုင်ကောင်းတာက၊ လေယာဉ်ရှေ့ဘီး
တာယာတွေထဲက တစ်လုံးလုံး လေယာဉ်အတက်မှာ ကွဲပြီး တဖြည်းဖြည်း
မီးစလောင်နိုင်ပါတယ်။ ဒါမျိုးဟာ လေယာဉ်ဘီးတွေရဲ့ တာယာ လေပေါင်
လျော့နေရင်ဖြစ်လေ့ရှိပါတယ်။ မှတ်မိကြဦးမှာပါ။ နိုင်ဂျီးရီးယားက DC8 လေယာဉ်
တစ်စင်းအဲလိုဖြစ်လို့ မထိမ်းနိုင်မသိမ်းနိုင်မီးခိုးလုံးကြီးတွေ ထွက်လာခဲ့တာ။
လေယာဉ်မှုးတွေမှာ အောက်စီဂျင်မျက်နှာဖုံးပါကြပါတယ်။ ဒါပေမယ့် မီးခိုးအတိုင်း
အဆပေါ်မူတည်ပြီး ခဏတာပဲသုံးလို့ရမှာပါ။ မီးလောင်နေတာဆိုရင်တော့ လုံးဝ
အသုံးဝင်မှာမဟုတ်ပါဘူး။

ခေါင်းထဲပေါ်လာတဲ့ တစ်ချက်က မီးခိုးတွေဟာ လေယာဉ်မောင်းခန်းမှာ ဖုံးလွမ်း
သွားပြီး လေယာဉ်ဟာလည်း အလိုလျောက်ပျံသန်းတဲ့ ခလုပ်ဖွင့်ထားမယ်ဆိုရင်
ဆီကုန်တဲ့အထိဦးတည်ထားတဲ့အရပ်ကို ပျံသန်းနေမယ်၊ ဆီကုန်ရင်ကုန်၊မကုန်
လည်း မီးက လေယာဉ်မောင်းခန်းထဲအားလုံးလောင်ပြီးပျက် ကျနိုင်တာမျိုးပါ။
လေယာဉ်လမ်းအတိုင်းရှာရမှာဖြစ်ပြီး နေရာအနှံ့ကို ရှာရမှာပါ။

လေယာဉ်အနုကြမ်းစီးတယ် လူသတ်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ်၊
လေယာဉ်ပေါ်မှာ အင်ဂျင်နီယာပါတယ် စတဲ့ မှန်းခြေတွေကလည်း မျက်မြင်
သက်သေမပြနိုင်သမျှ အဲဒါတွေဘက်ကို မတိမ်းညွှတ်ပါဘူး။

ကျွန်တော်တို့နောက်ဆုံးဆက်သွယ်ခဲ့တဲ့စကားကိုသိကြပါတယ်။ လေယာဉ်မှုး
တစ်ယောက်ရဲ့ရှုဒေါင့်ကကြည့်ရင် ဒီစကားဟာ လုံးဝပုံမှန်ပါ။ ဂွတ်နိုက်ဆိုတဲ့စကား
ကိုမြေပြင်လေကြောင်းထိန်းသိမ်းရေးဌာန တစ်ခုကနေ နောက်တစ်ခုကို အပြောင်း
မှာပြောလေ့ရှိပြီး ဆိုလိုရင်းကတော့ လေယာဉ်ခန်းထဲမှာ အားလုံးပုံမှန်ပါပဲလို့
လုံးဝရည်ညွှန်းပါတယ်။ လေယာဉ် အခြေအနေမကောင်းဘူး ဘေးအန္တရာယ်ရှိနေပြီ
ဆိုတာကို လေယာဉ်မှုးတစ်ယောက်ဟာ နည်းမျိုးစုံနဲ့ အချက်ပြလို့ရပါတယ်။

လေယာဉ်အနုကြမ်းစီးခံထားရတဲ့ ကုဒ်ကိုသုံးရင်သုံး ဒါမှ မဟုတ် လေယာဉ်
ထရန်စပွန်ဒါက ထုတ်လွှတ်နေတဲ့ကုဒ်လေးလုံးတွဲထဲက တစ်လုံးလျော့ လွှတ်ပေး
လိုက်တာနဲ့မြေပြင်လေကြောင်းထိန်းသိမ်းရေးမှုးကတခုခုမှားနေပြီဆိုတာ သဘော
ပေါက်ပါတယ်။ လေယာဉ်မှုးကောင်းတစ်ယောက်ဟာ စကားနဲ့ မပြောနိုင်တဲ့ အခြေ
အနေမှာတောင်မိုက်ကရိုဖုန်းကို ဖွင့်ချည်ပိတ်ချည်သုံးပြီး SOSကို ဘယ်လို
လွှင့်ထုတ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ခလုပ်သုံးခါ နှိပ်ချည်ဖွင့်ချည်
လုပ်တာနဲ့တင် အချက်ပေးလို့ရပါတယ်။ ဒီတော့ ဒီအချက်အပေါ်နိဂုံးချုပ်ရရင်
လေယာဉ်ပေါ်က နောက်ဆုံးဆက်သွယ်ချိန်မှာ လေယာဉ်မောင်းခန်းဟာ
အားလုံးကောင်းနေတယ်လို့ သုံးသပ်ပါတယ်။ သို့ပေမယ့် အခြေအနေတွေဟာ
ဆိုးရွာဖို့ ဆက်စပ်ဖြစ်ပေါ်နေတယ်ဆိုတာ လေယာဉ်မှုး ရိပ်မိပုံမရပါဘူး။

ထင်ရှားတာကတော့ လေယာဉ်ရဲ့ ရေဒီယို ရေဒါသတင်းပို့တဲ့စံနစ်တစ်ခုဖြစ်တဲ့
ACARS ဟာ အစောပိုင်းတစ်ချိန်ကတည်းက အလုပ်မလုပ်တော့ပါဘူး။ ပြောနေကြ
သလို ACARS ကိုပိတ်ပစ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ ဒီအချက်ဟာ
ကျွန်တော့်အဖို့ လေယာဉ်လျှပ်စစ်ပိုင်းချို့ယွင်းတယ် ဒါမှမဟုတ် လျှပ်စစ်ပိုင်းမီးလောင်
တယ်ဆိုတဲ့ အချက်ကို လက်နဲ့ ပိတ်ပစ်တယ်ဆိုတဲ့ အချက်ထက် ခိုင်ခိုင်မာမာ
ယုံကြည်စရာဖြစ်ပါတယ်။ လေယာဉ်မှုး ACARS အလုပ်မလုပ်ဖူးဆိုတာသိချင်မှလဲ
သိမှာပါ။

လေယာဉ်အမြင့်ပေအတက်အကျဖြစ်တာနဲ့ပါတ်သက်လို့ပြောရရင် ဒီအချက်
အလက်ဟာ လေယာဉ်ရဲ့ ထရန်စပွန်ဒါကပေးတာမဟုတ်ပဲ မိုင် ၂၀၀လောက်
အကွာက မူလအခြေခံရေဒါက ရတာပါ။ စက်ဝိုင်းဖြတ် ဖတ်ညွှန်းကိန်းဟာ
ကြားခံလေထုလွှာ အချိုးသက်ရောက်မှုအများကြီးရှိနိုင်လို့ စိတ်ချယုံကြည်ရတဲ့
အချက်လို့ ကျွန်တော်မယူဆပါဘူး။ နို့ပေမယ့် ဒီအချက်ကို လက်ခံ ပြီးစဉ်းစား
ရရင် လေယာဉ်မှုးဟာ မီးလောင်မှုကို အားပေးတဲ့ အောက်စီဂျင် အနည်းဆုံးရှိရာ
လေထု အလွှာကို ပေ ၄၅ ၀၀၀ ရောက်အောင် ထိုးတက်ပြီးမီးငြိမ်းသတ်ဖို့ ကြိုးစားတာလည်းဖြစ်နိုင်ကောင်း ပါတယ်။ ပေ ၄၅ ၀၀၀ မှာလေယာဉ်ကို ထိမ်းရ
ခက်လှပါတယ်။ လေယာဉ်ထိန်းချုပ်မှု ခက်ခဲပြီးလေထဲပျံနိုင်မှုပျက်ပျယ်တာ လုံးဝ
ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သတင်းတွေထဲမှာဖတ်ရသလို လေယာဉ်ထိုးဆင်းကျ
လာတဲ့နှုန်းဟာသိပ်မြန်တာပါ။ အဲဒီနောက်မှာ လေယာဉ်ဟာ ပေ ၂၅ ၀၀၀ မှာ
ပြန်တည်ငြိမ်တိန်းချုပ်လို့ရတာပါ။ လေယာဉ်မှုးဟာ လေယာဉ်ကို မီးငြိမ်းသတ်ဖို့
ထိုးဆင်းချတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေယာဉ် အပိုင်စီးခံရတယ်ဆိုတာနဲ့ ပေ ၄၅ ၀၀၀ထိုးတက်သွားတယ်ဆိုတာ ကျွန်တော့်အမြင်မှာတော့ အဆက်အစပ်မရှိပါဘူး။

အချိန်အတော်ကြာပျံသန်းနေခဲ့တယ် ဆိုတဲ့ အချက်နဲ့ပါတ်သက်ပြီးပြောရရင်
လေယာဉ်စထွက်တဲ့ ကွာလာလမ်ပူကနေ ဘေကျင်းအထိ လေယာဉ်ဆီပါတဲ့
အပြင်တခြားလေဆိပ်တစ်ခုခု (ဥပမာ ရှန်ဟိုင်းလို) လမ်းကြောင်းတစ်ခုခုကို
အရေးပေါ် အခြေအနေမှာ လမ်းကြောင်းပြောင်းဖို့ နောက်ထပ် ၄၅ မိနစ်စာ
-ပြောရရင် ၈ နာရီစာလောက်ဆီပါမှာပါ။ဒီထက်ပိုရင်လည်းပိုပါလိမ့်မယ်။
ပထမ တစ်နာရီအတွင်းမှာ လေယာဉ်တက်တာရယ် ပျံသန်းမယ့် အမြင့်ပေ
ရောက်အောင်သွားတာရယ်ဆိုတော့ ပါသမျှ ဆီရဲ့ ၂၀%-၂၅%လောက်
သုံးပြီးလောက်ပါပြီ။ လန်ကာဝီလေဆိပ်ကိုပြန်လှည့်ပြီးဦးတည်နေချိန်မှာ
လေယာဉ်မှာ ၆နာရီ ကျော်စာ ဆီကျန်ပါလိမ့်ဦးမယ်။

ဒီအချက်ဟာ အင်မားဆက်ဂြိုလ်တုက ဆီကုန်ချိန်အထိရတဲ့ ခြေရာခံ အချက်
တွေနဲ့ပိုင်ပိုင်နိုင်အပြန်အလှန်ဆက်စပ်မှုရှိနေပါတယ်။

အခုတော့သိကြပြီးဖြစ်တဲ့ လေယာဉ်ဟာဆီကုန်တဲ့ အထိပျံသန်းတယ်ဆိုတဲ့
အချက်ဟာ ကျွန်တော့်အဖို့တော့ လေယာဉ်ပေါ်ပါ အမှုထမ်းတွေဟာ လေ
ယာဉ်ကို ထိန်းချု ပ်နိုင်စွမ်းမရှိတော့ပဲ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို ဦးတည်
ပျံသန်းခဲ့တယ်ဆိုတဲက အချက်ကိုသာ အခိုင်အမာယူစရာဖြစ်နေပါတယ်။

ဒီထက်ပိုပြီး ထင်ကြေးပေးစရာ အထောက်အထား ကလည်း တက်မလာသေး
ပါဘူး။ လတ်တလောမှာတော့ မီးလောင်တာဖြစ်စေ၊ စက်အစိတ်အပိုင်းချို့ယွင်း
တာဖြစ်စေ အခြေအနေမျိုးကနေ လေယာဉ်ကိုကယ်တင်ဖို့ အစွမ်းကုန်ကြိုးပမ်း
သွားတဲ့လေယာဉ်မှုးကြီးကို မကောင်းပြောစရာ တစ်ကွက်မှ ရှာမတွေ့ပါဘူး။

လေယာဉ်မှုးကြီး ဇာဟာရီအာမက်ရှားဟာ မဖြစ်နိုင်တဲ့ အခြေအနေမှာ လေယာဉ်
ကို လန်ကာဝီလေဆိပ်ကိုဆင်းသက်ဖို့ အစွမ်းကိုကြိုးပမ်းအားထုတ်သွားတဲ့
သူရဲကောင်းတစ်ယောက်ပါ။ ကျွန်တော့် အမြင်မှာ သံသယ တစ်စွန်းတစ်စမျှ
မရှိပါဘူး။ ဒါကြောင့်လည်းလေယာဉ်ကို ချိုးကွေ့ပြီး လန်ကာဝီကို တိုက်ရိုက်
လမ်းကြောင်းလုပ်တာပါ။ လေယာဉ်အပိုင်စီးတာဆိုရင် တမင်သက်သက် ဘယ်
ဘက်ကို ချိုးကွေ့ပြီး လန်ကာဝီကို ဦးတည်စရာမလိုပါဘူး။ ပြန်ပေးစွဲသူတွေ
အဆုံးအဖြတ် မချနိုင်ခင် လေယာဉ်ဟာ တောင်ရောက် မြောက်ရောက်ဖြစ်နေဦး
မှာပါ။

အံ့သြဖို့ကောင်းတာက ဘယ်သတင်းထောက်၊ ဘယ်အရာရှိ၊ ဘယ်လေယာဉ်မှုး
ကမှ အင်တာဗျူးးတွေမှာ ဒီလေယာဉ်မှုးရဲ့ ရှုထောင့်ကနေ မကြည့်ခဲ့ကြပါဘူး။
ဂူဂဲလ် အာ့သ်ကျေးဇူးနဲ့ လန်ကာဝီ လေဆိပ်နဲ့ ပြေးလမ်းကို ကြည့်ပြီးလေယာဉ်မှုး
ဟာ ဒီလေယာဉ်ကွင်းကို သိမယ်ဆိုတာ ချက်ခြင်းသဘောပေါက်မိပါတယ်။အဲဒီ
ကွင်းကိုတောင် သူ အကြိမ်အများကြီး ဆင်းဘူးကောင်းဆင်းဘူးမှာပါ။

လေယာဉ်ပေါ်မီးလောင်ပြီဆိုရင် လုပ်စရာ တစ်ခုထဲရှိပါတယ်။ လေယာဉ်ကို မြန်နိုင်
သမျှ မြန်မြန် မြေပေါ်ရောက်အောင်ဆင်းဖို့ပါ။ ကျွန်တော့် အာရုံထဲမှာ အခုထိမှတ်မိ
နေသေးတဲ့အတွေ့အကြုံ နှစ်ခု ရှိပါတယ်။ ၁၉၈၀ခုနှစ်များတုန်းက Air Canada ရဲ့
DC9 လေယာဉ် အိုဟိုင်းယိုးက ကိုလမ်ဘတ်စ်မြို့ မှာလေယာဉ်ဆင်းရတုန်းကပါ။
အဲဒီလေယာဉ်ရဲ့လေယာဉ်မှုးဟာ အချိန်ဆွဲပြီးလေဆိပ်တော်တော်များများကို
မဆင်းပဲကျော်လာခဲ့ပါတယ်။ သူ့ အနေနဲ့ အနီးဆုံးလေဆိပ်ကို မသိပါဘူး။ နောက်ဆုံးတော့ လေယာဉ်ကို မြေပြင်ရောက်အောင်ဆင်းနိုင်ပေမယ့်
လူ ၃၀ လောက် အသက်ဆုံးခဲ့ပါတယ်။ ၁၉၉၈ မှာတော့ Swissair က DC-10
လေယာဉ် နိုဗာ စကော့တီယာမှာပျက်ကျတာဟာ သူရဲကောင်းဆန်တဲ့လေယာဉ်မှုး
ထပ်ပေါ်ခဲ့ပါတယ်။ လေယာဉ်ယာ ဟယ်လီဖက်စ် လေဆိပ်နဲ့ ၁၅ မိနစ်အကွာမှာပါ။
မီးဟာ လေယာဉ်တစ်စီးလုံးလောင်ကျွမ်းနေပြီး ပင်လယ်ထဲထိုးဆင်းရမှာဖြစ်ပါတယ်။
ဒါပေမယ့် အချိန် မမှီလိုက်တော့ပါဘူး။ ကနေဒီလေဆိပ်ကနေ လေယာဉ်တက်လာပြီး
တစ်နာရီ အကြာလောက်မှာမီးလောင်မှုဖြစ်တာပါ။ ဘာဖြစ်မယ်ထင်ပါလဲ ..။ ခန့်မှန်း
ကြည့်ကြပါ။ လေယာဉ် မီးလောင်တော့ လျှပ်စစ်မိန်းခလုပ်တွေ လျှပ်ကု ဘတ်စ်ဘား
တွေကို ဆွဲဖြုတ်လိုက်ရတာပါ။ ထရန်စပွန်ဒါတို့ ဆက်သွယ်ရေးစက်တွေ အားလုံး
ပိတ်ကုန်ပါတယ်။

Google Earth ကို ယူပြီး Pulau Langkawi လို့ ရိုက်ထည့်ကြည့်လိုက်ပါ။ ပြီးရင်
ရေဒါက ပြောတဲ့ ဦးတည်ရာကို ကြည့်လိုက်ပါ။ နှစ်နဲ့ နှစ်ပေါင်းရင် အဖြေ လေး
ရသလိုပါပဲ။ ကျွန်တော့်အတွက်တော့ လေယာဉ် ဘာ့ကြောင့် လမ်းကြောင်းလှည့်
ရလဲ၊ ဘာလို့ အဲဒီဘက်ကို ဦးတည်ရလဲ ဆိုတာတွေကို ရိုးရိုးလွယ်လွယ်လေး
ရှင်းပြထားတာပါ။ တကယ့်ကို ထိုးထွင်း ဥာဏ်ကောင်းတဲ့ လေယာဉ်မှုးပါ။
သူ အချိန် မရ လိုက်တာ ပါပဲ။

Credit: ZawMinnHtun
Myanmar Latest News

တာ့ဂ်ျမဟာ ဆောက်သူတို့ လက်အဖြတ်ခံခဲ့ရ



အိန္ဒိယ Mughal အင်ပါယာ ဘုရင် Shah Jahan ဟာ ကွယ်လွန်သူ ချစ်ဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) ကို ရည်စူးလို့ ၁၆၃၂ ခုနှစ်မှာ တာ့ဂ်ျမဟာ ( Taj Mahal ) ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့ပါတယ်။

ဂူသင်္ချိုင်း ဆိုပေမယ့် နန်းတော်ကြီး တစ်ခုလိုပါပဲ။ တည်ဆောက်မှုက ၂၂ နှစ်တောင်ကြာမြင့်ပြီး ဆောက်လုပ်ခြင်းမှာ ပါဝင်တဲ့ ပန်းရံဆရာ၊ ဗိသုကာ ပညာရှင်များ အားလုံးကို လက်ဖြတ်ခဲ့ ပါတယ်။ အကြောင်း ကတော့ ယင်းကဲ့သို့ အလားတူ လှပတဲ့ နန်းတော်ကြီး တစ်ခုကို ထပ်မံ တည်ဆောက်နိုင်မှာစိုးလို့ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ၊ အာဂရာ မြို့  အပြင်မှာ တည်ရှိနေတဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။

ပါရှန်း၊ တူရကီ၊ အိန္ဒိယ၊ အစ္စလာမ် တို့အပြင် ကမ္ဘာတစ်ဝန်းက ဗိသုကာ ပညာများကို လေ့လာလို့ သေချာ အချိန်ပေး တည်ဆောက်ခဲ့ခြင်း ဖြစ် ပါတယ်။ ၁၉၈၃ ခုနှစ်မှာ Taj Mahal ကို ကမ္ဘာ့ ရှေးဟောင်း အမွေ အနစ် နေရာနဲ့ အဆောက်အအုံအဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ပခုက္ကူမြို့ဆန္ဒပြပွဲတွင် ပွင့်လင်းမှ ခေါင်းဆောင်သုံးဦးနှင့် ဒေသခံနှစ်ဦးကို ရဲမှူးက ခံဝန်လက်မှတ်ထိုးခိုင်းသောကြောင့် ညှိနှိုင်းနေဆဲဖြစ်





ပခုက္ကူ ၊ မတ်၂၆။

ပခုက္ကူမြို့အတွင်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေသခံများနှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ ဆန္ဒဖော်ထုတ်ကြခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြပြီးနောက် ပွင့်လင်းအဖွဲ့မှ သုံးဦးနှင့် ဒေသခံနှစ်ဦးကို ဒေသအာဏာပိုင်ရဲမှူးက တရားစွဲမည်ဖြစ်ကြောင်းနှင့် အာမခံပေးမည်ဖြစ်ကြောင်း ပြောကြားရာ ခံဝန်လက်ထိုးခိုင်းသည့်အတွက် ယခုအချိန်ထိ ညှိနှိုင်းလျက်ရှိကြောင်း ၈၈ပွင့်လင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဥာဏ်လင်းထံမှ သိရသည်။

အဆိုပါ ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများ အနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက ခေါ်ယူ၍ အဆိုပါ ရဲစခန်း နားနေဆောင်တွင် ခေါ်ယူ ညှိနှိုင်းနေခြင်းဖြစ်သည်။
“အခု မွန်းလွဲ ၁း၀၀ နာရီတွင် ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ပခုက္ကူရဲစခန်းမှာ ရောက်နေပါသည်။
စခန်းမှူးက ပုဒ်မ ၁၈ ဖြင့် တရားဆွဲမည်ဟု ပြောပါသည်။ တရားဆွဲပြီးလျှင် အာမခံပေးမည် ဟု ပြောပါသည်။ ပြီးလျှင် ခံဝန်လက်မှတ်ထိုးရမည်ဟု ပြောပါသည်။ ကိုပြုံးချိုအပါအ၀င် ၅ ဦးစလုံးက ခံဝန်မထိုးပါ။ အာမခံမယူပါ။ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟု ပြန်ပြောပါသည်။ (မွန်းလွဲ ၁း၁၅ နာရီ)”ဟုလည်း ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်၏ ဖေ့ဘွတ်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

“ဖမ်းထားတာ မဟုတ်ပါဘူး ခုအချိန်ထိတော့ နားနေဆောင်မှာ ညှိနှိုင်းနေတုန်းပါ”ဟု ကို ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဥာဏ်လင်းက ဆိုသည်။

၎င်းဆန္ဒပြပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်းတို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြခြင်းလည်းဖြစ်သည်။
မြန်မာ့ခေတ်

ဓာတ်ပုံ – သဉ္ဖာခိုင် (၈၈ မျိုးဆက်)

လူ့အခွင့်အရေး ချိုးဖောက်မှုများ တပ်မတော်ကျင့်သုံးနေသည် ဆိုခြင်းမှာ စွပ်စွဲခြင်းသာဖြစ်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူပြော


တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဗျူဟာအဖြစ် အသုံးပြုနေသည်ဟု ဟားဗတ်တက္က သိုလ်၊ ဟားဗတ်ဥပဒေကျောင်း၏ နိုင်ငံတကာ လူ့အခွင့်အရေး လက်တွေ့ဖော်ဆောင်ရာ ဌာနကပြုစုခဲ့ သည့်စာတမ်းတွင် ပြောဆိုချက်များမှာ မဟုတ်မမှန်စွပ်စွဲချက်များသာ ဖြစ်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိ သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က မတ် ၂၅ တွင် ပြောသည်။

မတ်လ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည့် လေးနှစ်ကြာပြုစုခဲ့သည့် အဆိုပါ စာတမ်းမှာ “အရပ်သား-လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများအပေါ် မူဝါဒရေးရာ အကြံ ပြုချက်များ” ခေါင်းစဉ်ဖြင့် ဖြစ်ကာ မြန်မာ့တပ်မတော်က ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာ တွင် ပြည်သူများအား စစ်ဗျူဟာတွင်း ချမှတ်အသုံးချ ကာ ပစ်ခတ်မှု တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ဟု ဖော်ပြထားသည်။

ဦးရဲထွဋ်က “ဒီစာတမ်းတစ်ခုလုံးကို သေချာမဖတ်ရသေးပေမယ့်၊ အထဲမှာပါတဲ့ မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်ကျင့်သုံးနေတယ် ဆိုတာကတော့ မဟုတ်ဘူး၊ ဒီလိုပြောတာ လက်မခံနိုင်ဘူး၊ ကျွန်တော်တို့ တပ်တွင်းမှာက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးရှိလာရင် သိလာ ခဲ့ရင် ချိုးဖောက်ရင် ထိထိရောက်ရောက် အရေးယူတာမျိုးရှိတယ်” ဟု ပြောသည်။

စာတမ်းတွင် မြန်မာတပ်မတော်အနေဖြင့် အစိုးရထိန်းချုပ်မှုမရှိသည့် (အမဲရောင်) နယ်မြေမျိုးတွင် မြင် သည်နှင့် မည်သူပင်ဖြစ်စေ ပစ်ခတ်၍ရသည်ဟု စစ်မှုထမ်းဟောင်းများအား အင်တာဗျူးထားသည်ဟု ဖော် ပြထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် စစ်တပ်တွင် လေ့ကျင့်သင်ကြားမှုများအရ လက်နက်ကိုင်ဆောင်မှု မရှိသည့် အရပ်သားများအား မည်သည့်နေရာတွင်မဆို ပစ်ခတ်မှု ခွင့်မပြုထားသော်လည်း မိမိအား ရန်မူလာသည့် အနေအထား၊ တိုက်ပွဲအခြေအနေအရ ရှောင်တိမ်းရန်ခက်သည့် နေရာမျိုးတွင် ပစ်ခတ်မှုများဖြစ်ပွားနိုင် သည်ဟု ဦးရဲထွဋ်က ဆိုသည်။ ယင်းအပြင် အစိုးရထိန်းချုပ်မှု အောက်တွင်မရှိသည့် (အမဲရောင်) နယ်မြေ တွင် အရပ်သားများအား ပစ်ခတ်မှု ခွင့်မပြုထားဟုလည်း ၎င်းကပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲဗျူဟာ မြေပုံအခြေအနေများအရ နယ်မြေအရောင် ခွဲခြားသတ်မှတ်မှု များရှိသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တပ်တွင်းမှချိုးဖောက်လာပါက သေဒဏ်ထိချမှတ်ခဲ့ ပြီး ယခုအခါ တစ်ကျွန်းကျခံရသည့် ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်သည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

“အခုက ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန်ပါ၊ ကျွန်တော်တို့ အလုပ်နဲ့ပဲ သက်သေပြချင်ပါတယ်၊ အခုချိန် က တပ်မတော်အတွက် လုံးဝကို အမှားမခံရမယ့် အနေအထားပါ၊ လာရောက်ပြီး တိကျတဲ့ တိုင်ကြားစာ တွေနဲ့တိုင်ပါ၊ တပ်က အရေးယူတဲ့စနစ်ရှိပါတယ်၊ တပ်ကိုယ်တိုင်က ချိုးဖောက်ခွင့်ပေးထားတာ မဟုတ် ပါဘူး” ဟုလည်း ၎င်းကပြောသည်။

တပ်မတော်အနေဖြင့် နိုင်ငံတကာ အဆက်အသွယ်များဖြင့် စစ်ပညာရပ်ဆိုင်ရာ သင်တန်းပို့ချမှုများ ပြုလုပ် သွားရန် အစီအစဉ်ရှိပြီး စာတမ်းတွင် အကြံပြုပြော ဆိုထားသကဲ့သို့ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် သင်တန်းသီးသန့်ပို့ချရန် အစီအစဉ်မရှိဟုလည်း ဦးရဲထွဋ်ကဆိုသည်။

Mizzima - News in Burmese

အဲယားကွန်းအပူလွန်ကဲရာမှ ပလပ်စတစ်များအရည်ပျော်ကာ မီးခိုးငွေ့များ မွှန်၍ အမျိုးသားတစ်ဦး သေဆုံး


ရန်ကုန်၊ မတ် ၂၆

၂၆.၃.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပဆေးရုံကြီးသို့ အမျိုးသားတစ်ဦး
သေဆုံးရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ရဲမြင့်အောင်၊ (၂၉)နှစ်၊ (ဘ)ဦးဇော်လင်း၊ မြောက်ဥက္ကလာပ မြို့နယ်နေသူဖြစ်ပြီး လက်နှင့် ခြေထောက်တို့တွင် အပူလောင်ထားသည့် အရည်ကြည်ဖုဒဏ်ရာများ ရရှိထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် မိဘများနှင့်အတူနေထိုင်ပြီး နေအိမ်
အောက်ထပ်၌တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း၊အဆိုပါနေ့ ၀၄၂၀အချိန်
ခန့်က အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် အခန်းအတွင်း၌တပ်ဆင်ထားသော ၀င်းဒိုးတိုက်ပ် အဲယားကွန်းမှအပူရှိန်လွန်ကဲပြီး ပလပ်စတစ်များ အရည်
ပျော်ကာ၎င်းပေါ်သို့စီးကျသဖြင့် အပူလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း
နှင့် အိပ်ခန်းအတွင်းမီးခိုးငွေ့များရှူ ရှိုက်မိကာမွန်းကြပ်နေသဖြင့်
မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်
ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၅/၂၀၁၄)ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

ယူကရိန်းကို ရုရှား ထပ်မံကျူးကျော်မှာ အမေရိကန်စိုးရိမ်


ရုရှားနိုင်ငံက Crimea ဒေသကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်းကို ထပ်မံ ကျူးကျော် လာနိုင်ခြေရှိနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောကြားလိုက်ပါတယ်။

The Hague မြို့မှာ အင်္ဂါနေ့က Dutch ၀န်ကြီးချုပ် Mark Rutte နဲ့အတူ တွဲပြီးတော့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအတွင်း ဆက်လက် ကျူးကျော်လာမှာကို အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်ပူတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လာမယ်ဆိုရင် ရုရှားဘက်က ဆိုးရွားတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ မဟာမိတ်တွေက လိုအပ်ရင် ရုရှားနိုင်ငံအပေါ် တိုးချဲ့ပြီး အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်ဆင်ထားပါတယ်လို့ ပြောပါတယ်။ Crimea ကို ရုရှားစစ်တပ်က ထိန်းချုပ်ထားလိုက်ပြီဆိုပေမဲ့ ဒီကျွန်းဆွယ်ဒေသကို ကျူးကျော် သိမ်းပိုက်မှုဟာ လက်ခံနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကို နိုင်ငံတကာကလည်း အသိအမှတ် မပြုဘူးလို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ သူတို့ဟာ ရုရှားနဲ့ရော ဥရောပနဲ့ပါ ဆက်ဆံရေး လုပ်ကိုင်ဖို့ ဆန္ဒရှိရင် လုပ်ခွင့်ရှိတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံကပြောသလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ ရုရှားဘာသာစကား ပြောဆိုသူတွေမှာ ခြိမ်းခြောက်ခံနေရပါတယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း၊ တကယ်တမ်း တွေ့ရတာကတော့ ရုရှားက မြှောက်ပေးထားသူတွေကသာ ခုတုံးလုပ်ပြီး ယူကရိန်းကို ဒုက္ခရောက်အောင် လုပ်တာဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အင်္ဂါနေ့ စောစောပိုင်းတုန်းကတော့ ယူကရိန်းနိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ၈ နိုင်ငံပါဝင်တဲ့ G-8 အဖွဲ့တွင်းကနေ ရုရှားနိုင်ငံကို ထုတ်ပစ်လိုက်တဲ့ ကိစ္စကို ရုရှားအစိုးရက ပယ်ချခဲ့ပါတယ်။

VOA Burmese News

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမှာပဲ



တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။
အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။
အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။
မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
“သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ” ဆိုတာဖြစ်တယ်။

ကြက်မ,ဝပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွှတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ?

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။ မြက်ခင်းပြင်မှာ သူဘယ်လို့ ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ?

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းသွားလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင် မတူဘူး။

နိုင်းနိုင်းစနေ

ရိုဟင်ဂျာတွေ တိုင်းရင်းသားအဖြစ် လက်ခံဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း

ရခိုင်ပြည်နယ် ဒုချီယားတန်းရွာ မီးလောင်မှုဖြစ်စဉ် (ဓာတ်ပုံ - ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)

ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူနည်းစုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့ကိစ္စ လုပ်ဆောင်ဖို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ကြပါတယ်။ အောက်လွှတ်တော် ဆုံးဖြတ်ချက်တခုကို ထပ်ပြီး ဖြည့်စွက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ အဲဒီလို တောင်းဆိုထားတာပါ။

အင်္ဂါနေ့ကလုပ်ခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ ပြောခဲ့ကြတာနဲ့ ဖြည့်စွက် ဆုံးဖြတ်ချက်အကြောင်း ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံရေးမှာ အဓိကကျတဲ့ နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင် ထောက်ခံထားပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၄၁၈ ကို ဖြည့်စွက်တဲ့ ဆုံးဖြတ်ချက်ကို မတ်လ ၂၅ ရက် အင်္ဂါနေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်း အတည်ပြုခဲ့ကြတာပါ။

အတည်ပြုချမှတ်လိုက်တဲ့ ဖြည့်စွက်ချက်နဲ့ ပတ်သက်ပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ကယ်လီဖိုးနီးယားပြည်နယ် Republican အောက်လွှတ်တော်အမတ် Ed Royce က ကြားနာပွဲအတွင်း အခုလို ပြောခဲ့ပါတယ်။

“၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ရိုဟင်ဂျာမူဆလင်တွေရဲ့ တရားဝင်ဖြစ်မှု အနေအထားကို ရှင်းလင်းခြင်းအားဖြင့် အခုဖြည့်စွက်ချက်က မူလဆုံးဖြတ်ချက်ကို အားကောင်းစေပါတယ်။ ဒီနှစ်အစောပိုင်းက ရိုဟင်ဂျာ ၄၈ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်ခဲ့တာနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ထည့်သွင်းပြီးတော့ ဆုံးဖြတ်ချက်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီစေပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူနည်းစုအဖြစ် သတ်မှတ်ပြီး  နိုင်ငံသားအဆင့် ပေးပြီးတော့ ချက်ခြင်း အသိအမှတ်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုထားတဲ့ စာပိုဒ်ကို ထပ်ပြီး ဖြည့်စွက် ထည့်သွင်းထားပါတယ်။”

အမေရိကန် လွှတ်တော်အမတ်တွေက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲကြပေမဲ့လည်း မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် ဒေသခံတွေ အပါအ၀င် မြန်မာလူထုထဲမှာ ဒီလိုခေါ်ဝေါ်တာကို သဘောမတူကြသူတွေရှိပြီး အစိုးရကိုယ်တိုင်က ဘင်္ဂါလီလို့ပဲ ခေါ်ဝေါ်သုံးစွဲပါတယ်။

မစ္စတာ Royce ပြောသွားတဲ့ထဲက ရိုဟင်ဂျာ ၄၈ ဦး အသတ်ခံရတဲ့ဖြစ်ရပ်ဆိုတာ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ကို ရည်ညွှန်းပုံရပါတယ်။ အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်ကတော့ အဲဒီလို အသတ်ခံရတဲ့ဖြစ်ရပ်မျိုး မရှိခဲ့ဘူးလို့ ငြင်းထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံက မူဆလင် လူနည်းစုတွေအပေါ် ဆိုးရွားတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အခိုင်အမာ ယုံကြည်တဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ရှိနေတယ်ဆိုတာကို ဖြည့်စွက် ဆုံးဖြတ်ချက်ကို ထောက်ခံပြောဆိုခဲ့တဲ့ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Eliot Engel ပြောတာ နားထောင်ကြည့်ရင် သိနိုင်ပါတယ်။

“မြန်မာအစိုးရဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်အုပ်ချုပ်မှုကနေ အရပ်ဘက် အစိုးရတရပ်ဆီ အသွင်ကူးပြောင်း နေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ အရေးကြီးပါတယ်။ သတ်ဖြတ်မှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ အိုးအိမ်တွေကို ဖျက်ဆီးမှုတွေကြောင့် လူပေါင်း ၁၄၀,၀၀၀ ဟာ နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို ထောင်ပေါင်းများစွာဟာလည်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားတို့ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရပါတယ်။ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ပြန်ပြီး ပေါင်းစည်းဖို့ မြန်မာနိုင်ငံဟာ တကယ်ပဲ ကြိုးစားနေတယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ကျနော် ဒီဆုံးဖြတ်ချက်ကို ထောက်ခံသလို ကျနော့်လုပ်ဖော်ကိုင်ဘက်တွေ ထောက်ခံကြပါလို့လည်း အားပေး တိုက်တွန်းပါတယ်။”

အောက်လွှတ်တော် ဆုံးဖြတ်ချက်အမှတ် ၄၁၈ မှာ မူဆလင် လူနည်းစုတွေကို ဖိနှိပ်နေတာတွေ အဆုံးသတ်ဖို့နဲ့ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အားလုံးအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးရာ ကော်မတီဝင်တဦးဖြစ်သူ ဖလော်ရီဒါပြည်နယ် Republican အောက်လွှတ်တော် အမတ် မစ္စ Ileana Ros-Lehtinen က ပြောပါတယ်။

“လက်ရှိအစိုးရလက်အောက်မှာ မူဆလင် လူနည်းစုတွေဟာ ဆက်ပြီး ဘေးဒုက္ခကြုံနေကြရပါတယ်။ ဖိနှိပ်အရေးယူမှုနဲ့ ခွဲခြားဆက်ဆံမှုကို ဆက်ပြီး ပြုလုပ်နေသလို ဒီလူနည်းစုတွေကို ရက်ရက်စက်စက် တိုက်ခိုက်တာတွေ ရပ်ဆိုင်းရပါမယ်။ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးတွေကို ဒီဆုံးဖြတ်ချက်ကနေ အကာအကွယ် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရကို တောင်းဆိုထားတာတွေသာမက အမေရိကန် အစိုးရကိုပါ တောင်းဆိုထားတာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာပြီးတဲ့နောက် အမေရိကန်အစိုးရက မူဝါဒ ပြောင်းလဲပြီး ထိတွေ့ဆက်ဆံနေတာကို လွှတ်တော်အမတ်တွေက အဓိက ဦးတည် ပြောဆိုကြပါတယ်။

“ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံပုံတွေကို တိုးတက်အောင် မလုပ်ဘဲနဲ့တော့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေကို ပြည့်မီပါတယ်လို့ မြန်မာအစိုးရအနေနဲ့ မပြောနိုင်ပါဘူး။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး ကိစ္စကို ဦးစားပေးအဖြစ် သတ်မှတ်ရပါမယ်။”

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Republican လွှတ်တော်အမတ် Ed Royce ပါ။

အခု ထပ်ပြီး ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထက် ပိုပြင်းထန်တဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ ဒီအပေါ် မြန်မာအစိုးရဘက်က တုံ့ပြန်ချက်ကို ချက်ခြင်းမသိရသေးသလို သူတို့ ဆုံးဖြတ်ချက်ပါ တောင်းဆိုချက်တွေအတိုင်း မြန်မာအစိုးရက လုပ်ဆောင်လာအောင် အမေရိကန် လွှတ်တော်အမတ်တွေ ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်ကြမလဲဆိုတာကလည်း မသိနိုင်သေးပါဘူး။

VOA Burmese News

ရိုဟင်ဂျာအရေး ကန်အောက်လွှတ်တော် တောင်းဆိုမှု မြန်မာအစိုးရ တုံ့ပြန်

ရိုဟင်ဂျာကိစ္စ US တောင်းဆိုမှု မြန်မာတုံ့ပြန်

အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့်
ပေးဖို့ မြန်မာအစိုးရအပေါ် တောင်းဆိုတာဟာ မြန်မာပြည်ရဲ့ နောက်ခံ နိုင်ငံရေးသမိုင်းကို တိတိကျကျ လေ့လာမှုမရှိဘဲ ပြောဆိုတာသာ ဖြစ်တယ်လို့ မြန်မာ အစိုးရရဲ့ ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။

ဒီအရေးကိစ္စဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တာကြောင့် ပြင်ပက ဖိအားပေး ဆောင်ရွက်တာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီ လို့ ခေါ်ဆိုသုံးစွဲနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အစ္စလာမ် ဘာသာဝင်တွေကို တိုင်းရင်းသားအဖြစ် ချက်ချင်း အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့အတွက် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေးကော်မတီ ကြားနားပွဲမှာ အင်္ဂါနေ့က ဆွေးနွေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုအပေါ်မှာတော့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“အဲ့ဒီမှာ ပြဿနာက တိုင်းရင်းသား လူနည်းစုဆိုတဲ့ ကိစ္စနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စနှစ်ခုကို လာပေါင်းလို့ မရဘူး။ ၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီ မှန်သမျှ နိုင်ငံသားဖြစ်ခွင့်အတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ကျနော်တို့က အမြဲတမ်း ပြောခဲ့ပြီးသားပဲ။ တိုင်းရင်းသားဖြစ်ခွင့်ဆိုတာက ဗြိတိသျှလက်ထက်မှာ သန်းခေါင်စာရင်း ကောက်ကတည်းကိုက သူတို့ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီစကားလုံးဆိုတာလည်း ဒါ ၁၉၅၀ လောက်ကမှ စပြီး ပေါ်လာတဲ့ စကားလုံးကြီး။ အဲ့ဒီနှစ်ခုကို ခွဲခွဲခြားခြား နားမလည်ဘဲနဲ့ ပေါင်းပြီးတော့ ထည့်တာတော့ သူတို့ဟာသူတို့ ဒီ ပြည်တွင်းနိုင်ငံရေးအရ lobby group တွေရဲ့ အလိုကျ လိုက်လုပ်တာလို့ပဲ ပြောရမှာပဲ။ ကျနော်တို့ကတော့ ဘာမှ အလေးထားပြီး လိုက်လုပ်ပေးစရာ မလိုပါဘူး။ အမေရိကန်က လွှတ်တော်အမတ်တွေက သူများနိုင်ငံရဲ့အကြောင်းကို ပြောမယ်ဆိုရင် အဲ့ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေရဲ့ နောက်ကြောင်းတို့၊ အကြောင်းရင်းခံတို့ကို တိတိကျကျ လေ့လာပြီးမှ ပြောသင့်တာပေါ့ဗျာ။”

အမေရိကန် အောက်လွှတ်တော်အမတ်တွေက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံတာတွေ တိုးတက်အောင်မလုပ်ရင်
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဟာ ပြည့်မီမှာမဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ နိုင်ငံတကာက လိုအပ်တဲ့ နည်းလမ်းတွေသုံးပြီး ဖိအားပေး ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“နိုင်ငံတကာက ဖိအားပေးလို့လည်း မရပါဘူး။ ဒါ ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စပဲ။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ကိစ္စပဲ။ အမေရိကန်နိုင်ငံမှာ လုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို ကျနော်တို့က ဖိအားပေးလို့ မရသလို၊ ကျနော်တို့နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဘယ်သူကမှ လာပြီးတော့ ဖိအားပေးလို့ မရပါဘူး။ ကျနော်တို့မှာ လူ့အခွင့်အရေးနဲ့ မညီလို့ အကြံပြုချင်တယ်ဆိုရင်တော့
ပြုလို့ရမယ်။ ဒါလောက်ပဲ။”

ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေးဟာ အရေးကြီးကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၈ မျိုးရှိတယ်။ အဲ့ဒီရဲ့အောက်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာဆိုတာလည်း မရှိဘူး။ ရိုဟင်ဂျာဆိုတာ ပါလည်းမပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားအရ အနောက်ဘက်မှာ ဧရိယာမိုင်အားဖြင့် မကွေးတိုင်းသာသာလောက်ပဲရှိတယ်။ လူဦးရေက သန်း ၁၆၀ ကျော်နေပြီ။ population က အရမ်းကို ကြီးထွားနေတယ်။ ပြီးတော့ အဲ့ဒီအထက်မှာ အိန္ဒိယရှိတယ်။ သန်း ၁၃,၀၀ ကျော်နေပြီ။ အရှေ့ဘက်မှာ တရုတ်နိုင်ငံရှိတယ်။ တရုတ်နိုင်ငံက သန်း ၁၆,၀၀ ကျော်ရှိတယ်။ အဲဒီလိုမျိုး လူဦးရေများပြားလွန်းတဲ့ နိုင်ငံကြီးတွေကြား ထဲမှာနေတဲ့ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေအရေးဟာ သိပ်ကို အရေးကြီးတယ်။ တနိုင်ငံနဲ့တနိုင်ငံ ပထ၀ီ နိုင်ငံရေးမတူဘဲနဲ့ သူတို့က ဒါမျိုး သေချာ မလေ့လာဘဲနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။
နောက်တခုက ဒါဟာ တနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တနိုင်ငံက ၀င်ရောက် စွက်ဖက်တာဖြစ်နေတယ်။”

ဘူးသီးတောင်၊ မောင်တော မူဆလင်ဒေသခံတွေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ သူတို့တွေဟာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၇ ဥပဒေရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ခေါ်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးတွေနဲ့အတူတူ ကျနော်တို့ ရိုဟင်ဂျာဒေသကို ကိုယ်စားပြုတဲ့ ကျနော့်အဖေရယ်၊ နောက် မောင်တောက တယောက်ရယ်၊ တိုင်းရင်းသားလူမျိုးကိုယ်စားပြုတဲ့အထဲမှာ နှစ်ဦးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ။ ဦးနေ၀င်း အာဏာတက်လာပြီး တတိုင်းပြည်လုံးမှာ လူတွေအားလုံး အခွင့်အရေး ဆုံးရှုံးတဲ့နေရာမှာ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကလည်း ထိပ်ဆုံးကနေ လူ့အခွင့်အရေး ဆုံးရှုံးခံရတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၈၊ 88 နောက်ပိုင်းကျတော့ ၂၀၁၀ ပြည့်က အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး အခု ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာမရှိဘူးဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်တွေက ပြောနေတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့က လက်မခံဘူး။”

ဦးကျော်စိုးအောင်က သူတို့ဒေသက လူထုတွေဟာ လက်ထပ်ထိမ်းမြားခွင့်၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောဆိုပေမဲ့  မြန်မာအစိုးရဘက်ကတော့ လူမျိုး၊ ဘာသာ ခွဲခြားပြီး ဆက်ဆံတာ မရှိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မကြာမီ စတင်တော့မယ့် သန်းခေါင်စာရင်း
ကောက်ယူရာမှာ ရိုဟင်ဂျာလူမျိုးအမည် မထည့်သွင်းဖို့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ စုက တောင်းဆိုထားပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တော နယ်တွေမှာ ပြည်သူ့ဆန္ဒ ကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြု ရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ လူ ၂၀၀၀ လောက် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

VOA Burmese News

နည်းစည်းမခြားဆရာဝန်များအဖွဲ့ ပြန်လည်လုပ်ကိုင်ခွင့်ရှိရန်အစိုးရအား တောင်းဆို


ရခိုင်ဒေသခံများကန့်ကွက်မှုဖြင့် ပိတ်ထားရသော ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ယင်းတို့ပိတ်ထားရသော ဆေးခန်းများအား ပြန်လည်ဖွင့်လစ်ခွင့်ပေးရန် အစိုးရနှင့်ညှိနှိုင်းလျက်ရှိသော်လည်း ပြေလည်မှုမရှိသေးကြောင်း မတ်လ ၂၆ ရက်က သိရသည်။

မကြာမီကာလတွင် မိုးရာသီရောက်လာတော့မည်ဖြစ်ပြီး လက်ရှိရခိုင်ပြည်နယ်တွင် ရှိနေသော ကျန်းမာရေး စောင့်ရှောက်မှုများသည် လျော့ကျလျက်ရှိသည့်အတွက် နောင်ဖြစ်ပွားလာမည့် ကူးစက်ရောဂါများအတွက် စိုးရိမ်မိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ဥက္ကဋ္ဌ Dr.Joanne Liu ကပြောသည်။

“ကျွန်မတို့လုပ်ငန်းတွေချက်ခြင်း ရပ်ဆိုင်းလိုက်ရတဲ့အတွက် ဆရာဝန်ဆရာမများကိုလည်း ဟိုဘက်ကိုပြန်ပို့ လိုက်ပါပြီ ဒါပေမယ့် ကျန်းမာရေးစောင့်လျှောက်မှုမှာ အခုလိုချက်ခြင်းရပ်ဆိုင်းလိုက်တဲ့အတွက် ဒီဒေသမှာ ကျန်းမာရေး ဝန်ကြီးဌာအနေနဲ့ အစားမထိုးသေးဘဲဆိုရင် ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေသေးတယ်”ဟု Dr.Joanne Liu ကဆိုသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် ယခင်အစိုးရလက်ထက်ထဲက ရခိုင်ပြည်နယ်တွင် စတင်လုပ်ဆောင်နေခဲ့ ခြင်းဖြစ်ပြီး ဒေသခံများကန်ကွက်မှုဖြင့် ယင်းတို့အား လုပ်ငန်းများအားရပ်ဆိုင်းလိုက်ခြင်းအား နားမလည်နိုင်ကြောင်းကိုလဲသိရသည်။

“ဒါနဲ့ပတ်သက်ပြီးတော့လဲ ဒီလိုလုပ်ကိုင်ခွင့်ရပ်ဆိုင်းလိုက်တယ် ဆိုတာကို ကျွန်မအနေနဲ့ နားမည်နိုင်ပါဘူး ရခိုင်ပြည်နယ်က ကျန်းမာရေး အခြေအနေဟာ ကျွန်မတို့အဖွဲ့ရှိနေတုန်းကတောင် ဒေသခံတွေရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတောင် ပြည့်ဝစွာ ပေးနိုင်ခြင်း မရှိပါဘူး အခု ကျွန်မတို့ မရှိတော့ဘူးဆိုရင် ရခိုင်ပြည်နယ်ကျန်းမာ ရေးအတွက် စိုးရိမ်မိပါတယ်”ဟု Dr.Joanne Liu က ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံအစိုးရနှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ မတ်လ ၁၆ ရက်နေ့အထိ ဆွေးနွေးနေလျက်ရှိသော်လည်း ပြေလည်မှုမရရှိသေးဘဲ နိုင်ငံတော်အစိုးရ၊ ဒေသခံတို့ နှင့် ယင်းတို့၏ ကြားပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်လိုကြောင်းကိုလည်း သိရသည်။

“လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားခြင်းစာနာ ထောက်ထားမှုတွေကို လိုအပ်တဲ့ နေရာတွေကို လွှမ်းခြုံနိုင်ခြင်းမရှိသေးဘူး”ဟု Dr.Joanne Liu ဆိုသည်။

၁၉၉၂ ခုနှစ်မှ စတင်ကာ နယ်စည်းမခြားဆရာဝန်များအဖွဲ့အနေဖြင့် မြန်မာနိုင်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ရှိသော HIV/AIDS ဝေဒနာခံစားနေရသည့် လူနာပေါင်း  ၃သောင်းကျော်အား နေ့စဉ်ဆေးပေးနေရကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်




ပြည်၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ယာဉ်စည်းကမ်းကို အကြောင်းပြု၍ တရားဥပဒေမဲ့ CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရ အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ယာဉ်စည်းကမ်း မလိုက်နာသူများကို မြို့နယ်တရားရုံးတွင် ဒဏ်ကြေးငွေ ၁၅၀၀ ကျပ်အပြင် CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် ထပ်မံပေးဆောင် စေသည် မှာ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်နှစ်ခု ပေးနေခြင်းဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ ဦးဝင်းလှိုင်က ပြောကြားသည်။

“CB ဘဏ်ကို သွင်းနေရတဲ့ စီမံကြေးဆိုတဲ့ ၅၀၀၀ ကို ပပျောက်စေချင်တယ်။ နှစ်ကြိမ်သုံးကြိမ် ကျူးလွန်ခဲ့ရင် တရားရုံးမှာ ဒီထက်ပြင်းတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ထောင်ဒဏ်ဖြစ်ဖြစ် ချပေးစေချင်တယ်။ ဒီလိုပြစ်မှုတစ်ခုကို ပြစ်ဒဏ်နှစ်ခု ပေးနေတဲ့သူတွေ ရှိနေတာကို လွှတ်တော်နဲ့အစိုးရ သိစေချင်တယ်။ အရေးယူပေးဖို့ပဲ တောင်းဆိုချင်တယ်” ဟု ၎င်းကဆိုသည်။

ယာဉ်စည်းကမ်း မလိုက်နာသူများ ပေးဆောင်နေသည့် စီမံချက် ဒဏ်ကြေးမှာ ဒေသအာဏာပိုင်များ လိုအပ်၍ ပြဋ္ဌာန်းခြင်းသာ ဖြစ်ပြီး တရားဥပဒေအရ ပေးဆောင်နေရသည့် ဒဏ်ကြေးမှာ နည်းပါးနေကာ ယခုအချိန်အထိ ဆိုင်ကယ်ဦးထုပ် မဆောင်သူများမှာ လူ ၁၀၀ တွင် ၉၉ ဦး ရှိနေဆဲ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး အမှတ် ၁၀ ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးဝင်းနိုင်က ပြောကြားသည်။

“ဆိုင်ကယ်စီးဦးထုပ် ဆောင်းဖို့က ဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတာ။ စီမံဒဏ်ကြေးက အစိုးရအဖွဲ့ သုံးတာလည်း မဟုတ်ဘူး။ မြို့မှာတပ်ထားတဲ့ မီးပွိုင့်တွေ၊ လမ်းညွှန် ဆိုင်းဘုတ်တွေက ဒီငွေပိုက်ဆံတွေနဲ့ လုပ်နေရတာပဲ။ ယာဉ်ထိန်းရဲ ရတာလည်း မဟုတ်ဘူး။ ပြတာတော့ သူ့အခွင့်အရေးပဲ။ ကိုယ်ကျိုး စီးပွားအတွက်သုံးတာ တစ်ခုမှမရှိဘူး” ဟု ၎င်းကဆိုသည်။

ပြည်မြို့တွင် ရုံးပိတ်ရက်များမှ လွဲ၍ မြို့လယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး အနီးတစ်ဝိုက်တွင် ယာဉ်စည်းကမ်း မလိုက်နာသူများကို ဖမ်းဆီး အရေးယူလျက် ရှိနေပြီး တစ်ရက်လျှင် အနည်းဆုံး စည်းကမ်း မလိုက်နာသူ ၄၀ ဝန်းကျင်ခန့်ကို ဖမ်းဆီး အရေးယူနေရကြောင်း ယာဉ်ထိန်းရဲများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

တရုတ်ကုမ္ပဏီများ၏ အချက်အလက်များ ကြားဖြတ်ခိုးယူသည့်ကိစ္စ အမေရိကန်ကို ဖြေရှင်းချက်တောင်း




အေအက်ဖ်ပီ

သဟိဂ်၊ မတ် ၂၅

တရုတ် ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေ၏ ဆက်သွယ်ရေး သတင်းအချက်အလက်များကို အမေရိကန် အစိုးရက နှစ်နှင့်ချီပြီး တိတ်တဆိတ် ကြားဖြတ်ခိုးယူခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖင်က အမေရိကန် သမ္မတအိုဘားမားအား မေးခွန်းထုတ်ခဲ့သည်ဟု မတ်လ ၂၅ ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်တာနက် လုံခြုံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြရာတွင် လတ်တလော ထွက်ပေါ်ခဲ့သည့် သတင်းများ နှင့်ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖင်က တင်ပြခဲ့ကြောင်း အိုဘားမား၏ လက်ထောက်အမျိုးသား လုံခြုံ ရေး အကြံပေးအရာရှိဘင်ရို့ဒ်စ်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ကုန်သွယ်ရေး အမြတ်အစွန်းရရှိရန်အတွက် သူလျှိုလုပ်ငန်းကို အသုံးချလေ့ မရှိကြောင်း တရုတ်သမ္မတကို အိုဘားမားက ရှင်းလင်းပြောကြားခဲ့သည်ဟု ရို့ဒ်စ်က သဟိဂ်မြို့တွင် ကျင်းပနေသည့် နျူကလီးယားလုံခြုံမှု ထိပ်သီးအစည်းအဝေး ပြင်ပ အလွတ်သဘော တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက ဟွာဝေ၏ အီးမေးလ်မှတ်တမ်းများ၊ ကုမ္ပဏီ အဆင့်မြင့်အရာ ရှိများအကြား ဆက်သွယ်ပြောကြားသည့် စကားများကိုကို ကြည့်ရှုနိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

၎င်းတို့အနေဖြင့် အချို့သော ဟွာဝေ ထုတ်ကုန်ပစ္စည်းများ၏ လျှို့ဝှက်ကုတ်နံပါတ်များကိုပင် ထောက်လှမ်း ကြည့်ရှုနိုင်ခဲ့သည်။ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီဝန်ထမ်းဟောင်း ပြည်ပြေး အက်ဒွက်စနိုးဒန် ဖော်ထုတ်ခဲ့သည့် အထောက်အထားများပေါ် အခြေခံသည့် ထိုသတင်း နှင့်ပတ်သက်ပြီး တရုတ်အစိုးရက စိုးရိမ်မှု ဖြစ်ခဲ့ရသည်။

Mizzima Burmese

မြန်မာ့တီလားဗီးယားငါးကို အမေရိကန်က ၀ယ်ယူရန် ကမ်းလှမ်း


မြန်မာ့တီလားဗီးယားငါးတွေကို အမေရိကန်က ၀ယ်ယူဖို့ ကမ်းလှမ်းလာတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောပါတယ်။

မတ် ၂၅ ရက်နေ့က အင်းစိန် ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမှာ လုပ်တဲ့ အပတ်စဉ် အင်္ဂါနေ့ အစည်းအဝေးမှာ သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အမေရိ ကန်နိုင်ငံ ဘော်စ တွန်ပင် လယ် စာ ပြပွဲမှာ မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ၀င်ရောက် ပြသခဲ့ပြီး အဲဒီပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေက ၀ယ်ဖို့ ကမ်းလှမ်းခဲ့တာလို့ သူက ရှင်းပြပါတယ်။

အမေရိကန်လုပ်ငန်းရှင်တွေဘက်က သူတို့ ၀ယ်ယူနိုင်တဲ့ ဈေးနှုန်း ကမ်းလှမ်းမှုတွေလည်း ပေးပို့လာပြီ ဖြစ်ပြီး ဘယ်လောက် ပမာဏ တင်ပို့နိုင်မလဲ ဆိုတာကို ညှိနှိုင်းဖို့ပဲ ကျန်တော့တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်လုပ်ငန်းရှင်တွေဘက်က တီလားဗီးယားငါးကို အကောင်လိုက်ပုံစံနဲ့ရော၊ အသားလွှာပုံစံနဲ့ပါ ၀ယ်ယူလိုတယ်လို့ ဦးဟန်ထွန်းက ပြောပါတယ်။

DVB Burmese

ယူနိုက်တက် အမရာဘဏ် ၁ နှစ်အတွင်း ဘဏ်ခွဲ ၁၇ ခု တိုးချဲ့မည်

united amara bank

လက်ရှိ ဘဏ်ခွဲ ၂၆ ခုနဲ့ လုပ်ငန်း လည်ပတ်နေတဲ့ ယူနိုက်တက် အမရာဘဏ်ဟာ အခုနှစ် အတွင်း ဘဏ်ခွဲ ၁၇ ခု ထပ်ဖွင့်သွားမယ်လို့ ဘဏ်ဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောပါတယ်။

မတ် ၂၄ ရက်နေ့က လုပ်တဲ့ ဘဏ်ခွဲ တိုးချဲ့ ဖွင့်လှစ်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ် ပါတယ်။

ဖွင့်လှစ်ခဲ့တာ သက်တမ်း ၃ နှစ်လောက်ပဲ ရှိသေးပေမယ့် ယူနိုက်တက် အမရာဘဏ်မှာ ငွေကြေး အပ်နှံမှု ကျပ်ငွေ ဘီလီယံ ၃၀၀ ကျော်ရှိနေပြီလို့ သူက ဆိုပါတယ်။

ယူနိုက်တက် အမရာဘဏ်ဟာ နိုင်ငံတကာက International Correspondent ဘဏ် ၆၅ ခုနဲ့ ချိတ်ဆက်ထားပြီး အေတီအမ်ငွေထုတ်စက် အလုံး ၄၀ ကျော် တပ်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။

အခုနှစ်အတွင်း တိုးချဲ့မယ့် အစီအစဉ်အရ ဘဏ်ခွဲ စုစုပေါင်း ၄၃ ခု ရှိလာမှာ ဖြစ်ပြီး အေတီအမ်စက်လည်း အလုံး ၇၀ ရောက်အောင် ထပ်ပြီး တိုးချဲ့သွားမယ်လို့ ဦးဇော်လင်းအောင်က ပြောပါတယ်။

DVB Burmese 

အစိုးရ ၃ နှစ်ပြည့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်များ


သမ္မတဦးသိန်းစိန်ဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရသစ် ၃ နှစ်ပြည့် မိန့်ခွန်းတရပ် သွားရောက် ပြောကြားခဲ့ပါတယ်။

အစိုးရသက်တမ်း ၃ နှစ်အတွင်း  နိုင်ငံရေးစီးပွားရေးလူမှုရေး၊ အခြေအနေအရပ်ရပ် တိုးတက်မှု ရှိတာတွေချည်း ကောက်နုတ်ပြောဆိုသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းဟာ အရင် အကြိမ်ကြိမ် ပြောနေကျ မိန့်ခွန်းတွေနဲ့ သိပ်မကွာတာ တွေ့ရပါတယ်။

တိုင်းပြည်ထဲ လယ်မဲ့ယာမဲ့ လယ်သမားတွေရဲ့ သောက၊ ဒုက္ခတွေ၊ နေစရာမရှိ တဲ့ အောက်ခြေ လူတန်းစားတွေရဲ့ ဘ၀တွေ ပြောင်း လဲ ကောင်းမွန်အောင် ဘာတွေ လုပ်ပေးမယ်ဆိုတဲ့ သေချာတဲ့ ကတိက၀တ်တွေလည်း တခုမှ ပါမလာပါဘူး။

သမ္မတရဲ့ မိန့်ခွန်းထဲ နောက်ကြောင်းပြန်လှည့်မလား၊ နိုင်ငံတကာက  စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြပေမယ့် သူတို့အစိုးရအဖွဲ့အနေနဲ့ လမ်းကြောင်းချော်မထွက်ဘဲ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

လမ်းကြောင်းမှန်ပေါ် တကယ်ပဲ လျှောက်လှမ်းနေတာပါလား၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် က လျှောက်နေပေမယ့် ခရီးရောက်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

“လက်ရှိအစိုးရအဖွဲ့ လုပ်တာကတော့ လမ်းသစ်လျှောက်တယ်လို့ မြင်တယ်။ ကျနော်မြင်သလောက် တည့်တည့်လျှောက်ပေမယ့်  အများကြီး ခရီးရောက်တာ မတွေ့ဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရကော၊ လွှတ်တော်ကော အခုမှ ပေါ်ဖူးတာဆိုတော့ ဒီကာလမှတော့ လမ်းသစ်လျှောက်တယ်လို့ပဲ ကျနော်က ယူဆတယ်။ ဒါပေမယ့် ပြောသလောက် အဆင်ပြေ တိုးတက်မှုကိုတော့ ကျနော်တို့ မတွေ့ရဘူး။ ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတာတွေ့တယ်။ စိမ်ခေါ်မှုတွေလည်း အများကြီးရှိတယ်။”

ဒါ့အပြင် သမ္မတရဲ့ မိန့်ခွန်းထဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိနေရဦးမယ်လို့ ပြောခဲ့ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းလျှော့ချဖို့က ပြည်တွင်းငြိမ်းချမ်းရေးတိုးတက် ရရှိလာမှပဲ ဖြစ်မယ်ဆိုတဲ့ သဘော ထည့်သွင်း ပြောကြားသွားပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ ဒီမိုကရေစီနိုင်ငံတော်ကို သွားမယ်ဆိုရင် တပ်မတော်အခန်းကဏ္ဍ ရှိကို မရှိရဘူးလို့ မှတ်ချက်ပေးပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ရမှာ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါရမယ်ဆိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍ ပါနေတဲ့သဘောကို။ ၂၅ က ၁၅ ပဲဖြစ်ဖြစ်၊ ၁၀ ပဲဖြစ်ဖြစ်၊ ၅ ရခိုင်နှုန်းပဲဖြစ်ဖြစ်  တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာက မပါသင့်တဲ့ ကိစ္စပဲ။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ မရှိရမယ့် ကိစ္စပဲ။ အဲဒါရှိနေတာက ဒီမိုကရေစီနိုင်ငံနဲ့ ဒီမိုကရေစီ သွားနေတယ်ဆိုတဲ့အတွက် ဒါက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒီအတွက်ကို ဦးသိန်းစိန်အစိုးရပဲ ဖြစ်ဖြစ်၊ ဘယ်အစိုးရပဲ တက်လာတက်လာ ဒီအခန်းကဏ္ဍ ဖယ်ကိုဖယ်ရမယ်။ ဒါရှိနေရင်တော့ ဒီမိုကရေစီလမ်းကြောင်းကို မရောက်နိုင်ဘူး။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက တပ်ကဏ္ဍ တဖြည်းဖြည်း လျှော့ချဖို့ သဘောတူပါတယ်။

“အင်ဒိုနီးရှားလို အဆင့်လိုက်အဆင့်လိုက် နောက်ဆုတ်သွားတဲ့ဟာမျိုးကို အားလုံး သဘောတူ လက်ခံကြတယ်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ချက်ချင်းပဲ ဒီမိုကရက်တစ် တည်ဆောက်ရေး လုပ်မယ်၊ ဒီမိုကရေစီ စံနှုန်း အမြန်ဆုံး ရချင်တယ်၊ တပ်မတော်ကို ချက်ချင်းထွက်သွား ဆိုရင်တော့ တပ်မတော်က ထွက်မှာ မဟုတ်ဘူး။ ပကတိအနေအထားကို ပကတိမျက်စိနဲ့ ပြောရင် ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ဦးသိန်းစိန်ပြောတာကလည်း ချက်ချင်းဖျက်မရဘူးလို့ ပြောတယ်ထင်ပါတယ်။ ကျနော့်တို့ပါတီက တပ်မတော်ကိုတင်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း တပ်မတော်ကို ရာခိုင်နှုန်းအလိုက် ရွေးကောက်ပွဲတွေက ဖြစ်လာတဲ့ လွှတ်တော်တွေမှာ တဆင့်ချင်းတဆင့်ချင်း  လျှော့ချပေးဖို့ တောင်းဆိုထားတာရှိပါတယ်။ ”

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကလည်း တပ်ကဏ္ဍနဲ့ ပတ်သက်ပြီး မူအရ ပြောရင် ရှိကို မရှိရဘူးဖြစ်ပေမယ့် ပကတိအနေအထားအရတော့ အချိန်ကာလတခု လိုမယ်လို့ သုံးသပ် ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံတခုကို သွားပြီဆိုမှတော့ ရွေးချယ်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရှိနေခြင်းဟာ စံတွေမူတွေနဲ့ မကိုက်ညီဘူးလို့ ရိုးရိုးရှင်းရှင်းပဲ ပြောချင်တယ်။ ဒီလိုပြောတာဟာ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး။ တပ်မတော်ကို မပါစေချင်လို့ မဟုတ်ဘူး။ စံအရ မူအရ ပြောရတာဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်း အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ရမယ်။ ၁၀၀ ရာခိုင်နှုန်းကို ပြည်သူက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်။ အဲဒါကတော့ ဒီမိုကရက်တစ်စံပဲ။ နည်းနည်းလေးမှ လျှော့ပေးလို့ မရပါဘူး။  လက်တွေ့နိုင်ငံရေးအရ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ တိုင်းပြည်ရဲ့အခြေအနေတွေ၊ နောက်တခုက နှစ် ၅၀ လောက် စစ်အုပ်စုအောက်မှာ တိုင်းပြည်က ရောက်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး အခုအချိန်မှာ  တပ်မတော်အနေနဲ့ လွှတ်တော်ထဲက ထွက်သွားပါလို့  တစက်မှ တောင်းဆိုနေတာ မရှိဘူး။ သို့သော်လည်း တပ်မတော်ရဲ့ တာဝန်သည် တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ကို တင်းပြည့်ကျပ်ပြည့် ထမ်းဆောင်ဖို့ အတွက် အချိန်အခါတခုမှာ တပ်မတော်ဟာ လွှတ်တော်ရဲ့ ပြင်ပကို ရောက်သွားရမယ်၊ ဒါကတော့ ကျနော် ရှင်းရှင်းပဲ ပြောချင်တယ်။”

သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ အသွင်ကူးပြောင်းရေးကာလမှာ ဖြည်းဖြည်းမှန်မှန်ပဲ လှမ်းမယ်လို့ သူ့အစိုးရအဖွဲ့ကို ကာကွယ်ပြောသွားပါသေးတယ်။ သူ့ရဲ့ မိန့်ခွန်းထဲ အမျိုးစောင့်ကိစ္စ တခွန်းတပါဒမှ ထည်းသွင်း မပြောခဲ့ပါဘူး။

DVB Burmese

၈၈ မျိုးဆက်ခေါင်းဆောင်အချို့ကို ပုဒ်မ ၁၈ ဖြင့် အရေးယူရန် စိစစ်နေဟု ရဲပြော

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဦးပြုံးချိုး ဟောပြောနေစဉ်

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးပြုံးချို၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီးနဲ့ ဒေသခံ ဦးသန်းနိုင်တို့ဟာ ပခုက္ကူမြို့နယ်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲအပြီးမှာ ခေတ္တ ခေါ်ယူစစ်ဆေးခံခဲ့ရပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှု ပုဒ်မ (၁၈) နဲ့  တရားစွဲဆိုခံရ ဖွယ်ရှိနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး လူထုဆန္ဒဖော်ထုတ်ဖို့ မနေ့က ရဲစခန်းမှာ ခွင့်ပြုချက်  တောင်းပေမယ့် မရတာကြောင့် အစီအစဉ်အတိုင်း ဒီမနက် ဆန္ဒထုတ်ဖော်ခဲ့ကြ တာဖြစ်ပြီး လူပေါင်း ၁၀၀၀ ၀န်းကျင် ပါဝင်ခဲ့ကြပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲမှာ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီမီးတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောခဲ့ကြပြီးနောက် ပွဲအပြီးမှာ ခေါ်ယူစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့  စိစစ် လုပ်ဆောင်နေတယ်လို့  ပခုက္ကူမြို့နယ် ရဲစခန်းက ဒု-ရဲအုပ် ဌေးဝင်းက ပြောပါတယ်။

“အခုချိန်ထိတော့ မရသေးဘူး။ ကျနော်တို့ စိစစ်နေတုန်းပါ။ ပြီးရင် အရေးယူဆောင်ရွက်ဖို့ ရှိတယ်။ ပါဝင်ပတ်သက်မှုကို စိစစ်တုန်းပါ။ စွဲရင် အဲဒါနဲ့ပဲ စွဲရမှာပါ။ လမ်းလျှောက်ကြတဲ့အထဲမှာ အပိုင်းလေးတွေနည်းနည်းကျန်လို့ စိစစ်နေတုန်းပါ။”

ရဲတပ်ဖွဲ့အနေနဲ့ ကနဦးက  ဆန္ဒပြခေါင်းဆောင်လေးဦးကို ပုဒ်မ ၁၈ နဲ့တရားစွဲဆိုမယ်လို့ ပြောဆိုတဲ့အတွက် ဆန္ဒပြသူတွေဘက်က တရားစွဲဆိုကြောင်းစာထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါကို နောက်ပိုင်းမှာ ဦးသန်းနိုင်တယောက်ကိုပဲ စွဲမယ်ဆိုပြီး ပြန်လည်ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း စာထုတ်ပေးဖို့ ပြောဆိုရာမှာ နောက်ဆုံး အခုလို စွဲဆိုဖို့ စစ်ဆေးနေဆဲဆိုပြီး စာထုတ်ပေးခဲ့တာလို့  မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်သူ့ဆက်ဆံရေး ဒု-တာဝန်ခံ ကိုဥာဏ်လင်းက ပြောပါတယ်။

မြို့နယ်ရဲက ဆန္ဒပြခွင့်မပြုတဲ့ ပြန်ကြားချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထုတရပ်လုံးက ပါဝင်တဲ့ ဖွဲ့စည်းပုံဖြစ်ပြီး ပြင်ဆင်ဖို့ မလိုအပ်ကြောင်း၊ ဆန္ဒပြဖို့ တောင်းဆိုတဲ့ နေရာဟာ အများသူငါ သွားလာတဲ့ အဓိက လမ်းကြောင်းဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွတ်တော်မှာ ဆောင်ရွက်နေ တဲ့အတွက် မလိုဘဲ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခြင်းဟာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့တုန်းကလည်း မကွေးတိုင်း မကွေးမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲမှာလည်း ဒီလိုအလားတူ တားဆီခံရမှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြ ခေါင်းဆောင် ဦးကျော်သန်းကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဆန္ဒ ဖော်ထုတ်ပွဲကို ဒေသခံ အာဏာပိုင်တွေက ၅ ကြိမ် ငြင်းပယ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဥပဒေကြမ်းကော်မီတီက  ပုဒ်မ ၁၈ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး တော့  ဆန္ဒပြသမားတွေ ဆန္ဒပြဖို့အတွက် တိုင်းအဆင့်၊ ပြည်နယ်အဆင့်ထိ တင်ပြစရာမ လို တော့ဘဲ မြို့နယ်အဆင့်ကိုသာ တင်ရတော့မယ်လို့  လွှတ်တော်မျာ တင်သွင်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese

အမေရိကန်၏ ရန်စနေသောလုပ်ရပ်များ ရပ်တန့်ရန် မြောက်ကိုရီးယားသတိပေး

photo-internet


အေအက်ဖ်ပီ

နယူးယောက်၊ မတ် ၂၅

အမေရိကန်က ရန်စနေသော လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိပါက နျူကလီးယား လက်နက်များကို လိုအပ် သလို အသုံးပြု သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ထပ်မံသတိပေးလိုက်သည်ဟု မတ်လ ၂၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် နျူကလီးယားလက်နက်များကို အသုံးပြုနိုင်စွမ်းရှိကြောင်းကို ဖော် ထုတ်ပြသရန် ပြုံယမ်းအစိုးရက အသင့်ဖြစ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စား လှယ်ရီတုန်လီက ပြောကြားခဲ့သည်။

အသေးစိတ် ထပ်မံပြောပြရန် ၎င်းအား သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တောင်းဆိုခဲ့ရာ ၎င်းကနောက် ထပ် အရေးယူမှုများ မလုပ်မိအောင် မိမိတို့ကိုယ်ကို ထိန်းချုပ်နေခဲ့ရကြောင်း သို့ရာတွင် အမေရိကန်အစိုးရ ၏ သဘောထားအပေါ်သာ မူတည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ်ဘာတွေ ဆက်လုပ်မယ်ဆိုတာကို ခင်ဗျားတို့ဘာသာ ဆက်လက် ရှုစားကြပါဟု ၎င်းက ပြော ကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက တုံ့ ပြန်မည်ဟု ယခုလအစောပိုင်းက ခြိမ်း ခြောက်ခဲ့သော်လည်း လေ့လာသူများက မြောက်ကိုရီးယားတွင် နျူ ကလီးယား လက်နက်များနှင့် တာဝေးပစ်ဒုံးကျည်များ လတ်တလော အသုံးချနိုင်ပုံ မပေါ်သေးကြောင်း သုံး သပ် ပြောဆိုနေကြသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် အများအပြားကို စမ်းသပ် ပစ်လွှတ်ခဲ့သည်။

Mizzima

ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ရခိုင်အမျိုးသမီးများ ဆုံးဖြတ်

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားစဉ်

ရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းရာမှာ အကြမ်းဖက်နည်းနဲ့ မဟုတ်ဘဲ နှစ်သိမ့်ပညာပေးခြင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းတွေနဲ့ ဖြေရှင်းသွားဖို့ ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံက ဆုံးဖြတ်ခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ဖြေရှင်းတယ်ဆိုရင် ပြည်သူလူထုတွေက ပိုပြီး နစ်နာဆင်းရဲသွားမှာဖြစ်သလို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအစစ်မှန်ကို ရနိုင်မှာ မဟုတ်တဲ့အတွက် ငြိမ်းချမ်းစွာဖြေရှင်းဖို့ အဘက်ဘက်ကို တိုက်တွန်းသွားမယ်လို့ ရခိုင်အမျိုးသမီးညီလာခံက ပြောပါတယ်။
ညီလာခံတက်ရောက်သူတွေကနေတဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်လက် တိုက်တွန်းသွားမယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောပါတယ်။

“ကျမတို့ ရခိုင်ပြည်သူတွေကို သွေးထွက်သံယိုဖြေရှင်းတဲ့နည်းနဲ့ မဖြစ်စေချင်ပါဘူး။ ပဋိပက္ခကာလကတည်းက တိုက်တွန်းထားတာရှိပါတယ်။ ကိုယ့်ဘက်ကနေပြီးတော့ အကြမ်းဖက်တာတွေ မလုပ်ဆောင်ဖို့ ပြောထားပါတယ်။ ပါတီအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အခုညီလာခံမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ် ကျမတို့ပြည်သူလူထုတွေရဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ဖြစ်စေချင်တယ် ဆိုလို့ရှိရင် အကြမ်းမဖက်နဲ့နည်းနဲ့ ဖြေရှင်းဖို့ပဲ အရေးကြီးတယ်လို့ ပြောခဲ့ကြပါတယ်။”

သူတို့အမျိုးသမီးအဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေကြားမှာ စည်းရုံးပညာပေးသွားမှာဖြစ် သလို တဘက်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် တိုက်တွန်းမယ်လို့ သူကဆက်ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ
သက်စွန်ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးတွေကို မှတ်တမ်းတင်ဖို့အပြင် အဓိကရုဏ်း စဖြစ်ကတည်းက စဉ်ဆက်မပြတ် အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေ အကြောင်းကို အချက်အလက်ကောက်ခံပြီး သတင်းမှတ်တမ်းတင်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းမဖြစ်ခင် အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ မသီတာထွေးကိုလည်း ပြည်မြရတနာစော သာရာ သီတာထွေး ဆိုတဲ့ အမည်ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားညီလာခံမှာ မြို့နယ်အသီးသီးက ရခိုင်အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦးစီ တက်ရောက်ခွင့်ရဖို့နဲ့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းကောက်ခံမယ့်ကိစ္စကို ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ပြောပါတယ်။

ညီလာခံဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ ၄ နာရီက သတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသမီးညီလာခံကို စစ်တွေမြို့မှာ မတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့ထိ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ ခုက အမျိုးသမီးကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

DVB Burmese

ဖိလစ်ပိုင်မှာ လူကြိုက်များတဲ့ ပင့်ကူ အရက်


Tarantula (ထရန်ကျူလာ) လို့ခေါ်တဲ့ အဆိပ်ပြင်း အမွေးထူ ပင့်ကူကို သိသူများလည်း သိပါလိမ့်မယ်။ အာရှ၊ ဥရောပ၊ အမေရိက တို့မှာ မျိုးဆိပ် အမျိုးမျိုး ရှင်သန် ပေါက်ဖွားပြီး အဆိပ်ပြင်းပြီး လူတွေကို အန္တရယ်ပြုနိုင် ပါတယ်။


ထိုနည်းတူစွာ သူ့မှာ ပါတဲ့ ဓာတ်ဟာလည်း လူ့ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က ရိုးရာ ဆေးပညာ ရှင်များက လက်ခံ ယုံကြည်ထားကြ ပါတယ်။ ဒါကြောင့်လည်း သေပြီး မကြာသေးတဲ့ လတ်လတ်ဆက်ဆက် ပင့်ကူကို ဆန် အရက်၊ နဲ့ ဂရန်ဒီ အမျိုးမျိုးထဲမှာ စိမ်လို့ ထည့်သောက် ကြ ပါတယ်။ အမျိုးသားများ ပိုမို သောက် သုံးကြ ပါတယ်။

ယင်း အရက်ကို ထရန်ကျူလာ အရက်လို့လည်း ခေါ်ဆိုပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာ ကမ္ဘာလှည့် ခရီးသည်မျာကို စွဲဆောင်တဲ့ အစား အသောက် တစ်ခု ဖြစ်ကြောင်းလည်း သိရ ပါတယ်။
.
Ref: dyknow
International news for Myanmar 

ပျောက်ဆုံးလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းတွင် အထူးအာရုံစိုက်ရှာဖွေ



အေအက်ဖ်ပီ

ကွာလာလမ်ပူ၊ မတ်လ ၂၅

မလေးရှား လေကြောင်းလိုင်းပိုင် ပျောက်ဆုံးလေယာဉ်အား ရှာဖွေမှုအားလုံးကို ယခုအခါ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းလမ်းကြောင်း (southern corridor)၏ တောင်ဘက်ပိုင်းတွင် အထူးအာရုံစိုက်၍ ပြုလုပ်နေ ကြောင်း မလေးရှားယာယီ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ခ်ျမူဒင် ဟူုစိန်က ပြောခဲ့သည်ဟု မတ်လ ၂၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖြော်ပထားသည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ရှာဖွေသော ဧရိယာအကျယ်အ၀န်းကို လျှော့ချ ကာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းလမ်းကြောင်း၏ တောင်ဘက်ပိုင်းတွင် အထူးအာရုံစိုက်၍ ရှာဖွေနေ ကြောင်းနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဘက်များနှင့် အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေတာမို့ စိန်ခေါ် မှုဟာ သံတမန်ရေးရာ စိန်ခေါ်မှု မဟုတ်တော့ပါဘူး။ အခုအခါမှာ အဓိကက နည်းပညာပိုင်းနဲ့ စီမံထောက် ပံ့ရေးပိုင်း ဖြစ်လာပါပြီ” ဟု ၀န်ကြီးက ဆိုသည်။

ဆက်သွယ်ရေးဂြိုဟ်တု အချက်အလက်များအား ဗြိတိန်အင်မာဆက် ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီနှင့် ဗြိတိန်လေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေးဌာနခွဲ (AAIB)တို့က မည်ကဲ့သို့ လေ့လာ သရုပ် ခွဲခဲ့ကြောင်း အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ၀န်ကြီးက ပြောခဲ့ရာတွင်၊ လွန်ခဲ့သော ရက် အနည်းငယ်အတွင်းတွင် ဗြိတိန်အင်မာဆက် ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီသည်။ ဆက်သွယ်ရေး ဂြိုဟ် တုပေါ်မှနေ၍ တိုင်းတာပါက ရှိမည့်လေယာဉ်၏ နှိုင်းရအရှိန်ကို စဉ်းစားသုံးသပ်နိုင်မည့် ဆန်းသစ်သော ဒုတိယ နည်းလမ်းတစ်ခုကို တီထွင်ခဲ့သည်ဟု ဆိုထားသည်။

“ဒီ နှိုင်းအရရွေ့လျားမှုပေါ် မူတည်ပြီး၊ လက်ခံရရှိတဲ့ ကြိမ်နှုန်းနဲ့ ထုတ်လွှင့်တဲ့ ကြိမ်နှုန်းတွေဟာ ပုံမှန်တန် ဖိုးနဲ့ ကွဲပြားကြပါတယ်။ ဖြတ်သွားတဲ့ ကားတစ်စီးဟာ ချဉ်းကပ်လာတဲ့ အချိန်နဲ့ ဖြတ်သွားတဲ့အချိန်တွေမှာ အဲဒီကားရဲ့ အသံပြောင်းလဲနေသလိုမျိုးနဲ့ အလားသဏ္ဍာန် တူပါတယ်” ဟု ၎င်းက ပြောသည်။

“လေ့လာသရုပ်ခွဲမှုတွေ ပြနေတာက အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းလမ်းကြောင်း (northern corridor) နဲ့ အပြန်အလှန် ဆက်နွယ်မှု အရမ်းနည်းပါတယ်။ ဒါပေမဲ့ တောင်ပိုင်းလမ်းကြောင်းနဲ့တော့ အပြန်အလှန် ဆက်နွယ်မှု အားကောင်းပါတယ်” ဟုလည်း ၀န်ကြီးက ဆိုသည်။

“အဲဒီလေယာဉ်နဲ့ မြေပြင်လေကြောင်း ထိန်းချုပ်ရေးစခန်းအကြား အချိန် ၀၀၁၉ UTC (Coordinated Universal Time 00:19) မှာ အချက်အလက်ပေးပို့မှု တစ်စိတ်တစ်ပိုင်း ရှိခဲ့ပါတယ်။ ဒီအချိန်မှာ ဒီထုတ် လွှင့်မှုကို နားမလည်နိုင်သေးတာမို့ ဆက်လုပ်မယ့် အလုပ်တွေပေါ် မူတည်နေပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းလမ်းကြောင်း၊ တောင်ပိုင်းလမ်းကြောင်း၏ မြောက်ဘက်ပိုင်း စသောနေရာ များတွင် ပြုလုပ်ခဲ့သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကြိုးပမ်းချက်များကို ယခုအခါ ရပ်တန့်လိုက်ကာ တောင်ပိုင်းလမ်းကြောင်း (southern corridor) ၏ တောင်ဘက်ပိုင်းတွင် အထူးအာရုံစိုက်၍ ရှာဖွေလျက် ရှိသည်။

Mizzima

အခွင့်အရေးရမယ်ဆိုရင် တဲ့လား


(Written by: မောင်စံပေါ)
(၁)
အမေရိကန်စစ်ဘုရင် ဂရင်းမာစတာ ယာဆာဆေရ၀မ် (Yasser Seirawan) ဆိုရင် စစ်ဘုရင်လောကမှာ ထင်ရှားတဲ့၊ လူသိများတဲ့ ကမ္ဘာကျော်တစ်ယောက်ပါ။ စစ်ဘုရင်ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရခဲ့တာတွေ အများကြီးရှိခဲ့သလို ရေးသားပြုစု ထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း မနည်းမနောပါ။
သူ့ရဲ့ ရှင်းလင်းတဲ့ ရေးသားဟန်၊ ပြောဟန်၊ ဆိုဟန်နဲ့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုတွေ တိကျတဲ့ တွက်ချက်မှုတွေနဲ့ ပြတ်သားတဲ့ ရွေးချယ်မှုတွေကြောင့် စစ်ဘုရင် နည်းပြဆရာကြီးတစ်ဦး အနေနဲ့သာမက ထင်ရှားတဲ့ စစ်ဘုရင်ဝေဖန်သုံးသပ် ဟောပြောသူအဖြစ် နာမည်ကြီးပါတယ်။
စစ်ဘုရင်သင်တန်း တစ်ခုမှာပါ။ ရှုပ်ထွေးတဲ့ သီအိုရီ သဘောတရားတွေကို ရှင်းလင်းနားလည် သဘောပေါက်လွယ်တဲ့ စကားလုံးတွေသုံးပြီး ပို့ချခဲ့တယ်။ သင်တန်းသားတွေကို လေ့ကျင့်ကစားပွဲ ယှဉ်ပြိုင်စေတယ်။
ကစားနေကြတဲ့ ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ သေသေချာချာ လိုက်ကြည့်တယ်။ မှတ်သားတယ်။ ပွဲပြီးသွားတဲ့အခါမှာ ပြန်လှန်သုံးသပ်မှု၊ ဆွေးနွေးမှု ပြုလုပ်တယ်။ အဲဒါက သင်တန်းရဲ့ အနှစ်သာရ ဖြစ်ပါတယ်။
(၂)
သင်တန်းသားတစ်ယောက်ကို ယာဆာက မေးပါတယ်။
“မင်းဘာတွေ ရွှေ့နေခဲ့တာလဲ။ ဘာကြောင့်လဲ”
“စောင့်ပြီးရွှေ့နေခဲ့တာပါ။ အချိန်ကို စောင့်ရင်းနဲ့ပေါ့”
“ဘယ်အချိန်ကို စောင့်တာလဲ”
“အခွင့်အရေးရမယ့် အချိန်ကို စောင့်တာပါ”
“အခွင့်အရေးရမယ့် အချိန်ဆိုတာ မင်းပြိုင်ဘက်မှားမယ့်အချိန်ကို ပြောတာလား”
“ဆိုပါတော့”
“ပွဲပြီးချိန်မှာ ရလဒ်က”
“ကျွန်တော် ရှုံးသွားခဲ့တယ်”
“ဘာကြောင့်လဲ”
“အခွင့်အရေး မရခဲ့လို့ပါ”
“ဒါဆိုရင် မင်းပြိုင်ဘက်က အခွင့်အရေး ရခဲ့တယ်ပေါ့”
(၃)
အဲဒါက အပြောပဲဗျ။ စိတ်ထင်ရာလျှောက်ပြီး ရွှေ့နေတာဟာ စောင့်ဆိုင်းကွက် (Waiting Move) မဟုတ်ဘူး။ စောင့်ဆိုင်းကွက်ဆိုတာ ကိုယ့်အနေအထားကို မပျက်စေဘဲ ထိန်းထားပြီး ပြိုင်ဘက်ရဲ့ ရွှေ့ကွက်အလျောက် ပေါ်ပေါက်လာမယ့် အားနည်းတဲ့နေရာတွေကို အပြီးသတ် တိုက်ခိုက်ချေမှုန်းဖို့ ပြင်ဆင်တာ။
အခွင့်အရေးဆိုတာ ရှာရတယ်။ မစောင့်ရဘူး။ ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိတာတစ်ခုကို စောင့်တယ်ဆိုတာ ရူးသွပ်ခြင်းပဲ။ စောင့်လို့ရမယ် ဆိုရင်တောင် ကိုယ်ဘာကို စောင့်နေသလဲဆိုတာ ကွဲပြားဖို့လိုတယ်။ ရောက်လာချိန်မှာ ရောက်လာကြောင်း သိရမယ်။ ပြီးတော့ အမိအရ ဖမ်းဆွဲနိုင်ရမယ်။
ဘာမှ ရစရာမရှိပါဘူး။ ဖြစ်လာစရာ မရှိပါဘူးလို့ ယေဘုယျ လက်ခံထားတတ်ကြတဲ့ အခြေအနေတွေမှာတောင်မှ တစ်စုံတစ်ရာဆိုတာ ပုန်းကွယ်စောင့်စား နေတတ်တယ်။ စစ်တုရင်သမားဆိုတာ အဲ့ဒါကို ရှာဖွေဖော်ထုတ်နိုင်ရမယ်။
'Chess players must be able to create something out of nothing.' တဲ့။
ယာဆာပြောတဲ့ စကားတချို့ပါ။
(၄)
ဆိုရှယ်လစ်ခေတ်ရဲ့ ၀န်ထမ်းဘ၀မှာ တိုးတက်ဖို့ မျှော်လင့်စရာဆိုတာ သိပ်ရှိလှတာ မဟုတ်ဘူး။ နိုင်ငံခြားသွားရမှသာ ငွေကလေး၊ ကြေးကလေး အဆင်ပြေတာကွ။ ဒါတောင်မှ စာမေးပွဲဖြေရ၊ ပြိုင်ရသေးတယ်။ အဲဒီ စာမေးပွဲတွေဆိုတာ နှစ်စဉ်ရှိချင်မှ ရှိတာ။ ပြောရရင် ဘယ်အချိန်မှာ ပေါ်လာမယ်မှန်းမသိတဲ့ စာမေးပွဲအတွက် ဘာမှပြင်ပြင်ဆင်ဆင် မရှိခဲ့ဘူး။ မလုပ်ခဲ့မိဘူး။ အခွင့်အရေးလည်း ပေါ်လာရော ရအောင်မယူနိုင်ဘူးဖြစ်ရော။ ဒီလိုနဲ့ ပင်စင်ယူခဲ့ရတာပါပဲကွာ။
နောင်တော်အရာရှိ တစ်ယောက်ရဲ့ ရင်ဖွင့်သံ။
(၅)
ကံကပေးလာမယ့် လွတ်မြောက်ဖို့ အခွင့်အရေးကိုမျှော်ရင်း တံငါလှေရဲ့ ပိုက်ထဲမှာ သေခဲ့ကြတဲ့ငါးတွေ များခဲ့ပါပြီ။
လူတစ်ဦးတစ်ယောက်ရဲ့ အယူအဆကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ဟာ အဲဒီကာယကံရှင်နဲ့ပဲ တိုက်ရိုက်ပတ်သက်မယ်ဆိုရင် ပြဿနာ မရှိလှပါဘူး။ လူအများအတွက်ပါ သက်ရောက်မှု ရှိမယ်ဆိုရင်တော့ ပြဿနာက စပါပြီ။
(၆)
ဘကြီးတစ်ယောက်က ပြောတယ်။
“ငါအတန်းပညာကို တန်းကုန်အောင် မသင်ခဲ့ရဘူးကွ။ သင်ဖို့အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် အခုလို ဘယ်နေရလိမ့်မလဲကွာ” တဲ့။
ဘကြီးရယ်၊ ဘကြီးနဲ့ အတန်းတူသူငယ်ချင်း၊ အပွင့်အကြီးကြီးတွေ တပ်ရာထူး အကြီးကြီးရပြီး ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့တယ်လေ။ သူအဲဒီလမ်းကို ရွေးခဲ့စဉ်က ဘကြီးမှ မလိုက်ခဲ့ဘဲ။
(၇)
“ကျွန်တော်က ဆရာဝန် ဖြစ်ချင်ခဲ့တာဗျ။ မိဘတွေက ဆင်းရဲတော့ အမှတ်မီတာတောင်မှ ဆေးကျောင်းတက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့ခေတ်လို ဖောင်ဒေးရှင်းတွေ၊ အသင်းတွေ မရှိခဲ့ဘူးလေ”
ဆရာဝန် မဖြစ်ခဲ့ပေမယ့် သင်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး အစိုးရ၀န်ထမ်း လုပ်ခဲ့သူ။ အခုတော့ ဌာနအကြီးအကဲတောင် ဖြစ်နေပြီ။
(၈)
“အခွင့်အရေးသာ ရခဲ့မယ်ဆိုရင်” ဆိုတဲ့ စကားလုံးကို သုံးလိုက်တိုင်း အတိတ်မှာ ကိုယ်ဆိုလိုချင်တဲ့ ကိစ္စတစ်ရပ် အရာတစ်ခုနဲ့ တစ်ဆက်တည်းမှာပဲ လွဲချော်ခဲ့ရမှုက အလိုလိုပြောပြပြီးသား ဖြစ်ရပါတယ်။ တစ်ဆက်တည်းမှာပဲ ရခဲ့သူတွေ ရှိပေလိမ့်မယ်လို့ သဘောပေါက်နိုင်ပါတယ်။
(၉)
“အခွင့်အရေးသာ ရမယ်ဆိုရင်” ဆိုတဲ့ စကားလုံးကတော့ ရောက်မလာသေးတဲ့ အနာဂတ်ကို ကြိုပြီးဆေးရောင်စုံခြယ်ဖို့ နိဒါန်းပျိုးလိုက်တာလို့ နားလည်မိပါတယ်။
မနက်ဖြန်ရောက်ချိန်မှာ အရုပ်ဆိုးကာမှ ဆိုးရာ။ ဒီကနေ့မှာတော့ စကားလုံးကလေးပဲ ဖြစ်ပါစေ၊ လှနေဖို့ လိုတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ညာရင်း၊ နှစ်သိမ့်ရင်းနဲ့ သူများကို မျှော်လင့်ချက်တွေ တစ်လှေကြီးပေးတတ်တဲ့ လူတွေလည်း ရှိပါတယ်။
လေးလေးနက်နက်ပြော ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချပြီး စွဲစွဲမြဲမြဲလုပ်ဆောင် အကောင်အထည်ဖော်သူတွေပဲ လိုချင်ပါတယ်။
စကားလုံး လှလှတွေနဲ့ ညာနေတာ တော်လောက်ပါပြီ။

EMG

၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် တရုတ်ပို့မည့် အဆိပ်ပြင်းမြွေကောင်ရေ ၃၀၀ နီးပါးနှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ


မန္တလေး၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၄ ရက်နေ့ တစ်ရက်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် အဆိပ်ပြင်း မြွေအကောင်ရေ ၃၀၀ နီးပါးနှင့် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချောမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းနေ့က စဥ့်ကိုင်မြို့နယ် ပလိပ်မှ တရုတ်နိုင်ငံဘက်သို့ သွားရောက်မည့် မတ်တူးအဖြူရောင် ကားတစ်စီးကို ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ယာဉ်ပေါ်တွင် အဝတ်စဖြင့် ချုပ်ထားသည့် အထုပ် ၁၄ ထုပ်အတွင်းမှ လင်းမြွေ ၉၉ ကောင် (အရှင် ၈၄၊ အသေ ၁၅)၊ မြွေပွေး ၁၅၉ ကောင် (အရှင် ၁၂၉၊ အသေ ၃၀)၊ မြွေဟောက် ၃၆ ကောင် (အရှင်) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော မြွေများ၏ ကာလပေါက်ဈေးများမှာ လင်းမြွေ တစ်ကောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၉၉,၀၀၀ ကျပ်၊ မြွေပွေးတစ်ကောင်လျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၁၁၁,၃၀၀ ကျပ်၊ မြွေဟောက် တစ်ကောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၃၆,၀၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။

အဆိုပါမြွေများကို သယ်ဆောင်လာသည့် ယာဉ်မောင်းကို အုန်းချောမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၇၁/၂၀၁၄ အရအမှုဖွင့်ကာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်း ကာကွယ်ရေး ဥပဒေပုဒ်မ ၃၆ (က)/၃၇(က) အရ ထပ်မံအမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဖမ်းဆီးရမိသော မြွေများကို မန္တလေးရတနာပုံ တိရစ္ဆာန် ဥယျာဉ်သို့ ပို့ဆောင်ထားကြောင်း ကျောက်စိမ်းတုံး ကျပ်သိန်း ၄၀ ကျော်ဖိုး ဖမ်းမိခြင်းနှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းကို အုန်းချောမြို့နယ် မြို့မရဲစခန်းက (ပ) ၇၂/၂၀၁၄ ကျောက်မျက်ပုဒ်မ ၄၂ (က) အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

အထွတ်အမြတ်ထားရာကိုမှ ပစ်မှတ်ထားခိုးယူကြသောအခါ


ယောချောင်းအရှေ့ဘက် သစ်တောတစ်ခုအတွင်း တောလမ်းများထဲ၌ အရာဝတ္ထုတစ်ခုကို ပြန်တွေ့နိုး မျှော်လင့်ချက်ဖြင့် ရွာသားတစ်သိုက် တောနင်းရှာဖွေနေသည်။

ဖေဖော်ဝါရီ ၂၇ ရက် ညက ရွာ၏ တန်ဖိုးထားရာတစ်ခု ပျောက်ဆုံးသွားသဖြင့် မတ်လ ၁ ရက် နံနက်တွင် တောနင်းရှာဖွေနေသည့် ရွာသားနှစ်ရာကျော်မှာ မြေလတ်ပိုင်းဒေသ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းရွာသားများဖြစ်သည်။

၎င်းတို့ရှာဖွေနေသောအရာမှာ ရွာတွင် နှစ်ပေါင်း ၁၅၀ ခန့်ကတည်းက ကိုးကွယ်ခဲ့သော ဉာဏ်တော်ကိုးပေရှိ ကျွန်းသား ရွှေချမတ်တတ်ရပ်ရုပ်ပွားတော် မေစန္ဒာဘုရားဖြစ်သည်။

ရုပ်ပွားတော်၏ အလှူဒါယိကာမကြီး ဒေါ်စန္ဒာကို အစွဲပြု၍ အမေစန္ဒာဘုရားဟု ရွာသူရွာသားတို့က နှုတ်ကျိုးနေကြသည်။

သစ်တောအုပ်အတွင်းမှဖြတ်၍ ပခုက္ကူဘက်သို့ ဘုရားခိုးသူများက သယ်ယူမည်ဟု ခန့်မှန်းကာ ရွာသားများက တောအတွင်း ခုနစ်မိုင်ပတ်လည်ခန့်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း နောက်ဆုံးသဲလွန်စမရဘဲ အိမ်ပြန်လှည့်ခဲ့ကြရသည်။

‘‘ဆင်းတုတော်က ကြီးမားတဲ့အတွက် ခိုးတဲ့လူတွေက တောထဲမှာ ဝှက်ထားဦးမှာပဲ။ ချက်ချင်းသယ်နိုင်ဦးမှာ မဟုတ်ဘူး’’ဟု ကျွန်းရင်းရွာသားများ ကိုးကွယ်သည့် ဆရာတော်ဦးနာယက,က မျှော်လင့်ချက်ဖြင့် မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် လူအများစု အထွတ်အမြတ်ထားရာ၊ ကိုးကွယ်ရာ ဗုဒ္ဓဆင်းတုတော်များ အပါအဝင် ရှေးဟောင်းပစ္စည်းများ ခိုးယူခံရမှုမှာ ကျွန်းရင်းရွာမှ ဘုရားတစ်ဆူတည်းသာ မဟုတ်ပါ။ ရှေးဟောင်းမြို့တော် ပုဂံ၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး စသောဒေသအနှံ့တွင် မကြာခဏဖြစ်ပွားနေသည်။

ပုဂံဒေသရှိ မြင်းကပါ၊ မကွေးတိုင်းတွင်းရှိ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်မြို့နယ်တစ်ဝိုက်တွင် ရှေးဟောင်းဘုရားအခိုးခံရမှုများလာကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ကြေးဆင်းတုရုပ်ပွားတော်တစ်ဆူ ခြေတော်ရင်းမှဖြတ်၍ ခိုးယူခံရဖူးပြီး နောင်ချိုမြို့နယ်တွင်လည်း ၂၀၁၃ ခုနှစ်တွင် ခုနစ်လအတွင်း ဘုရားဆင်းတုတော်ရှစ်ဆူ ပျောက်ဆုံးခဲ့ကြောင်း နောင်ချိုမြို့ခံများကပြောသည်။

ပုဂံမြို့ဟောင်းရှိ နာမည်ကြီးဘုရားဖြစ်သော စည်းခုံလေးခုံတွင် တစ်ခုပါဝင်သည့် မြစည်းခုံစေတီတော်၌ တည်ထားကိုးကွယ်ထားသော နဖူးတော်၌ စိန်ပွင့်ငယ်ပါသော မတ်တတ်ကိုယ်တော် ရွှေဆင်းတု (ရွှေပိန်း)လည်း ၂၀၁၃ ခုနှစ်တွင် အခိုးခံခဲ့ရသည်။

အဆိုပါ ဆင်းတုတော်အပါအဝင် ရှေးဟောင်းမြို့တော် ပုဂံတွင် ၂၀၁၃ နှစ်လယ်၌ ရှေးဟောင်းဆင်းတုတော်သုံးဆူ ခိုးယူခံခဲ့ရသည်။

အလားတူ ရခိုင်ဘုရင် မင်းနေပြည်တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့ဝန်းကျင်တွင်လည်း ရှေးဟောင်းဘုရားကျောင်းများ လက်ညှိုးထိုးမလွဲအောင် ရှိခဲ့သော်လည်း ၁၉၇၀ နှင့် ၁၉၈၀ ဝန်းကျင်တွင် ရှေးဟောင်းဘုရားများစွာ အခိုးခံခဲ့ရကြောင်း မြောက်ဦးမြို့မိမြို့ဖ ဦးရွှေတင်ကပြောသည်။

ရှေးဟောင်းပစ္စည်းခိုးယူသူများသည် ရှေးကျသည့် ဆင်းတုတော်အပါအဝင် ပစ္စည်းများမှာ ဈေးပိုရသောကြောင့် ပစ်မှတ်ထားခိုးယူလေ့ရှိသည်။

ရှေးဟောင်းဘုရား ပျောက်ဆုံးမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မည်သို့ဖော်ထုတ်အရေးယူနေသည်ကိုသိရန် မတ်လ ၁၄ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ [email protected] သို့ မေးခွန်းအချို့မေးခဲ့သော်လည်း အထက်သို့ တင်ပြထားသည်ဟုသာ ပြန်လည်အကြောင်းကြားသည်။

ရှေးဟောင်းအမွေအနှစ်
မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ ခုနှစ်မတိုင်မီက ယဉ်ကျေးမှုအနုပညာလက်ရာများကို ရှေးဟောင်းအမွေအနှစ်များအဖြစ် သတ်မှတ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

ရှေးဟောင်းအမွေအနှစ်များထဲတွင် ဘုရားဆင်းတုတော်ကြီး၊ သေး၊ ငယ်၊ ရွယ်များအပြင် ရဟန်း၊ လူ၊ နတ်၊ ခြင်္သေ့၊ ဆင်၊ မြင်း၊ မျောက် စသည့်ရုပ်တုများ၊ သာသနိကဆိုင်ရာ ဘုရားထီး၊ စေတီပုံစံငယ်၊ သပိတ်၊ လူ့အသုံးဆောင် လက်ဝတ်တန်ဆာ ပုတီး၊ လည်ဆွဲ၊ နားတောင်း၊ ဒင်္ဂါး၊ ပိုက်ဆံ၊ လက်နက် ပစ္စည်းမျိုးစုံတို့လည်း ပါဝင်သည်။

‘‘ရှေးဟောင်းပစ္စည်းအစစ်ဆို ဖမ်းလို့ရတယ်။ ဥပဒေအရဆိုရင် ရှေးဟောင်းပစ္စည်း ရောင်းဝယ်လို့မရဘူး။ မိဘ၊ ဘိုးဘွားပိုင်ဆိုရင်တော့ ပိုင်ဆိုင်လို့တော့ရတယ်’’ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

ရှေးဟောင်းပစ္စည်းခိုးယူသူများကို ရှေးဟောင်းပစ္စည်းများ ကာကွယ်သောဥပဒေဖြင့် အရေးယူနိုင်သည်။

ရှေးဟောင်းပစ္စည်းတွေ ဘယ်ကိုရောက်
ရှေးဟောင်းပစ္စည်းများမှာ ပြည်တွင်းမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်သွားကြကြောင်း အဆိုပါ ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ဘုရားဆင်းတုတော်ငယ်များ၊ ရွှေပြားပုရပိုက်စာ၊ ရွှေပြားကမ္ပည်းစာ၊ မင်စာ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ၊ ကျိန်စာ၊ အင်းစာနှင့် ကျောက်သားနံရံ၊ ကျောက်သားဆုံ၊ ကျောက်အိုး၊ ကျောက်ခွက်၊ ကျောက်တံ၊ ကျောက်လုံး၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ ကြေး၊ သံ၊ သတ္တု၊ သစ်သား၊ မြေထည်၊ မြေပုံဘုရား၊ ယွန်းထည်၊ ကြိမ်၊ ဝါး စသည်တို့သည်လည်း မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည်။

မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ နိဗ္ဗာန်ကုန်ဆိုင်ကြီးအချို့နှင့် ကြေးသွန်းလောင်းသည့် ဆိုင်အချို့တွင် ရှေးဟောင်းဆင်းတုတော်များကို ပုံစံပြောင်း၍ ပလတ်စတာပြန်ကိုင်ပြီး နိဗ္ဗာန်ကုန်ဆိုင်မှာရောင်းသော ဘုရားအသွင်ပြောင်း၍ နယ်စပ်သို့ ခိုးထုတ်ခြင်းများရှိကြောင်း လုပ်သက်နှစ် ၂၀ ကျော်ရှိ ရှေးဟောင်းပစ္စည်းရောင်းချသူတစ်ဦးက ဆိုသည်။

‘‘ကြေးလောင်းတဲ့ဆိုင်တွေကလည်း ပွဲစားတွေနဲ့ပေါင်းပြီး အတုနဲ့အစစ်လဲတယ်။ အစစ်ပုံကို ဓာတ်ပုံရိုက်တယ်။ ပြီးရင် ပုံစံတူ အတုလုပ်တယ်။ ရွာက ကျောင်းထိုင်ဘုန်းကြီးတောင် ပွဲစားရဲ့စကားကို နားယောင်တာတွေရှိတယ်။ ရှေးဟောင်းဘုရား လက်ကျိုးတာပြင်မယ်ဆိုပြီး နိဗ္ဗာန်ဆိုင်ပို့တယ်။ အစစ်ကိုယူပြီး အတုကို ရွာကိုပြန်ပင့်တယ်။ ရွာခံတွေက အတုနဲ့အစစ် ဘယ်သိမလဲ’’ဟု ၎င်းကရှင်းပြသည်။

‘‘မြဝတီဘက်မှာရှိတဲ့ နိဗ္ဗာန်ကုန်ဆိုင်အချို့ကိုလည်း စစ်သင့်တယ်။ နိဗ္ဗာန်ကုန်ပို့တယ်ဆိုပြီး စာရွက်စာတမ်းအပြည့်အစုံနဲ့ သယ်တာတွေရှိတယ်။ နယ်စပ်ရောက်မှ ပလတ်စတာပြန်ခွာတာ။ အဲဒီတော့မှ မူလအစစ် ရှေးဟောင်းဆင်းတုတော်ဖြစ်နေတာ’’ဟု မြဝတီမှ ရှေးဟောင်းပစ္စည်းရောင်းချသူတစ်ဦးက ဖွင့်ဟသည်။

ချင်းမိုင်နှင့် မဲဆောက်သည် မြန်မာ၏ ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ လမ်းကြောင်းဖြစ်ပြီး ရှေးဟောင်းဘုရားအများစုသည် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိသွားသည်။

ထိုင်းနိုင်ငံသည် အာရှတိုက်၏ အရေးပါဆုံး ရှေးဟောင်းပစ္စည်း ဈေးကွက်ဖြစ်သည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုသာမက အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ နီပေါ၊ တရုတ်နိုင်ငံများမှ ရှေးဟောင်းပစ္စည်းများကို ခိုးယူရောင်းချရာ ဈေးကွက်ဖြစ်နေသည်။

ယခင်က မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများ မြဝတီမြို့သို့ ယာဉ်တန်း တစ်ရက်ခြား ပုံမှန်ရောက်ရှိတတ်ပြီး တစ်ခေါက်လျှင် အနည်းဆုံး ၁၀ ဘီးကား တစ်စီးစာခန့်ရှိကြောင်း၊ မြဝတီမြို့မှ ရှေးဟောင်းပစ္စည်းပြုပြင်သော အလုပ်ရုံတစ်ခုတွင် (၁၀)နှစ်ခန့် ဝင်ရောက်လုပ်ဖူးသူ အလုပ်သမားတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

‘‘ကုန်ကားတွေမှာ အရောအနှောလုပ်ပြီး သယ်ကြတာ။ လမ်းခရီးမှာ ကျိုးတာပဲ့တာတွေရှိတော့ အလုပ်ရုံမှာ မူရင်းအတိုင်းဖြစ်အောင် ပြန်ပြင်ပေးရတယ်’’ဟု ၎င်းကရှင်းပြသည်။

ထိုင်းနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ မှောင်ခိုပို့နေခြင်းဖြစ်ပြီး ညဘက်လူခြေတိတ်ချိန်တွင် မြဝတီဘက်ခြမ်းမှတစ်ဆင့် လှေများဖြင့် ထိုင်းဘက်သို့ပို့ကြောင်း ရှေးဟောင်းကုန်သည်တစ်ဦးက ရှင်းပြသည်။

မြဝတီတစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ရှေးဟောင်းပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ကြီး ၁၀ ဆိုင်ခန့်ရှိပြီး လက်ရှိ ရောင်းချနေသည့် ရှေးဟောင်းပစ္စည်းတစ်ခု ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ သုံးထောင်တန်မှ ငါးသိန်းတန်အထိရှိပြီး ရှေးဟောင်းပစ္စည်းဈေးကွက်သည် ငွေရပေါက်လွယ်သောလုပ်ငန်းဖြစ်သည်။

မဲဆောက်မြို့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များတွင် ရှေးဟောင်းဘုရားဆင်းတုတော်များ၊ ပုရပိုက်များ၊ ပေစာများ၊ ကျောက်စာများ၊ နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဘီလူးရုပ်များဖြင့် ထုထားသည့် ကျွန်းကုလားထိုင်များကို အစုလိုက်အပြုံလိုက် တွေ့ခဲ့ရ၍ အံ့ဩခဲ့ရကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ နေထိုင်သော အသက်(၄၀)ကျော်အရွယ် ဒေါ်ခင်ဥမ္မာကဆိုသည်။

ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတွင်လည်း ရှေးဟောင်းပစ္စည်းရောင်းချသည့်ဆိုင်များ တရားဝင်ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံမှ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များကိုလည်း ရောင်းချလျက်ရှိသည်။

‘‘ကိုယ့်နိုင်ငံရဲ့ ဘာသာအားဖြင့် တန်ဖိုးကြီးကြီးမားမားထားတဲ့ ဘုရားဆင်းတုတော်တွေ အဲဒီနေရာတွေမှာ ဈေးကွက်ဖြစ်နေတာ စိတ်မကောင်းဖြစ်ရပါတယ်’’ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားအချို့ ဝယ်ယူထားသော ယဉ်ကျေးမှုအနုပညာလက်ရာများကို ရှေးဟောင်းပစ္စည်း ဟုတ်၊ မဟုတ် စစ်ဆေးရခြင်းကို ရန်ကုန်၊ မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသနဌာနနှစ်ခုတွင် စစ်ဆေးပေးကြောင်း ယင်းဌာနမှသိရသည်။

စစ်ဆေးပြီးနောက် ရှေးဟောင်းပစ္စည်းမဟုတ်ပါက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကို ထောက်ခံချက်ပြုလုပ်ပေးရသည့်ဌာန ဖြစ်သည်။

‘‘နှစ် ၁၀၀ အောက်ပစ္စည်းတွေ ဝယ်မယ်ဆို ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကို ဝန်ခံလက်မှတ်ရေးထိုးရတယ်။ ခုလိုလုပ်လည်း မရပါဘူး။ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေ နယ်စပ်ကိုထွက်နေတာပါ’’ဟု ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတစ်ဦးကဆိုသည်။

မကြာသေးမီအချိန်ကလည်း ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ တကောင်းခေတ်နှင့် ကုန်းဘောင်ခေတ်အဆက်ဆက်က ရှေးဟောင်း ဘုရားဆင်းတုတော် ၃၀၁ ဆူကို အောင်ဇမ္ဗူဆရာတော် ဦးပဏ္ဍဝံသထံ ရှေးဟောင်းဘုရား စုဆောင်းခြင်း ဝါသနာပါသူ ဂျပန်လူမျိုးတစ်ဦးက လှူဒါန်းခဲ့သည်။

ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးကဲ့သို့ ရှေးဟောင်းဘုရား စုဆောင်းသူ လူမျိုးများ ကမ္ဘာနိုင်ငံအနှံ့တွင် များစွာရှိနိုင်ပြီး မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ ကမ္ဘာအနှံ့တွင် မည်မျှရောက်ရှိနေနိုင်သည်ကို တွေးဆကြည့်နိုင်သည်။

ဥရောပနှင့် အမေရိကန်နိုင်ငံများသည် ရှေးဟောင်းပစ္စည်းစုဆောင်းခြင်းကို ဝါသနာတစ်ခုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့် ဝယ်ယူခြင်းဖြစ်သည်။

အစိုးရက ဘယ်လိုကာကွယ်စောင့်ရှောက်ပေးနေလဲ
အစိုးရက ယဉ်ကျေးမှုဇုန် ၄၆ ဇုန်ကို စောင့်ရှောက်ပေးနေသည်။ သို့သော် ကျေးလက်ဒေသများရှိ ရှေးဟောင်းဘုရားများထိ အလှမ်းကျယ်အောင် မစောင့်ရှောက်နိုင်သေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

‘‘တစ်နိုင်ငံလုံးအနှံ့တော့ မလွှမ်းနိုင်သေးဘူး။ ပုဂံမှာဆို ဘုရားက ထောင်ချီပြီးရှိတာ။ ဝန်ထမ်းကနည်းတယ်လေ’’ဟု ၎င်းက အခက်အခဲကို ပြောဆိုသည်။

‘‘ဆင်းတုတော်တွေပျောက်တာ လူထုမှာလည်း တာဝန်ရှိတယ်။ ကိုယ့်ဒေသကဘုရား ကိုယ်ပဲမပျောက်ပျက်အောင် ထိန်းရမယ်။ ရပ်ရွာနဲ့ ဘုန်းကြီးတွေက ဦးစီးပြီး ထိန်းသိမ်းရမယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ဒုညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က ပြောကြားသည်။

‘‘ရှေးဟောင်းဈေးကွက်က ခေါင်းထောင်နေတာ ငွေကြေးကြောင့်လုပ်တာ၊ မူးယစ်ဆေးဝါးစွဲလို့လုပ်တာ၊ လောင်းကစားကြောင့်လုပ်တာ၊ အမျိုးမျိုးဖြစ်နိုင်တယ်။ အရောင်းအဝယ်လုပ်သူတွေကို နှိမ်နင်းရမယ်။ ခိုးသူရဲ့အနောက်က အရောင်းအဝယ်လုပ်ငန်းတွေကို ဖော်ထုတ်နှိမ်နင်းဖို့လိုတယ်။ ဘယ်အိမ်တွေမှာ ရှေးဟောင်းဘုရားတွေ အရောင်းအဝယ်လုပ်နေတယ်ဆိုတာကို ပြည်သူကလည်း သတင်းပေးဖို့လိုတယ်’’ဟု ဒုညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က မှတ်ချက်ပြုသည်။

ပုဂံ၊ နေပြည်တော်၊ ရန်ကုန်မြို့ရှိ ဌာနနှင့် ပြတိုက်များတွင် ခေတ်အဆက်ဆက်က ရှေးဟောင်းဘုရား ထောင်ချီပြီး ထိန်းသိမ်းထားသည့် ရှေးဟောင်းဘုရားနှင့် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းရန် လှူခြင်းနှင့် အပ်ခြင်းဟူ၍ နှစ်မျိုးဖြင့်လက်ခံသည်။ သို့သော် ရှေးဟောင်းဘုရားများကို ဌာနသို့ လာရောက်အပ်သူ နည်းပါးကြောင်း ဦးသိန်းလွင်က ဆက်ပြောသည်။

ကျွန်းရင်းရွာ၏ ရှေးဟောင်းဘုရား ပျောက်ဆုံးမှုတွင် ဘုရားထားသည့် လိုဏ်ဂူဝင်ပေါက်သုံးပေါက်ရှိပြီး ကျောင်းနှင့်လည်းလှမ်း၍ လုံခြုံမှုမရှိဘဲ မျက်ကွယ်အရပ်ဖြစ်နေသည်မှာ ပျောက်ဆုံးရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း ပခုက္ကူခရိုင် အမှုဖော်ထုတ်မှု ဒုအဖွဲ့ခေါင်းဆောင် ရေပြာရဲစခန်းမှူး ရဲအုပ်သင်္ခါကျော်ကပြောသည်။

ဆင်းတုတော်ပျောက်ဆုံးပြီး နှစ်ရက်ခန့်အကြာတွင် ဆင်းတုတော်မှ အပိုင်းအစသေးတစ်ခုကို ရွာသူတစ်ယောက် ကောက်ရလာပြီး ခြေရာခံလိုက်ရာ ရွာနှင့်တစ်မိုင်ခန့်ဝေးသည့် တောလမ်းနေရာတွင် ဆင်းတုတော်ကို နှစ်ပိုင်းဖြတ်သွားပြီဟု ယူဆရသည့် သဲလွန်စအဖြစ် လွှစာမှုန့်များကို တွေ့ခဲ့ရသည်။

ကျွန်းရင်းရွာသားများ ရှာဖွေသည်က အရှေ့ဘက်အရပ်ဖြစ်ပြီး ဘုရားကို ခိုးပြီးဖြတ်သွားသည့်နေရာက တောင်ဘက်အရပ်ဖြစ်နေသည်။

‘‘ဘုရားခိုးဂိုဏ်းတွေက ခုမကွေးဘက်မှာ တော်တော်လှုပ်ရှားနေတယ်။ ကျွန်တော်တို့ရွာ ဘုရားပျောက်ပြီး ၁၀ ရက်အကြာမှာ ရဲစခန်းက အမှုဖွင့်ပေးတယ်။ ရွာနဲ့ရဲစခန်းက ရှစ်မိုင်လောက်ဝေးတယ်။ ရဲစခန်းနဲ့နီးတဲ့ရွာတွေက ဘုရားတွေလည်း အခိုးခံရတာပဲ’’ဟု ရွာခံကိုဘိုမင်းက ရင်ဖွင့်ပြောဆိုသည်။

‘‘ရှေးဟောင်းတန်ဖိုးကြီးတာတွေအားလုံး ဒီဘက်မှာ အုံနဲ့ကျင်းနဲ့ကိုရောက်နေတာ။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးသင့်တယ်။ မြန်မာက ရှေးဟောင်းပစ္စည်းတွေ ဘယ်လို အလွယ်ခိုးထုတ်လို့ ရနေတာလဲ။ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ရှေးဟောင်းဌာနတွေ ပူးပေါင်းအဖြေရှာသင့်ပြီ’’ဟု ထိုင်းနယ်စပ်တွင် ၂၆ နှစ်ကျော် နေထိုင်ဖူးပြီး အာဆီယံစီးပွားရေးဆိုင်ရာ လေ့လာကျွမ်းကျင်သူလည်းဖြစ်သူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုသည်။

‘‘ပခုက္ကူဘက်မှာ ရှေးဟောင်းဘုရားပျောက်တဲ့အမှုတွေကို စစ်ဆေးနေပါတယ်။ ဒေသခံတွေက အမှုဖြစ်မှတိုင်တာထက် မပျောက်အောင် ဘယ်လိုလုပ်ရမလဲ။ ပြည်သူတွေကို အသိပညာပေးဖို့လိုတယ်’’ဟု ရေပြာရဲစခန်းမှူးက မှတ်ချက်ပြုသည်။

ပခုက္ကူတွင် ‘‘ဆင်းတုဂူတောင်နှင့် လည်ဖြတ်ရန်အောင်’’ဆိုသည့် အကြီးအကျယ် ဘုရားခိုးသည့် ဘုရားခိုးဂိုဏ်းနှစ်ခုရှိခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။

‘‘ဆင်းတုဂူတောင်ဘုန်းကြီးက ရှေးဟောင်းဘုရားတွေကို သူ့ကျောင်းမှာထားပြီး နယ်စပ်ကို ကားတွေနဲ့ပို့တာ။ လည်ဖြတ်ရန်အောင်ဆိုတာက ဘုရားခေါင်းတော်တွေကိုဖြတ်၊ လက်တွေဖြတ်ပြီးခိုးတာ။ ဘုရားတွေပျောက်ရင် ရန်အောင်ဆီလိုက်ဆိုပြီး နာမည်ကြီးခဲ့တာပေါ့။ ခုဆို သူတို့တွေလည်း ထောင်ကျပြီးလို့ ပြန်လွတ်လာကြပြီ’’ဟု ဆရာတော်ဦးနာယက,က မိန့်ကြားသည်။

ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် မွေးဖွားလာသည့် ကျွန်းရင်းရွာသားများအဖို့တော့ ဘုရားသည်သာ ကိုးကွယ်ရာမို့ ယခုလို ဘုရားခိုးခံလိုက်ရခြင်းအတွက် ယူကျုံးမရဖြစ်ရပါသည်ဟု ရွားသားများကဆိုသည်။

‘‘ကိုယ့်ရွာရဲ့ အထွတ်အမြတ် ကိုးကွယ်ရာမို့ ပြန်ရချင်တယ်။ ဘိုးဘေးတွေက သမိုင်းတစ်ခုအနေနဲ့ ကြီးကြီးမားမားဖြစ်အောင် ပူဇော်ထားတယ်။ ကျွန်တော်တို့လက်ထက်မှာ မထိန်းသိမ်းနိုင်ခဲ့ဘူး’’ဟု ဒေသခံ ကိုနေလင်းစိုးက ဝမ်းနည်းစကားဆိုသည်။

‘‘အသည်းနှလုံး နုတ်သွားသလိုပါပဲ’’ဟု ၎င်းက တစ်လုံးချင်းရေရွတ်လိုက်သည်။          ။

ဇေနွေထွန်း

7Day News Journal အတွဲ (၁၃)၊ အမှတ်(၄)