တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်

ပို့စ်တင်ချိန် - 3/16/2014 10:18:00 AM


Sunday , March 16 , 2014

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြည်တွင်း၌ အိမ်နီးချင်းနိုင်ငံအချို့သို့ လူကုန်ကူးခံခဲ့ရသူအများစုမှာ ဗဟုသုတနှင့် အတတ်ပညာ အားနည်းခြင်း၊ ဘ၀ရပ်တည်မှု ခက်ခဲပြီး စားဝတ်နေရေး အဆင်မပြေမှုများကြောင့် လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားအများစုမှာ ပြည်ပနိုင်ငံများ၌ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊အမျိုးသမီးအများစုမှာ အလိုမတူဘဲ ဇနီးမယားအဖြစ် ပေါင်းသင်းရခြင်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က “ပြည်ပနိုင်ငံအချို့မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပြီးတော့ အခက်အခဲတွေ ဖြစ်နေတာ အများကြီးရှိတယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ ဌာနဆိုင်ရာတွေ အချင်းချင်း ချိတ်ဆက်ပြီးတော့ ပြန်ခေါ်နေတာ ရှိတယ်။ ဒါ့အပြင် လူကုန်ကူးခံရလို့ သူတို့ကို လာကယ်တင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ထားတာတွေ ရာဂဏန်းလောက် ရှိတယ်။ ဒါတွေကို ကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။ လူမှုအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်တယ်။ ဒါ့ပြင် NGO တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပေမယ့်လည်း မှန်ကန်ကြောင်းကို အရင်ဆုံးသေသေချာချာ စစ်ဆေးနေရပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “မူဆယ်မှာ အလုပ် လုပ်ရမယ်ဆိုပြီးတော့ ရရှိမယ့်လစာကို မက်လုံးပေးပြီး အလုပ်ခေါ်တာတွေကို သတိထားဖို့ လိုအပ်ပါတယ်။ မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံကို သွားဖို့အတွက် အရမ်းလွယ်ကူသွားပါပြီ။ မြန်မာအမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေနဲ့ ပေါင်းသင်းဖို့ ဇနီးအဖြစ် အများဆုံးရောင်းစား ခံနေရပါတယ်”ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောကြားခဲ့သည်။

eleven media group