အရှေ့အနောက်စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုပြီးစီးပါက မွန်ပြည်နယ်၊ မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံ ဒေသများသည် စီးပွားရေးအရ အချက်အချာကျလာပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးလာနိုင်

ပို့စ်တင်ချိန် - 11/13/2013 09:01:00 AM


မော်လမြိုင် စက်မှုဇုန်ကို နိုဝင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ လေးနိုင်ငံကို ဖြတ်ထားပြီး မြန်မာနိုင်ငံ မော်လမြိုင်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ဆက်သွယ်ထားသော အရှေ့အနောက် စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုမှာ မကြာမီ ပြီးစီးတော့မည် ဖြစ်ပြီး ထိုသို့ပြီးစီးပါက မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံဒေသများသည် စီးပွားရေးအရ အချက်အချာကျမှုနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမည့် နေရာများ ဖြစ်လာနိုင်ကြောင်း Competitiveness for AEC ခေါင်းစဉ်ဖြင့်  ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြသည်။
"အရှေ့အနောက် စီးပွားရေး စင်္ကြံကနေ မြန်မာနိုင်ငံအတွက် ဘယ်လို အခွင့်အရေးတွေရှိမလဲဆိုတော့ အချက်လေးချက် ရည်မှန်းထားတယ်။ စီးပွားရေး ပိုပြီးတိုးတက်လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်။ နောက်တစ်ခုက ပို့ကုန်ပစ္စည်းတွေ ပိုပြီးတင်ပို့နိုင်မယ်။ ဒါမှ ဆင်းရဲမွဲတေမှု လျှော့ချနိုင်မယ်။ ဒီအချက်လေးချက်ကို ကျွန်တော်တို့ လက်ခံပြီး ဆောင်ရွက်နေတာပါ။ ဒီကော်ရီဒါကို ဘယ်ကိုဖြတ်သွားလဲဆိုတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဖြတ်သွားတာ တွေ့ရတယ်။ ဒါကြောင့် မော်လမြိုင် ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း သွားနိုင်ပါတယ်။ ထိုင်းဘက်ကိုလည်း ဆင်းနိုင်တယ်။ မလေးရှားဘက်ကိုလည်း သွားနိုင်ပါတယ်။ နောက် River Export အနေနဲ့ဆိုရင် သံလွင်မြစ်၊  ဂျိုင်းမြစ်တွေကနေဖြတ်ပြီး တင်ပို့နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့ ဈေးကွက်ကို ချဲ့ထွင်သွားနိုင်မှာကို တွေ့ရပါတယ်။ အခု ဒီကော်ရီဒါ ဖြတ်တဲ့လေးနိုင်ငံရဲ့ ဈေးကွက်ကို ရမယ်။ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ သစ်သီးတွေ၊ ရော်ဘာတွေ၊ သစ်တောထွက် ပစ္စည်းတွေ၊ ရေထွက်ကုန်တွေ ဒါတွေက ဒီကော်ရီဒါမှာ ဆောင်ရွက်နိုင်ပါတယ်။ ဒါနဲ့အတူ Industrial Estate တွေကိုလည်း မြို့ကြီးတွေ၊ မော်လမြိုင်၊ သထုံ၊ ဘားအံနား တစ်ဝိုက်မှာ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ရလာမှာပါ" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်က ပြောကြားသည်။
အလားတူ ခရီးသွားလာရေး လုပ်ငန်းများ များစွာ အရေးပါလာမည် ဖြစ်ကြောင်း၊ ဥပမာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တစ်လျှာက်တွင် Tourist site များ များစွာရှိကြောင်း၊ ယခုဆိုလျှင် မော်လမြိုင်နှင့် ဘီလူး ကျွန်းကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက တံတားထိုးဖို့ စီစဉ်နေကြောင်း သိရသည်။
"အဲဒီ ဘီလူးကျွန်းမှာ အရင်တုန်းက ကျောက်တံလုပ်တယ်။ ကျောက်သင်ပုန်းလုပ်တဲ့ ရွာလွတ်ဆိုတာ ရှိတယ်။ အခုအချိန်မှာ တိမ်ကောနေပြီ။ ဒါတွေကို ပြန်ပြီး ဖော်ထုတ်ပြီးတော့ ၊ အခြား Tourist site တွေလည်းရှိပါတယ်။ ဒီနေရာတွေက ခရီးသွားတွေကို ဆွဲဆောင်ဖို့ ရှိရင်းစွဲ  Resource တွေ အများကြီးရှိတဲ့ နေရာပါ "ဟု ဦးအောင်မြင့်က ပြောကြားသည်။
ထို့အတူ East West Economic corridor အရှေ့အနောက် စီးပွားရေးစင်င်္ကြံကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ ဥပမာ ရန်ကုန် ဘန်ကောက် ရေလမ်းမှ မိုင် ၁၉၄၄ ရှိသော်လည်း ယခုလမ်းကြောမှ လာပါက မိုင် ၄၅၀ လောက်သာ ရှိကြောင်း၊ ရန်ကုန်မှ ဒါနန်းရေလမ်းမှ သွားလာပါက မိုင် ၂၀၀၀ ကျော်ရှိသော်လည်း ယခု လမ်းကြောမှ သွားပါက ၉၀၀ သာ ရှိမည် ဖြစ်ကြောင်း၊ ဘန်ကောက် ဒါနန်းမှာလည်း ရေလမ်းမှသွားပါက မိုင်ပေါင်း ၁၀၀၀ ကျော် ရှိသော်လည်း ကုန်းလမ်းမှလာပါက ၇၀၀ ကျော်သာ ရှိတော့မည်ဖြစ်သည့်အတွက် ဒေသအတွင်း ချိတ်ဆက်သွားလာမှုနှင့် ကုန်သွယ်မှုများစွာ ချောမွေ့သွားနိုင်ကြောင်း သိရသည်။
"နောက်ပြီးတော့ ဒီ East West Eco-nomic corridor ကို အထောက်အကူပြုဖို့ မော်လမြိုင်မှာ deep sea port တစ်ခုဆောက်ဖို့ ဆိုပြီးတော့ အရင်တုန်းက စီစဉ်ထားတယ်။ ဒါပေမဲ့ မော်လမြိုင် ဧရိယာဟာ deep sea port လုပ်ဖို့ အလွန်ခက်ခဲတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရတယ်။ မော်လမြိုင်နားမှာ မဖြစ်နိုင်ဘူး။ ကုလားကုတ်လို နေရာမျိုးမှာ ဖြစ်နိုင်တယ်။ သူကတော့ သံဖြူဇရပ်နဲ့  မြိတ်ကြားထဲမှာ ရှိတယ်။ ဒါပေမဲ့ deep sea port လုပ်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှု လိုတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ အရှေ့အနောက် စီးပွားရေးစင်္ကြံ ပြီးစီးပါက မော်လမြိုင်ဆိပ်ကမ်းမှ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများနှင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနိုင်ငံ ဆိပ်ကမ်းများကြား ကမ်းရိုးတန်း ကုန်တင် သင်္ဘောများဖြင့် ဆက်သွယ်နိုင်ခြင်း၊ သံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်များတစ်လျှောက် မြစ်ကြောင်း သွားလာရေး ကောင်းမွန်လာခြင်း၊ ယခုလက်ရှိ ရန်ကုန်မှ ကော့သောင်းအထိ ဆက်သွယ်ထားသော ကားလမ်းနှင့် အရှေ့အနောက် စင်္ကြံလမ်းတို့ကိုဖြတ်ပြီး ကုန်းလမ်း ချိတ်ဆက်မှု ကွန်ရက် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
အလားတူ ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ဥပမာ မော်လမြိုင်မြို့ ပတ်ဝန်းကျင်တွင် ကမ္ဘာ့အဆင့်မီ ခရီးသွားလာ လည်ပတ်နိုင်သော ဒေသများစွာရှိကြောင်း၊ မော်လမြိုင်၊ ဘီလူးကျွန်း၊ ကျိုက္ခမီ၊ ကျိုက်မရော၊ မုဒုံနှင့် သံဖြူဇရပ်တို့အပြင် စက်စဲကမ်းခြေတို့ ပါဝင်ကြောင်း သိရသည်။  
မြန်မာနိုင်ငံအနေဖြင့် ဤလမ်းကြောင်းကြောင့် အရှေ့ဘက်ဒေသတွင်ရှိသော စားသုံးသူ သန်း ၁၀၀ ရှိသည့် ကြီးမားသော ဈေးကွက်နှင့် ချိတ်ဆက်မှု ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီးပွားရေးစင်္ကြံ အနေဖြင့် မြန်မာနိုင်ငံ အပါအ၀င် ထိုင်းနိုင်ငံ၊ လာအို၊ ဗီယက်နမ်နိုင်ငံများကို ဖြတ်၍ ဖောက်လုပ်ထားကြောင်း သိရသည်။
Eleven Media Group