ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျရောက် မြန်မာများ တွေ့ဆုံပွဲ ကချင် အဖွဲ့အစည်းများ မတက်ဟုဆို

ပို့စ်တင်ချိန် - 11/13/2013 09:20:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁၁

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ လကုန်ပိုင်းတွင် သွားရောက်မည့် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ပြုလုပ်မည့် မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲသို့ ကချင်တိုင်းရင်းသား အဖွဲ့အစည်းများ တက်ရောက်မည် မဟုတ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့တွင် သြစတြေးလျရောက် ကချင်လူမှု အဖွဲ့အစည်းများက ထုတ်ပြန် ပြောဆိုသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချမှုမရှိဘဲ တပ်မတော်ကို နိုင်ငံတကာက အကူအညီများ ပေးရန် စည်းရုံး လှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပွဲများသို့ သြစတြေးလျရှိ ကချင် လူမှုအဖွဲ့အစည်းများ မတက်ရောက်ခြင်း ဖြစ်ကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

ကုလသမဂ္ဂ HIV/AIDS ညီလာခံ တက်ရောက်ရန်အတွက် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခြောက်ရက်ကြာ သြစတြေးလျ ခရီးစဉ်တွင် မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲသို့ ကချင်ဝတ်စုံဖြင့် တက်ရောက်မည့် သူများသည်လည်း ကချင် အဖွဲ့အစည်းများကို ကိုယ်စား မပြုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် အစဉ်တစိုက် စောင့်ကြည့်လျက် ရှိပြီး ကချင်ပြည်နယ် ပဋိပက္ခများ၌ ဝင်ရောက် ကိုင်တွယ် ဖြေရှင်းခြင်း မရှိသည်မှာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ဖိတ်ကြားခြင်း မရှိသည့်အတွက် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ရှင်းပြသည်။
“သူက ဥပဒေပြုရေး မဏ္ဍိုင်မှာပဲ ရှိနေရတာဆိုတော့ လုပ်ချင်တိုင်း လုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ သြစတြေးလျ ခရီးစဉ်တွင် ကချင် အဖွဲ့အစည်းများ တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မသိရှိသေးကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။
“ပြည်ပရောက် ကချင် တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရမ်းအားကိုးကြတာကြောင့် ဒီလို ဆန္ဒထုတ်ဖော်တာတွေ ဖြစ်နေတာပါ” ဟု ၎င်းကဆိုသည်။

အလားတူ စက်တင်ဘာလအတွင်း သွားရောက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူ ခရီးစဉ်အတွင်း ပြုလုပ်သည့် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌လည်း ကချင် လူမှုအဖွဲ့အစည်းများ တက်ရောက်မည် မဟုတ်ကြောင်း စင်ကာပူရောက် ကချင် အဖွဲ့အစည်းများက ထုတ်ပြန် ကြေညာခဲ့ဖူးသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ သွားရောက် ယင်းခရီးစဉ်အတွင်း ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့တို့သို့ သွားရောက်မည် ဖြစ်ကာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
The Voice Weekly