ကျန်းမာရေးဝန်ကြီးဌာနက လွှဲယူထားသည့် MSF မှ ဆေးဝါးထောက်ပံ့ လူနာများကို စစ်တွေ၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံများတွင် ဆေးဝါးထောက်ပံ့

ပို့စ်တင်ချိန် - 3/16/2014 02:52:00 PM

လှိုင်သာယာမြို့နယ်အတွင်းရှိ MSF ဆေးခန်းတွင် ဆေးလာရောက် ရယူနေသူများအား တွေ့ရစဉ်

Written by: အိသဉ္ဇာကျော်

ရခိုင်ပြည်နယ်ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ MSF(AZG) မှ ဆေးဝါးထောက်ပံ့ပေးနေသည့် လူနာများကို စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတောမြို့များရှိ ပြည်သူ့ဆေးရုံများတွင် အေအာတီဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း ကျန်းမာရေးဦးစီးဌာန အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သိရသည်။
အဆိုပါ ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိအချိန်၌ အေအာတီဆေးဝါး လိုအပ်နေသည့် လူနာ ၇၀၀ ကျော်ကို ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိပြီး အမျိုးသား ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဆရာဝန်ကြီးများမှလည်း ယင်းဒေသများသို့ သွားရောက်ကာ လိုအပ်သည့် အကူအညီများ၊ သင်တန်းများ ပို့ချလျက်ရှိကြောင်း သိရသည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF(AZG) က ဆေးဝါးထောက်ပံ့ပေးနေသည့် လူနာများကို မတ်လအစောပိုင်းမှစ၍ ကျန်းမာရေးဝန်ကြီးဌာနမှ လွှဲပြောင်းယူခဲ့ပြီး ဆေးဝါးထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF(AZG) အနေဖြင့် လက်ရှိတွင် ရခိုင်ပြည်နယ်မှအပ တစ်နိုင်ငံလုံးရှိ အကူအညီပေးနေသည့် ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မတ် ၃ ရက် မှစ၍ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) ၏ လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်ဟုဆိုကာ လုပ်ငန်းများအား ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ကချင်၊ ချင်း၊ ရ ခိုင်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ HIV/AIDS နှင့် တီဘီဆေးများ ပေးနေသည့် MSF(AZG) ဆေးခန်းများ ခေတ္တပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရညွှန်ကြားသည်ဟုဆိုသော MSF ဘက်မှ ထုတ်ပြန်ချက် အသုံးအနှုန်း လွဲမှားနေကြောင်းကို မတ် ၁ ရက်က သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြန်လည်ပြောကြားခဲ့ပြီးနောက် မတ် ၃ရက်တွင် ရခိုင်ဒေသမှအပ ဆေးခန်းများအားလုံးတွင် ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


Eleven Media Group