ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင် သူပုန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် မတ်လကုန်တွင် လက်မှတ်ရေထိုးမည်

ပို့စ်တင်ချိန် - 3/01/2014 07:13:00 PM


ပူထရာဂျာယာ၊ ဖေဖော်ဝါရီ ၂၈

အာရှဒေသတွင် အရှည်ကြာဆုံးနှင့် လူအသေအပျောက် အများဆုံး ပြည်တွင်း စစ်ပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဖိလစ်ပိုင် အစိုးရနှင့် မွတ်ဆလင် သူပုန်များအကြား ပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လာမည့် မတ်လအကုန်တွင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင် သူပုန်အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို မတ်လကုန်ပိုင်းတွင် ရေးထိုးမည် ဖြစ်သည်ဟု မလေးရှားသို့ အလည်အပတ် ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဘန်ဂီနို အကွီနိုနှင့် တွေ့ဆုံအပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သောကြာနေ့တွင် ပြောကြားသည်။

ထို့ပြင် အဆိုပါ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲကို အသိသက်သေအဖြစ် တက်ရောက်ရန် ၎င်းအား ဖိလစ်ပိုင်သမ္မတ အကွီနိုက ဖိတ်ကြားထားကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ အကွီနို၏ အကြံပေးရုံးမှ တာဝန်ရှိသူ တစ်ဦးကလည်း အစိုးရနှင့် မွတ်ဆလင် သူပုန်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို မတ်လအကုန်ပိုင်းတွင် ရေးထိုးမည်ဟူသော သတင်းကို အတည်ပြု ပြောကြားခဲ့ပြီး ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းကပြောကြားသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနို ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စွာ ပြီးဆုံးသွားခြင်းဖြင့် မင်ဒါနိုဒေသခံ ပြည်သူများကို စွမ်းရည် မြှင့်တင်အောင် ပြုလုပ်နိုင်သွားပြီး ဖြစ်ကြောင်း မလေးရှားနိုင်ငံ အစိုးရရုံးစိုက်ရာ မြို့ဖြစ်သော ပူထရာဂျာယာမြို့တွင် ဖိလစ်ပိုင်သမ္မတ ဘန်ဂီနိုအကွီနိုက သတင်းထောက်များကို ပြောကြားသည်။

ဆယ်စုနှစ်တစ်စုကြာ ဖြစ်ပွားခဲ့သော ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနိုဒေသရှိ မွတ်ဆလင် သူပုန်များနှင့် အစိုးရအကြား ပဋိပက္ခတွင် လူပေါင်း ၁၅၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့်လက ဖိလစ်ပိုင်အစိုးရနှင့် အဖွဲ့ဝင် ၁၂၀၀၀ ခန့်ရှိသော Moro Islamic Liberation Front (MILF) သူပုန် အဖွဲ့တို့အကြား မွတ်ဆလင်အများစု နေထိုင်ရာ ဖိလစ်ပိုင် တောင်ပိုင်းဒေသများတွင် အာဏာခွဲဝေ ကျင့်သုံးမည့် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင် သူပုန်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည်။

ယခုငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ၁၉၇၀ ပြည့်နှစ်များမှ စတင်ခဲ့သော လူပေါင်းသိန်းချီ သေဆုံးခဲ့ရသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သော်လည်း သဘောတူညီချက်များကို လက်တွေ့အကောင်အထည် ဖော်ခြင်း စသော ခက်ခဲသည့် အဆင့်များနှင့် စတင်ကြုံတွေ့ရတော့မည် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ အကွီနို၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကြီးအကဲက သတိပေး ပြောကြားထားသည်။

လက်တွေ့အကောင်အထည် ဖော်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများတွင် ပင်မသူပုန်အဖွဲ့မှ ကွဲထွက်သွားသော သူပုန်အဖွဲ့ငယ်များ၏ ခြိမ်းခြောက်မှု၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ရန်လိုသော နိုင်ငံရေးသမားများ၏ ထောက်ခံမှု ရရှိအောင် ကြိုးပမ်းရမှု၊ နိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ် သတ်မှတ်သည့်ကိစ္စ စသည်တို့ ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly