အထွတ်အမြတ်ထားရာကိုမှ ပစ်မှတ်ထားခိုးယူကြသောအခါ

ပို့စ်တင်ချိန် - 3/26/2014 07:57:00 PM


ယောချောင်းအရှေ့ဘက် သစ်တောတစ်ခုအတွင်း တောလမ်းများထဲ၌ အရာဝတ္ထုတစ်ခုကို ပြန်တွေ့နိုး မျှော်လင့်ချက်ဖြင့် ရွာသားတစ်သိုက် တောနင်းရှာဖွေနေသည်။

ဖေဖော်ဝါရီ ၂၇ ရက် ညက ရွာ၏ တန်ဖိုးထားရာတစ်ခု ပျောက်ဆုံးသွားသဖြင့် မတ်လ ၁ ရက် နံနက်တွင် တောနင်းရှာဖွေနေသည့် ရွာသားနှစ်ရာကျော်မှာ မြေလတ်ပိုင်းဒေသ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းရွာသားများဖြစ်သည်။

၎င်းတို့ရှာဖွေနေသောအရာမှာ ရွာတွင် နှစ်ပေါင်း ၁၅၀ ခန့်ကတည်းက ကိုးကွယ်ခဲ့သော ဉာဏ်တော်ကိုးပေရှိ ကျွန်းသား ရွှေချမတ်တတ်ရပ်ရုပ်ပွားတော် မေစန္ဒာဘုရားဖြစ်သည်။

ရုပ်ပွားတော်၏ အလှူဒါယိကာမကြီး ဒေါ်စန္ဒာကို အစွဲပြု၍ အမေစန္ဒာဘုရားဟု ရွာသူရွာသားတို့က နှုတ်ကျိုးနေကြသည်။

သစ်တောအုပ်အတွင်းမှဖြတ်၍ ပခုက္ကူဘက်သို့ ဘုရားခိုးသူများက သယ်ယူမည်ဟု ခန့်မှန်းကာ ရွာသားများက တောအတွင်း ခုနစ်မိုင်ပတ်လည်ခန့်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း နောက်ဆုံးသဲလွန်စမရဘဲ အိမ်ပြန်လှည့်ခဲ့ကြရသည်။

‘‘ဆင်းတုတော်က ကြီးမားတဲ့အတွက် ခိုးတဲ့လူတွေက တောထဲမှာ ဝှက်ထားဦးမှာပဲ။ ချက်ချင်းသယ်နိုင်ဦးမှာ မဟုတ်ဘူး’’ဟု ကျွန်းရင်းရွာသားများ ကိုးကွယ်သည့် ဆရာတော်ဦးနာယက,က မျှော်လင့်ချက်ဖြင့် မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် လူအများစု အထွတ်အမြတ်ထားရာ၊ ကိုးကွယ်ရာ ဗုဒ္ဓဆင်းတုတော်များ အပါအဝင် ရှေးဟောင်းပစ္စည်းများ ခိုးယူခံရမှုမှာ ကျွန်းရင်းရွာမှ ဘုရားတစ်ဆူတည်းသာ မဟုတ်ပါ။ ရှေးဟောင်းမြို့တော် ပုဂံ၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး စသောဒေသအနှံ့တွင် မကြာခဏဖြစ်ပွားနေသည်။

ပုဂံဒေသရှိ မြင်းကပါ၊ မကွေးတိုင်းတွင်းရှိ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်မြို့နယ်တစ်ဝိုက်တွင် ရှေးဟောင်းဘုရားအခိုးခံရမှုများလာကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ကြေးဆင်းတုရုပ်ပွားတော်တစ်ဆူ ခြေတော်ရင်းမှဖြတ်၍ ခိုးယူခံရဖူးပြီး နောင်ချိုမြို့နယ်တွင်လည်း ၂၀၁၃ ခုနှစ်တွင် ခုနစ်လအတွင်း ဘုရားဆင်းတုတော်ရှစ်ဆူ ပျောက်ဆုံးခဲ့ကြောင်း နောင်ချိုမြို့ခံများကပြောသည်။

ပုဂံမြို့ဟောင်းရှိ နာမည်ကြီးဘုရားဖြစ်သော စည်းခုံလေးခုံတွင် တစ်ခုပါဝင်သည့် မြစည်းခုံစေတီတော်၌ တည်ထားကိုးကွယ်ထားသော နဖူးတော်၌ စိန်ပွင့်ငယ်ပါသော မတ်တတ်ကိုယ်တော် ရွှေဆင်းတု (ရွှေပိန်း)လည်း ၂၀၁၃ ခုနှစ်တွင် အခိုးခံခဲ့ရသည်။

အဆိုပါ ဆင်းတုတော်အပါအဝင် ရှေးဟောင်းမြို့တော် ပုဂံတွင် ၂၀၁၃ နှစ်လယ်၌ ရှေးဟောင်းဆင်းတုတော်သုံးဆူ ခိုးယူခံခဲ့ရသည်။

အလားတူ ရခိုင်ဘုရင် မင်းနေပြည်တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့ဝန်းကျင်တွင်လည်း ရှေးဟောင်းဘုရားကျောင်းများ လက်ညှိုးထိုးမလွဲအောင် ရှိခဲ့သော်လည်း ၁၉၇၀ နှင့် ၁၉၈၀ ဝန်းကျင်တွင် ရှေးဟောင်းဘုရားများစွာ အခိုးခံခဲ့ရကြောင်း မြောက်ဦးမြို့မိမြို့ဖ ဦးရွှေတင်ကပြောသည်။

ရှေးဟောင်းပစ္စည်းခိုးယူသူများသည် ရှေးကျသည့် ဆင်းတုတော်အပါအဝင် ပစ္စည်းများမှာ ဈေးပိုရသောကြောင့် ပစ်မှတ်ထားခိုးယူလေ့ရှိသည်။

ရှေးဟောင်းဘုရား ပျောက်ဆုံးမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မည်သို့ဖော်ထုတ်အရေးယူနေသည်ကိုသိရန် မတ်လ ၁၄ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ [email protected] သို့ မေးခွန်းအချို့မေးခဲ့သော်လည်း အထက်သို့ တင်ပြထားသည်ဟုသာ ပြန်လည်အကြောင်းကြားသည်။

ရှေးဟောင်းအမွေအနှစ်
မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ ခုနှစ်မတိုင်မီက ယဉ်ကျေးမှုအနုပညာလက်ရာများကို ရှေးဟောင်းအမွေအနှစ်များအဖြစ် သတ်မှတ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

ရှေးဟောင်းအမွေအနှစ်များထဲတွင် ဘုရားဆင်းတုတော်ကြီး၊ သေး၊ ငယ်၊ ရွယ်များအပြင် ရဟန်း၊ လူ၊ နတ်၊ ခြင်္သေ့၊ ဆင်၊ မြင်း၊ မျောက် စသည့်ရုပ်တုများ၊ သာသနိကဆိုင်ရာ ဘုရားထီး၊ စေတီပုံစံငယ်၊ သပိတ်၊ လူ့အသုံးဆောင် လက်ဝတ်တန်ဆာ ပုတီး၊ လည်ဆွဲ၊ နားတောင်း၊ ဒင်္ဂါး၊ ပိုက်ဆံ၊ လက်နက် ပစ္စည်းမျိုးစုံတို့လည်း ပါဝင်သည်။

‘‘ရှေးဟောင်းပစ္စည်းအစစ်ဆို ဖမ်းလို့ရတယ်။ ဥပဒေအရဆိုရင် ရှေးဟောင်းပစ္စည်း ရောင်းဝယ်လို့မရဘူး။ မိဘ၊ ဘိုးဘွားပိုင်ဆိုရင်တော့ ပိုင်ဆိုင်လို့တော့ရတယ်’’ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

ရှေးဟောင်းပစ္စည်းခိုးယူသူများကို ရှေးဟောင်းပစ္စည်းများ ကာကွယ်သောဥပဒေဖြင့် အရေးယူနိုင်သည်။

ရှေးဟောင်းပစ္စည်းတွေ ဘယ်ကိုရောက်
ရှေးဟောင်းပစ္စည်းများမှာ ပြည်တွင်းမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်သွားကြကြောင်း အဆိုပါ ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ဘုရားဆင်းတုတော်ငယ်များ၊ ရွှေပြားပုရပိုက်စာ၊ ရွှေပြားကမ္ပည်းစာ၊ မင်စာ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ၊ ကျိန်စာ၊ အင်းစာနှင့် ကျောက်သားနံရံ၊ ကျောက်သားဆုံ၊ ကျောက်အိုး၊ ကျောက်ခွက်၊ ကျောက်တံ၊ ကျောက်လုံး၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ ကြေး၊ သံ၊ သတ္တု၊ သစ်သား၊ မြေထည်၊ မြေပုံဘုရား၊ ယွန်းထည်၊ ကြိမ်၊ ဝါး စသည်တို့သည်လည်း မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည်။

မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ နိဗ္ဗာန်ကုန်ဆိုင်ကြီးအချို့နှင့် ကြေးသွန်းလောင်းသည့် ဆိုင်အချို့တွင် ရှေးဟောင်းဆင်းတုတော်များကို ပုံစံပြောင်း၍ ပလတ်စတာပြန်ကိုင်ပြီး နိဗ္ဗာန်ကုန်ဆိုင်မှာရောင်းသော ဘုရားအသွင်ပြောင်း၍ နယ်စပ်သို့ ခိုးထုတ်ခြင်းများရှိကြောင်း လုပ်သက်နှစ် ၂၀ ကျော်ရှိ ရှေးဟောင်းပစ္စည်းရောင်းချသူတစ်ဦးက ဆိုသည်။

‘‘ကြေးလောင်းတဲ့ဆိုင်တွေကလည်း ပွဲစားတွေနဲ့ပေါင်းပြီး အတုနဲ့အစစ်လဲတယ်။ အစစ်ပုံကို ဓာတ်ပုံရိုက်တယ်။ ပြီးရင် ပုံစံတူ အတုလုပ်တယ်။ ရွာက ကျောင်းထိုင်ဘုန်းကြီးတောင် ပွဲစားရဲ့စကားကို နားယောင်တာတွေရှိတယ်။ ရှေးဟောင်းဘုရား လက်ကျိုးတာပြင်မယ်ဆိုပြီး နိဗ္ဗာန်ဆိုင်ပို့တယ်။ အစစ်ကိုယူပြီး အတုကို ရွာကိုပြန်ပင့်တယ်။ ရွာခံတွေက အတုနဲ့အစစ် ဘယ်သိမလဲ’’ဟု ၎င်းကရှင်းပြသည်။

‘‘မြဝတီဘက်မှာရှိတဲ့ နိဗ္ဗာန်ကုန်ဆိုင်အချို့ကိုလည်း စစ်သင့်တယ်။ နိဗ္ဗာန်ကုန်ပို့တယ်ဆိုပြီး စာရွက်စာတမ်းအပြည့်အစုံနဲ့ သယ်တာတွေရှိတယ်။ နယ်စပ်ရောက်မှ ပလတ်စတာပြန်ခွာတာ။ အဲဒီတော့မှ မူလအစစ် ရှေးဟောင်းဆင်းတုတော်ဖြစ်နေတာ’’ဟု မြဝတီမှ ရှေးဟောင်းပစ္စည်းရောင်းချသူတစ်ဦးက ဖွင့်ဟသည်။

ချင်းမိုင်နှင့် မဲဆောက်သည် မြန်မာ၏ ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ လမ်းကြောင်းဖြစ်ပြီး ရှေးဟောင်းဘုရားအများစုသည် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိသွားသည်။

ထိုင်းနိုင်ငံသည် အာရှတိုက်၏ အရေးပါဆုံး ရှေးဟောင်းပစ္စည်း ဈေးကွက်ဖြစ်သည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုသာမက အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ နီပေါ၊ တရုတ်နိုင်ငံများမှ ရှေးဟောင်းပစ္စည်းများကို ခိုးယူရောင်းချရာ ဈေးကွက်ဖြစ်နေသည်။

ယခင်က မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများ မြဝတီမြို့သို့ ယာဉ်တန်း တစ်ရက်ခြား ပုံမှန်ရောက်ရှိတတ်ပြီး တစ်ခေါက်လျှင် အနည်းဆုံး ၁၀ ဘီးကား တစ်စီးစာခန့်ရှိကြောင်း၊ မြဝတီမြို့မှ ရှေးဟောင်းပစ္စည်းပြုပြင်သော အလုပ်ရုံတစ်ခုတွင် (၁၀)နှစ်ခန့် ဝင်ရောက်လုပ်ဖူးသူ အလုပ်သမားတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

‘‘ကုန်ကားတွေမှာ အရောအနှောလုပ်ပြီး သယ်ကြတာ။ လမ်းခရီးမှာ ကျိုးတာပဲ့တာတွေရှိတော့ အလုပ်ရုံမှာ မူရင်းအတိုင်းဖြစ်အောင် ပြန်ပြင်ပေးရတယ်’’ဟု ၎င်းကရှင်းပြသည်။

ထိုင်းနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ မှောင်ခိုပို့နေခြင်းဖြစ်ပြီး ညဘက်လူခြေတိတ်ချိန်တွင် မြဝတီဘက်ခြမ်းမှတစ်ဆင့် လှေများဖြင့် ထိုင်းဘက်သို့ပို့ကြောင်း ရှေးဟောင်းကုန်သည်တစ်ဦးက ရှင်းပြသည်။

မြဝတီတစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ရှေးဟောင်းပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ကြီး ၁၀ ဆိုင်ခန့်ရှိပြီး လက်ရှိ ရောင်းချနေသည့် ရှေးဟောင်းပစ္စည်းတစ်ခု ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ သုံးထောင်တန်မှ ငါးသိန်းတန်အထိရှိပြီး ရှေးဟောင်းပစ္စည်းဈေးကွက်သည် ငွေရပေါက်လွယ်သောလုပ်ငန်းဖြစ်သည်။

မဲဆောက်မြို့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များတွင် ရှေးဟောင်းဘုရားဆင်းတုတော်များ၊ ပုရပိုက်များ၊ ပေစာများ၊ ကျောက်စာများ၊ နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဘီလူးရုပ်များဖြင့် ထုထားသည့် ကျွန်းကုလားထိုင်များကို အစုလိုက်အပြုံလိုက် တွေ့ခဲ့ရ၍ အံ့ဩခဲ့ရကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ နေထိုင်သော အသက်(၄၀)ကျော်အရွယ် ဒေါ်ခင်ဥမ္မာကဆိုသည်။

ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတွင်လည်း ရှေးဟောင်းပစ္စည်းရောင်းချသည့်ဆိုင်များ တရားဝင်ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံမှ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များကိုလည်း ရောင်းချလျက်ရှိသည်။

‘‘ကိုယ့်နိုင်ငံရဲ့ ဘာသာအားဖြင့် တန်ဖိုးကြီးကြီးမားမားထားတဲ့ ဘုရားဆင်းတုတော်တွေ အဲဒီနေရာတွေမှာ ဈေးကွက်ဖြစ်နေတာ စိတ်မကောင်းဖြစ်ရပါတယ်’’ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားအချို့ ဝယ်ယူထားသော ယဉ်ကျေးမှုအနုပညာလက်ရာများကို ရှေးဟောင်းပစ္စည်း ဟုတ်၊ မဟုတ် စစ်ဆေးရခြင်းကို ရန်ကုန်၊ မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသနဌာနနှစ်ခုတွင် စစ်ဆေးပေးကြောင်း ယင်းဌာနမှသိရသည်။

စစ်ဆေးပြီးနောက် ရှေးဟောင်းပစ္စည်းမဟုတ်ပါက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကို ထောက်ခံချက်ပြုလုပ်ပေးရသည့်ဌာန ဖြစ်သည်။

‘‘နှစ် ၁၀၀ အောက်ပစ္စည်းတွေ ဝယ်မယ်ဆို ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကို ဝန်ခံလက်မှတ်ရေးထိုးရတယ်။ ခုလိုလုပ်လည်း မရပါဘူး။ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေ နယ်စပ်ကိုထွက်နေတာပါ’’ဟု ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတစ်ဦးကဆိုသည်။

မကြာသေးမီအချိန်ကလည်း ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ တကောင်းခေတ်နှင့် ကုန်းဘောင်ခေတ်အဆက်ဆက်က ရှေးဟောင်း ဘုရားဆင်းတုတော် ၃၀၁ ဆူကို အောင်ဇမ္ဗူဆရာတော် ဦးပဏ္ဍဝံသထံ ရှေးဟောင်းဘုရား စုဆောင်းခြင်း ဝါသနာပါသူ ဂျပန်လူမျိုးတစ်ဦးက လှူဒါန်းခဲ့သည်။

ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးကဲ့သို့ ရှေးဟောင်းဘုရား စုဆောင်းသူ လူမျိုးများ ကမ္ဘာနိုင်ငံအနှံ့တွင် များစွာရှိနိုင်ပြီး မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ ကမ္ဘာအနှံ့တွင် မည်မျှရောက်ရှိနေနိုင်သည်ကို တွေးဆကြည့်နိုင်သည်။

ဥရောပနှင့် အမေရိကန်နိုင်ငံများသည် ရှေးဟောင်းပစ္စည်းစုဆောင်းခြင်းကို ဝါသနာတစ်ခုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့် ဝယ်ယူခြင်းဖြစ်သည်။

အစိုးရက ဘယ်လိုကာကွယ်စောင့်ရှောက်ပေးနေလဲ
အစိုးရက ယဉ်ကျေးမှုဇုန် ၄၆ ဇုန်ကို စောင့်ရှောက်ပေးနေသည်။ သို့သော် ကျေးလက်ဒေသများရှိ ရှေးဟောင်းဘုရားများထိ အလှမ်းကျယ်အောင် မစောင့်ရှောက်နိုင်သေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

‘‘တစ်နိုင်ငံလုံးအနှံ့တော့ မလွှမ်းနိုင်သေးဘူး။ ပုဂံမှာဆို ဘုရားက ထောင်ချီပြီးရှိတာ။ ဝန်ထမ်းကနည်းတယ်လေ’’ဟု ၎င်းက အခက်အခဲကို ပြောဆိုသည်။

‘‘ဆင်းတုတော်တွေပျောက်တာ လူထုမှာလည်း တာဝန်ရှိတယ်။ ကိုယ့်ဒေသကဘုရား ကိုယ်ပဲမပျောက်ပျက်အောင် ထိန်းရမယ်။ ရပ်ရွာနဲ့ ဘုန်းကြီးတွေက ဦးစီးပြီး ထိန်းသိမ်းရမယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ဒုညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က ပြောကြားသည်။

‘‘ရှေးဟောင်းဈေးကွက်က ခေါင်းထောင်နေတာ ငွေကြေးကြောင့်လုပ်တာ၊ မူးယစ်ဆေးဝါးစွဲလို့လုပ်တာ၊ လောင်းကစားကြောင့်လုပ်တာ၊ အမျိုးမျိုးဖြစ်နိုင်တယ်။ အရောင်းအဝယ်လုပ်သူတွေကို နှိမ်နင်းရမယ်။ ခိုးသူရဲ့အနောက်က အရောင်းအဝယ်လုပ်ငန်းတွေကို ဖော်ထုတ်နှိမ်နင်းဖို့လိုတယ်။ ဘယ်အိမ်တွေမှာ ရှေးဟောင်းဘုရားတွေ အရောင်းအဝယ်လုပ်နေတယ်ဆိုတာကို ပြည်သူကလည်း သတင်းပေးဖို့လိုတယ်’’ဟု ဒုညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က မှတ်ချက်ပြုသည်။

ပုဂံ၊ နေပြည်တော်၊ ရန်ကုန်မြို့ရှိ ဌာနနှင့် ပြတိုက်များတွင် ခေတ်အဆက်ဆက်က ရှေးဟောင်းဘုရား ထောင်ချီပြီး ထိန်းသိမ်းထားသည့် ရှေးဟောင်းဘုရားနှင့် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းရန် လှူခြင်းနှင့် အပ်ခြင်းဟူ၍ နှစ်မျိုးဖြင့်လက်ခံသည်။ သို့သော် ရှေးဟောင်းဘုရားများကို ဌာနသို့ လာရောက်အပ်သူ နည်းပါးကြောင်း ဦးသိန်းလွင်က ဆက်ပြောသည်။

ကျွန်းရင်းရွာ၏ ရှေးဟောင်းဘုရား ပျောက်ဆုံးမှုတွင် ဘုရားထားသည့် လိုဏ်ဂူဝင်ပေါက်သုံးပေါက်ရှိပြီး ကျောင်းနှင့်လည်းလှမ်း၍ လုံခြုံမှုမရှိဘဲ မျက်ကွယ်အရပ်ဖြစ်နေသည်မှာ ပျောက်ဆုံးရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း ပခုက္ကူခရိုင် အမှုဖော်ထုတ်မှု ဒုအဖွဲ့ခေါင်းဆောင် ရေပြာရဲစခန်းမှူး ရဲအုပ်သင်္ခါကျော်ကပြောသည်။

ဆင်းတုတော်ပျောက်ဆုံးပြီး နှစ်ရက်ခန့်အကြာတွင် ဆင်းတုတော်မှ အပိုင်းအစသေးတစ်ခုကို ရွာသူတစ်ယောက် ကောက်ရလာပြီး ခြေရာခံလိုက်ရာ ရွာနှင့်တစ်မိုင်ခန့်ဝေးသည့် တောလမ်းနေရာတွင် ဆင်းတုတော်ကို နှစ်ပိုင်းဖြတ်သွားပြီဟု ယူဆရသည့် သဲလွန်စအဖြစ် လွှစာမှုန့်များကို တွေ့ခဲ့ရသည်။

ကျွန်းရင်းရွာသားများ ရှာဖွေသည်က အရှေ့ဘက်အရပ်ဖြစ်ပြီး ဘုရားကို ခိုးပြီးဖြတ်သွားသည့်နေရာက တောင်ဘက်အရပ်ဖြစ်နေသည်။

‘‘ဘုရားခိုးဂိုဏ်းတွေက ခုမကွေးဘက်မှာ တော်တော်လှုပ်ရှားနေတယ်။ ကျွန်တော်တို့ရွာ ဘုရားပျောက်ပြီး ၁၀ ရက်အကြာမှာ ရဲစခန်းက အမှုဖွင့်ပေးတယ်။ ရွာနဲ့ရဲစခန်းက ရှစ်မိုင်လောက်ဝေးတယ်။ ရဲစခန်းနဲ့နီးတဲ့ရွာတွေက ဘုရားတွေလည်း အခိုးခံရတာပဲ’’ဟု ရွာခံကိုဘိုမင်းက ရင်ဖွင့်ပြောဆိုသည်။

‘‘ရှေးဟောင်းတန်ဖိုးကြီးတာတွေအားလုံး ဒီဘက်မှာ အုံနဲ့ကျင်းနဲ့ကိုရောက်နေတာ။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးသင့်တယ်။ မြန်မာက ရှေးဟောင်းပစ္စည်းတွေ ဘယ်လို အလွယ်ခိုးထုတ်လို့ ရနေတာလဲ။ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ရှေးဟောင်းဌာနတွေ ပူးပေါင်းအဖြေရှာသင့်ပြီ’’ဟု ထိုင်းနယ်စပ်တွင် ၂၆ နှစ်ကျော် နေထိုင်ဖူးပြီး အာဆီယံစီးပွားရေးဆိုင်ရာ လေ့လာကျွမ်းကျင်သူလည်းဖြစ်သူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုသည်။

‘‘ပခုက္ကူဘက်မှာ ရှေးဟောင်းဘုရားပျောက်တဲ့အမှုတွေကို စစ်ဆေးနေပါတယ်။ ဒေသခံတွေက အမှုဖြစ်မှတိုင်တာထက် မပျောက်အောင် ဘယ်လိုလုပ်ရမလဲ။ ပြည်သူတွေကို အသိပညာပေးဖို့လိုတယ်’’ဟု ရေပြာရဲစခန်းမှူးက မှတ်ချက်ပြုသည်။

ပခုက္ကူတွင် ‘‘ဆင်းတုဂူတောင်နှင့် လည်ဖြတ်ရန်အောင်’’ဆိုသည့် အကြီးအကျယ် ဘုရားခိုးသည့် ဘုရားခိုးဂိုဏ်းနှစ်ခုရှိခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။

‘‘ဆင်းတုဂူတောင်ဘုန်းကြီးက ရှေးဟောင်းဘုရားတွေကို သူ့ကျောင်းမှာထားပြီး နယ်စပ်ကို ကားတွေနဲ့ပို့တာ။ လည်ဖြတ်ရန်အောင်ဆိုတာက ဘုရားခေါင်းတော်တွေကိုဖြတ်၊ လက်တွေဖြတ်ပြီးခိုးတာ။ ဘုရားတွေပျောက်ရင် ရန်အောင်ဆီလိုက်ဆိုပြီး နာမည်ကြီးခဲ့တာပေါ့။ ခုဆို သူတို့တွေလည်း ထောင်ကျပြီးလို့ ပြန်လွတ်လာကြပြီ’’ဟု ဆရာတော်ဦးနာယက,က မိန့်ကြားသည်။

ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် မွေးဖွားလာသည့် ကျွန်းရင်းရွာသားများအဖို့တော့ ဘုရားသည်သာ ကိုးကွယ်ရာမို့ ယခုလို ဘုရားခိုးခံလိုက်ရခြင်းအတွက် ယူကျုံးမရဖြစ်ရပါသည်ဟု ရွားသားများကဆိုသည်။

‘‘ကိုယ့်ရွာရဲ့ အထွတ်အမြတ် ကိုးကွယ်ရာမို့ ပြန်ရချင်တယ်။ ဘိုးဘေးတွေက သမိုင်းတစ်ခုအနေနဲ့ ကြီးကြီးမားမားဖြစ်အောင် ပူဇော်ထားတယ်။ ကျွန်တော်တို့လက်ထက်မှာ မထိန်းသိမ်းနိုင်ခဲ့ဘူး’’ဟု ဒေသခံ ကိုနေလင်းစိုးက ဝမ်းနည်းစကားဆိုသည်။

‘‘အသည်းနှလုံး နုတ်သွားသလိုပါပဲ’’ဟု ၎င်းက တစ်လုံးချင်းရေရွတ်လိုက်သည်။          ။

ဇေနွေထွန်း

7Day News Journal အတွဲ (၁၃)၊ အမှတ်(၄)