ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် ပန်းရောင်စိန်ပွင့်ကြီး

ပို့စ်တင်ချိန် - 3/16/2014 02:52:00 PM


(၅၉.၆၀)ကာရက်ရှိသော ဘဲဥပုံ စိန်ပွင့်ကြီးကို လက်စွပ်ကွင်း၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူ တစ်ဦးက ဒေါ်လာ (၈၃)သန်း ဈေးပေး ဝယ်ယူသွားခဲ့
ဆွစ်ဇာလန်နိုင်ငံတွင် လေလံတင်ရောင်းချခဲ့သည့် ပန်းရောင်စိန်ပွင့်ကြီးသည် သွေးထားသော စိန်များအနက် ကမ္ဘာ့စံချိန်တင် တန်ကြေးအမြင့်ဆုံးထိ ရရှိခဲ့ကြောင်း သိရှိရသည်။ (၅၉.၆၀)ကာရက်ရှိသော ဘဲဥပုံ စိန်ပွင့်ကြီးကို လက်စွပ်ကွင်း၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူ တစ်ဦးက ဒေါ်လာ (၈၃)သန်း ဈေးပေး ဝယ်ယူသွားခဲ့သည်။ ဂျနီဗာတွင် အတည်ပြု ဖြစ်မြောက်ခဲ့သော အရောင်းအဝယ်သည် ကျောက်မျက်ရတနာ တစ်ပွင့်အတွက် ဈေးအမြင့်ဆုံးပေးသည့် ကမ္ဘာ့စံချိန်တင် မှတ်တမ်းလည်း ဖြစ်လာစေခဲ့သည်။
Pink Starဟု အမည်ပေးထားသည့် စိန်ကြီးသည် အရိုင်းထည်ဘဝက (၁၃၂.၅)ကာရက် ရှိခဲ့ပြီး ယင်းကို (၂)နှစ်ကြာ အချိန်ယူကာ လက်ရာမြောက် လှပစွာ သွေးခဲ့ခြင်း ဖြစ်သည်။စိန်ပွင့်ကြီး၏ အတိုင်းအတာမှာ အလျား (၂.၆၉)စင်တီမီတာ၊ အနံ(၂.၀၆) စင်တီမီတာရှိသည်။ ဆွစ်လေလံဌာန Sotherbyသည် အဆိုပါ စိန်ပွင့်ကြီးအား တာဝန်ယူ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး (၅)မိနစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းကို ပေးချေကာ အမည်မဖော်ပြသူ တစ်ဦးက ဝယ်ယူသွားခြင်း ဖြစ်သည်။ လေလံခေါ်ဆိုမှု အောင်မြင်ပြီးနောက်တွင် Sotherbyက Pink Panther ရုပ်ရှင်ကို နောက်ခံအဖြစ် ပြသကာ အတည်ပြုချက် ပေးခဲ့သည်။
ထို့အပြင် လေလံ အစီအစဉ်မှူးက "ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးလူကောင်းများ ခင်ဗျား။ စိန်တစ်ပွင့်အတွက် ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဟာ ခုချိန်မှာ အတည်ဖြစ်လာပါပြီ"ဟုလည်း ကြေညာခဲ့သည်။ လွန်ခဲ့သော (၃)နှစ်က Graff Pink စိန်ပွင့်ကြီးအတွက် ကမ္ဘာ့စံချိန်တင်အဖြစ် ဒေါ်လာ (၄၆.၂)သန်းဖြင့် ဝယ်ယူမှု ရှိခဲ့ဖူးသည်။ အဆိုပါ စိန်ကြီးသည် အရွယ်အစားအားဖြင့် Pink Star၏ ထက်ဝက်မျှသာ ရှိသည်။ Pink Starကို အာဖရိကတိုက်တွင် De Beers ကုမ္ပဏီက (၁၉၉၉)ခုနှစ်တွင် အရိုင်းထည် စိန်တုံးအဖြစ် တူးဖော် တွေ့ရှိခဲ့ခြင်းဟု လေလံဌာန မှတ်တမ်းများက ဖော်ပြထားသည်။

Planet Myanmar Network