ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ အနက် ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်နှင့် ထားဝယ်လေဆိပ် လေးခုအား လုပ်ငန်းရှင်အများဆုံး စိတ်ဝင်စား

ပို့စ်တင်ချိန် - 3/16/2014 09:19:00 AM


Written by: ရွှန်းလဲ့ဝင်း

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ အနက် ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်နှင့် ထားဝယ်လေဆိပ် လေးခုသည် ပုဂ္ဂလိကမှ ရယူလုပ်ကိုင်ရန် အများဆုံးစိတ်ဝင်စားမှု ရှိနေသည့် လေဆိပ်များဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက စီစဉ်ခဲ့သည်။

သို့ဖြစ်၍ ပုဂ္ဂလိကမှ လွှဲပြောင်းရယူ လုပ်ကိုင်လိုသည့် ပြည်တွင်းလေဆိပ်များ၏ Registry of Interest (ROI) အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ (ROI) မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြည်တွင်းလေဆိပ် ၃၀ အနက် မည်သည့်လေဆိပ်များကို ရယူလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိသည်။ လေဆိပ်လုပ်ငန်းအသီးသီးအနက် မည်သည့်အပိုင်းအား ရယူလုပ်ကိုင်လိုသည် စသည့်အချက်များအား စာရင်းကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စာရင်းကောက်ယူရာတွင် ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်နှင့် ထားဝယ်လေဆိပ် လေးခုအား ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ရယူလုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိနေခြင်းဖြစ်သည်။

“ပြည်တွင်းလေဆိပ်တွေကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုဖို့ (ROI) ခေါ်တဲ့နေရာမှာ ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်နှင့် ထားဝယ် လေဆိပ်လေးခုကို ရယူလုပ်ကိုင်ဖို့ အများဆုံးစိတ်ဝင်စားမှု ရှိနေပါတယ်”ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ မှာ ပုဂံညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက် ဖြူလေဆိပ်များ ဖြစ်သည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာတွင် လေဆိပ်တစ်ခုလုံးအား လွှဲပြောင်းလုပ်ကိုင်သည့် နည်းလမ်းကို ဦးစားပေးသွားမည်ဖြစ်ပြီး၊ လေဆိပ်တစ်ခုလုံးအား လွှဲပြောင်းရယူခြင်း မရှိဘဲကဏ္ဍအလိုက် လွှဲပြောင်းရယူ လုပ်ကိုင်လိုသူများအတွက် ကဏ္ဍများအား Registry of Interest(ROI) ဖော်ပြချက်တွင် ကဏ္ဍ ၁၀ ခု ခွဲခြားဖော်ပြထားသည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာတွင် နိုင်ငံတကာလေဆိပ်အဆင့်သို့ တိုးမြှင့်လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ဘဲ ပြည်တွင်းလေဆိပ်များအဖြစ်သာ အဆင့်မြှင့်တင် လုပ်ကိုင်ရမည်ဖြစ်သည်။ ယင်းပြင် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုမည်မဟုတ်ဘဲ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဥပဒေအတိုင်းသာ လိုက်နာသွားရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခု အနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှုအများဆုံးဖြစ်ပြီး၊ ဒုတိယ ပုဂံညောင်ဦးလေဆိပ်နှင့် တတိယမှာ တာချီလိတ်လေဆိပ်တို့ ဖြစ်သည်။

ထားဝယ်လေဆိပ် အဆောက်အအုံအား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်)

Credit Eleven Media Group