မသန်စွမ်း ဥပဒေ ရေးဆွဲအပြီး ငါးနှစ်အကြာ ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည်ဟုဆို

ပို့စ်တင်ချိန် - 3/16/2014 04:15:00 PM


ရန်ကုန်၊ မတ် ၁၅

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲ များစွာ ရှိနေဆဲ ဖြစ်ပြီး ထိုအခက်အခဲများ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ဖြေရှင်းနိုင်ရန်၊ အခွင့်အရေးများ ရရှိစေရန်တို့ အတွက် ၂၀၁၀ ပြည့်နှစ် ကတည်းက ရေးဆွဲခဲ့သော မသန်စွမ်း ဥပဒေကို လာမည့် ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

မသန်စွမ်း ဥပဒေမူကြမ်းကို ၂၀၁၃ ဖေဖော်ဝါရီလတွင်းက အစိုးရထံ တင်ထားပြီး လွှတ်တော် ကိုယ်စားလှယ် များ၏ အကြံပြု ဆွေးနွေး အတည်ပြုပြီးပါက နိုင်ငံတော် သမ္မတထံ တင်ကာ နိုင်ငံတော် သမ္မတ လက်မှတ် ရေးထိုးပြီးလျှင် ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မသန်စွမ်း အမျိုးသမီးများ အသင်း၏ စည်းရုံး စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ၌ မတ်လ ၁၅ ရက်နေ့တွင် စတင် ကျင်းပသည့် “အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့” ဖိုရမ် ပထမနေ့တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်၍ မသန်စွမ်းသူများ အရေး ဦးဆောင်နေသော အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင်နေသော အဖွဲ့များ၊ မသန်စွမ်းသူများ အရေး ပါဝင် ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်ကာ ၂၀၁၀ က စတင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

မသန်စွမ်းသော အမျိုးသမီးများသည် အမျိုးသားများထက် အခြေခံ ဝန်ဆောင်မှု ရရှိရေး အခွင့်အရေး ပို၍ နည်းပါးသည်ကို သုတေသနပြုချက်များ အရ တွေ့ရှိရကြောင်း လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှု အဖွဲ့ (SPPRG) က ဒါရိုက်တာ Dr. Mike Griffiths က ပြောကြားသည်။

“သူများတွေမှာ ရှိတဲ့ အရည်အချင်းတွေ မသန်စွမ်းတွေမှာလည်း ရှိပါတယ်။ ဒီအရည်အချင်းကို ဖော်ထုတ်ပေးမယ့်သူ၊ လက်ကမ်း ကြိုဆိုပေးမယ့် သူမရှိလို့ တိမ်မြုပ် နေရတာပါ” ဟု မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်းမှ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပြောကြားသည်။

မသန်စွမ်း အမျိုးသမီးများကို ချန်မထားဘဲ သန်စွမ်းသော အမျိုးသမီးများ ကဲ့သို့ ထည့်သွင်း စဉ်းစား၍ ကူညီ စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် အနိုင်ကျင့် အကြမ်းဖက် ခံနေရသည့် အတွက် အမျိုးသမီး သန်းတစ်ထောင် ခန့်မှာ အနိုင်ကျင့် အကြမ်းဖက်ခြင်း ခံနေရကြောင်း WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) အစီရင်ခံစာအရ သိရသည်။

The Voice Weekly