ကားဆယ်စီးတိုက်မှု ဖြစ်ပွားခဲ့သော ယာဉ်မောင်းက အာမခံယူု၍ ထွက်ပြေးတိမ်းရှောင်နေ

ပို့စ်တင်ချိန် - 11/13/2013 11:03:00 AM


လားရှိုး၊ နိုဝင်ဘာ ၁၂။

လားရှိုးမြို့တွင် စက်တင်ဘာ၁၉ရက်က ၁၂ဘီးတပ် ကုန်တင်
ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ယာဉ်ဆယ်စီး ဆင့်တိုက်မှုတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ တရားလိုပြုလုပ် တိုက်တန်းခဲ့သော်လည်း
တရားရုံးမှ ဥပဒေအရ အာမခံ ပေးလိုက်ရာတွင် ယာဉ်မောင်း တိမ်းရှောင်နေသောကြောင့် ဆုံးရှုံးမှု များစွာရှိနေကြောင်း လားရှိုး ယာဉ်ထိမ်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိရဲအုပ်က ပြောကြားသည်။

“ကျွန်တော်တို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့အနေနဲ့ တရားလိုလုပ်ပြီး
ကားနဲ့ဒရိုင်ဘာ ကိုသန်းမြင့်တို့ကို တရားစွဲဆို ခဲ့ရတာပါ။
ကျွန်တော်က တရားလို တစ်ယောက်အနေနဲ့ အခင်း
ဖြစ်ပွားမှုမှာ ပျက်စီးဆုံးရှုံးမှုတွေ များနေတဲ့အတွက် တရားခံ
ကိုသန်းမြင့်ကို အာမခံ မပေးသင့်ကြောင်း ထပ်မံချုပ်နောင်ခွင့် ယမန်တင်ခဲ့ပေမယ့် တရားရုံးက ဥပဒေရဲ့ လုပ်ထုံး လုပ်နည်း
အတိုင်း တရားခံကို အာမခံပေးလိုက်တော့ ပျက်စီးဆုံးရှုံးသွားတဲ့ ကားသမားတွေအတွက် စိတ်မကောင်း ရုံကလွဲပြီး ဘာမှ
မကူညီနိုင်တာ ခွင့်လွှတ်ပါ”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းကြွယ်က ပြောသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်၉ခ/၅၃၄၀ကို
မောင်းနှင်သူ ဦးသန်းမြင့်၊ ကျောက်ဆည်မြို့နေသူအား
ယာဉ်ထိန်းရုံးမှ ဒုရဲအုပ်သန်းကြွယ်က တရားလိုပြုလုပ်၍
လားရှိုးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ပြစ်မှုဆိုင်ရာ
ပုဒ်မ-၃၃၈အရ တရားခံ ယာဉ်မောင်းသည် တရားရုံးမှ ကိုယ်ပိုင်ခံဝင်ကတိဖြင့် အာမခံယူသွားပြီး ရုံးချိန်များတွင်
လာရောက် စစ်ဆေးခံရန် ပျက်ကွက်နေသည့်အပြင် နေရပ်
ဇာတိတွင်လည်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဆက်လက် သိရသည်။

“ကျွန်တော့်ရဲ့ကားက ကားကြီးတိုက်လို့ ပျက်စီးသွားတဲ့
ကားဆယ်စီးထဲက ဒုတိယမြောက် အတိုက်ခံရတဲ့ Light-Truck
အဖြူပါ။ အခင်းဖြစ်တဲ့နေ့ကပဲ မန္တလေးဆေးရုံကို ကျွန်တော့်
အမျိုးသမီးနဲ့ ကျွန်တော် သွားကုခဲ့တာ။ အမျိုးသမီးက ခုချိန်ထိ
ဆေးရုံမှာ မဆင်းရသေးဘူး။ ခြေထောက်နဲ့ နံရိုးကျိုးသွားတယ်။ ကားပြင်တာနဲ့ လင်မယားနှစ်ယောက် ဆေးဖိုးက သိန်းလေး
ဆယ်လောက် ရှိနေပြီ။ တိုက်တဲ့ကားကြီးနဲ့ ယာဉ်မောင်းကတော့
အာမခံနဲ့ လွတ်သွားကုန်ပြီ။ ခုလောက် ဆုံးရှုံးမှုတွေ ဖြစ်သွားခဲ့တာ
တောင်မှ နှစ်နာသွားတဲ့ လူတွေအတွက် ဥပဒေရဲ့ ကာကွယ်မှုက ကျွန်တော်တို့အတွက် မပါသလို ဖြစ်နေပါတယ်”ဟု လိုက်ထရပ်
ကားပိုင်ရှင် ကိုဇော်မင်းနိုင်က ပြောသည်။

အခင်းဖြစ်ပွားစဉ် အဆိုပါ ကုန်တင်ကားကြီး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကားများတွင် ပါဝင်သည့် လိုက်ထရပ်ယာဉ်တွင် စီးနှင်းလိုက်ပါ၍ ဒဏ်ရာအပြင်းထန်ဆုံး ဒေါ်နီိနီလွင်သည်
အ.ထ.က(၂)မှ အထက်တန်းပြ ဆရာမတစ်ဦးဖြစ်ပြီး ကျိုးကြေ
သွားသော ဒဏ်ရာများကြောင့် မန္တလေး၌ ဆေးကုသမှု ခံနေရဆဲရှိကာ အခြား ပျက်စီးသွားသော ကားများနှင့် လူနာများအတွက်
နစ်နာကြေး တစ်စုံတစ်ရာ မရရှိဘဲ ဆုံးရှုံးမှု များစွာရှိနေကြောင်း လားရှိုးယာဉ်ထိန်းရုံးမှ တာဝန်ရှိသူများက ပြောကြသည်။

တင်ဦး
The Myanma Age