ဆက်ကြေးကောက်ပြန်လာသော RCSS/SSA အဖွဲ့နှင့် နယ်မြေခံအစိုးရတပ် တို့ ရွာထိပ်တွင် တိုက်ပွဲဖြစ်

ပို့စ်တင်ချိန် - 3/26/2014 03:31:00 PM


မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု ပန်ကျိုင်းကျေးရွာ ရွာထိပ်၌ ဆက်ကြေးကောက်ပြန်လာသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/ SSA အဖွဲ့နှင့် နယ်မြေခံအစိုးရတပ်တို့ မတ် ၂၃ ရက် နံနက် ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

`` မနက်အစောကြီး သေနတ်သံတွေကြားတော့ တစ်ရွာလုံး ကြောက်လန့်နေကြတာပေါ့၊ ရွာထိပ်မှာ အစိုးရ တပ်နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်တို့ တိုက်ပွဲဖြစ်တာပါ၊ ရှမ်းပြည်တောင်ပိုင်းတပ်က မနေ့တုန်းကတည်းက ရွာထဲမှာ ဆက်ကြေးလာကောက်ရင်း အိပ်နေတာ ´´ ဟု ပန်ကျိုင်းရွာသားတစ်ဦး က ပြောသည်။

အဆိုပါ RCSS/SSA အဖွဲ့သည် ဖာချယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဆက်ကြေးငွေများ လိုက်လံ ကောက်ခံနေသော အဖွဲ့ဖြစ်ပြီး ပန်ကျိုင်းကျေးရွာသို့ ဆက်ကြေးလာကောက်ပြီး အပြန်တွင် နယ်မြေခံ အစိုးရ တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

``ဆက်ကြေးဆိုပြီး ငွေလည်း ပေးရတယ်၊ ဆန်ဆီလည်းပေးရတယ်၊ ၀က်တွေ နွားတွေလည်း ပေါ်ကျွေးရ တာပါပဲ၊ ဒီဒေသမှာကတော့ ရှမ်းပြည်တောင်ပိုင်းတပ်က စစ်သားတွေလာရင် အမြဲတမ်း လုပ်ပေးရတာ ထုံးစံလို ဖြစ်နေပါပြီ´´ ဟု ဖာချယ်ရွာသား ကိုစိုင်းမြင့် က ဆိုသည်။

အချို့ကျေးရွာများ၌ RCSS/SSA အဖွဲ့ ၀င်ရောက်လာသည်နှင့် အလှည့်ကျ ကျွဲ၊ နွား၊ ၀က်များ ပေါ်ပေးရ ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အရက်၊ ဆေးလိပ်နှင့် စားစရာများကို ၀ယ်ပေးရပြီး အဆိုပါ ကုန်ကျငွေ အား ရွာသူရွာသားများက အချိုးကျကျခံကြရကြောင်း သိရသည်။

`` ရွာထိပ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်းတပ်ဆီက သေနတ်တွေ၊ ကျည်ဆံတွေ၊ ၀တ်စုံတွေ ကို အစိုးရတပ်က သိမ်းဆည်းရမိတယ်လို့ ကြားတယ်၊ ဆက်ကြေးကောက်လာတဲ့သတင်းရလို့ နယ်မြေခံတပ် က လာပြီးစုံစမ်းတာလို့ ပြောပါတယ်၊ ဘာပဲဖြစ်ဖြစ် ခုလို ဖြစ်သွားတော့ ဆက်ကြေးကောက်ဖို့ ရှမ်းပြည် တောင်ပိုင်းတပ်တွေလည်း တော်တော်နဲ့ လာရဲတော့မှာ မဟုတ်ပါဘူး ´´ ဟု အမည်မဖော်လိုသော ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားခဲ့သည်။

စိုင်းအောင်ခမ်း
Myawady News