မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့တွင် ဆန္ဒပြ

ပို့စ်တင်ချိန် - 3/16/2014 02:30:00 PM


ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာများ မဆောက်ရန် နိုင်ငံတကာက ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့ အဖြစ် အသိအမှတ် ပြုထားသော မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ များက ပြောကြားသည်။

တရုတ်ရေအား လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းထားရာမှ အပြီးတိုင် ဖျက်သိမ်းရေး အတွက် ဧရာဝတီအရေး လုပ်ရှားသူများ အဖွဲ့ ၃၂ ဖွဲ့က မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး သံလွင်မြစ် အတွင်း ရေကာတာနှင့် ရေအားလျှပ်စစ် လုပ်ငန်းများ မလုပ်ကိုင်ရန် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်မှ တက်ကြွ လှုပ်ရှားသူ လူငယ် ၁၅၀ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် မဖော်ရန် ဆန္ဒဖော်ထုတ်ပွဲသို့ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငါးခုမှ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ကချင်ပြည်နယ်ရှိ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ လူအင်အား သုံးရာကျော်ဖြင့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် မန္တလေး စိမ်းရောင်စို အဖွဲ့ ဥက္ကဋ္ဌ ဦးတင်က ပြောကြားသည်။

“ဒီစီမံကိန်းက မြန်မာပြည်သူတွေရဲ့ ဆန္ဒမပါဘဲ စခဲ့တဲ့ စီမံကိန်း၊ တရားဝင် နည်းလမ်းတကျ ရထားတဲ့ စီမံကိန်းလည်း မဟုတ်ဘူးလို့ ယူဆတယ်။ ဒါ့ကြောင့် စီမံကိန်း ဖျက်သိမ်းတဲ့ အထိ လူအင်အားနဲ့ ဆန္ဒဖော်ထုတ်မယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေသခံများနှင့် ဧရာဝတီအရေး လှုပ်ရှားသူများ အဖွဲ့၏ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ တရုတ်ရေအား လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီ၏ မှတ်ချက်ကို ကုမ္ပဏီ တာဝန်ခံထံ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းတာဝန်ခံ မရှိကြောင်း တာဝန်ကျ ဝန်ထမ်းက ပြန်လည် ဖြေကြားခဲ့သည်။

ကမ္ဘာ့အရှည်ဆုံး မြစ်များ စာရင်းတွင် ပါဝင်သည့် သံလွင်မြစ်၏ လွတ်လပ်စွာ စီးဆင်းနေခြင်းကို ရေကာတာ ခြောက်ခု တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ၁၅၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် စီမံကိန်းကို တိုင်းရင်းသားများက သဘောမတူကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို ချောင်းဆုံ မြို့နယ်ရှိ ကော့မုပွန် ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် လူငယ် ကိုယ်စားလှယ် ဦးကြည်ဇော်လွင်က ပြောကြားသည်။

စီမံကိန်း၏ ဆိုးကျိုး သက်ရောက်မှုကို အများဆုံး ခံစားရမည့် သူများမှာ စီမံကိန်း တည်ရှိရာ ဒေသများမှ ဒေသခံများ ဖြစ်သော်လည်း စီမံကိန်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အား အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံများ အတွက်သာ ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်၌ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်သည့် ကွမ်းလုံရေကာတာ စီမံကိန်းအတွက် လမ်းများ ဖောက်လုပ်ခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ဒေသခံများ မြေယာနှင့် အိုးအိမ်များ ဆုံးရှံးမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ဦးစောသာဘိုးက ပြောကြားသည်။

ယင်းဆန္ဒ ဖော်ထုတ်ပွဲ မစတင်မီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ခရစ်ယာန် ဘုန်းတော်ကြီး၊ အစ္စလာမ် ဓမ္မဆရာ၊ ဟိန္ဒူ ဆရာများက ဝတ်ပြု ဆုတောင်းခြင်းမျာ ပြုလုပ်ခဲ့ပြီး၊ ကချင်၊ ရှမ်း၊ ကယား၊ ပအိုဝ့် တိုင်းရင်းသား၊ တာအာင်းတိုင်းရင်းသား၊ ဇိုမီးတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား များနှင့် မွန်တိုင်းရင်းသား ကိုယ်စားလှယ်များက ရေကာတာကြောင့် ခံစားရမည့် အကြောင်း အရာများကို ဆွေးနွေး ဟောပြောခဲ့ကြောင်း မွန်တိုင်းရင်းသား ကိုယ်စားလှယ်များ ပြောဆိုသည်။

မြန်မာ့မြစ်ချောင်း ကွန်ရက်ကို ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့၊ ကယား လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ သံလွင်ချစ်သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံးနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့များ အပါအဝင် အဖွဲ့ပေါင်း ၁၅ ခုဖြင့် ဖွဲ့စည်းထားသည်။

The Voice Weekly