အမြန်လမ်းမဘေးက ရာဘာခြံတွေ ဘာ့ကြောင့် ခဏခဏ မီးလောင်နေတာလဲ

ပို့စ်တင်ချိန် - 3/26/2014 12:11:00 PM


ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးနံဘေးက ရာဘာစိုက်ကွက်တွေမှာ ဘာ့ကြောင့် နှစ်ရက်ခြားတစ်ခါလောက် မီးတွေလောင်နေတာလဲ။ တပ်မ ၁၁ပိုင်မြေပေါ် MEC က ကုမ္ပဏီတွေကို ရောင်းချခဲ့လို့ ကုမ္ပဏီတွေနဲ့ ရာဘာစိုက်သူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့ရာက ဒီလို မီးလောင်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-နေပြည်တော် မိုင်တိုင် ၂၃/၃ ကနေ ၂၇/၇ ကြားက ဧက ၉ထောင်ကျော်ရှိတဲ့ ရာဘာစိုက်ခင်းတွေ ကို တပ်ပိုင်မြေဆိုပြီး တပ်မ ၁၁က ၁၉၉၆ခုနှစ်မှာ သိမ်းယူခဲ့ပြီးမှ ၂ဝ၁၃မှာတော့ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC က ရာဘာကွက် ၆၈ကွက်ကို ပြင်ပလုပ်ငန်းရှင်တွေကို ရောင်းချပြီး နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်ကစပြီး Mraculous ကုမ္ပဏီက ရာဘာစိုက်ကွက်ထဲ ဝင်ရောက်လာပြီး မူလ ရာဘာစိုက်သူတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရာက မတ်လ ၁ဝရက်နေ့ကပြီး အခုထိ နှစ်ရက်ခြားတစ်ခါ ရာဘာပင်တွေ မီးလောင်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ ရာဘာခြံ ၁၁ ခြံ မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

မအေးသီတာလွင်ရဲ့ ရာဘာစိုက်ခင်း ၁ဝ၅ဧကလောက် မီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။ တပ်ပိုင်မြေကို မသိလို့ဝယ်ယူခဲ့တာဖြစ်ပေမယ့် သမ္မတထိ တိုင်တန်းသွားမယ်လို့ ဆိုပါတယ်။

မြန်မာစီးပွားရေးကော်ပိုရေးရှင်းရဲ့ လုံခြုံရေးတာဝန်ယူသူကတော့ သူတို့အနေနဲ့ စစ်တပ်စီမံကိန်းအဖြစ် အရင်ကတည်းက လုပ်နေတာဖြစ်ပြီး လက်ရှိရာဘာစိုက်သူတွေက အမြန်လမ်းမကြီးဖောက်ပြီးမှ ဝင်ရောက်လာလို့ ဆိုပါတယ်။ နောက်ပြီး MEC ရဲ့ခွင့်ပြုကုမ္ပဏီတွေ ဝင်လာပြီးမှာ မီးလောင်မှုတွေဖြစ်နေတာ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Kamayut Media