မသန်စွမ်း ကျောင်းသားများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှု အားပေး

ပို့စ်တင်ချိန် - 3/16/2014 10:52:00 PM


လွိုင်ကော် မတ် ၁၅

မြန်မာ တစ်နိုင်ငံလုံးတွင် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရာ ကယား ပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန အနေဖြင့် လွိုင်ကော်မြို့တွင် ငါးခု၊ ဒီးမော့ဆိုမြို့တွင် နှစ်ခု၊ ဖရူဆိုမြို့တွင် တစ်ခု၊ ဘော်လခဲမြို့တွင် တစ်ခု၊ ဖားဆောင်းမြို့တွင် တစ်ခု စုစုပေါင်း ၁ဝ ခု၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉၈၁ ဦး ရှိကြောင်း သိရသည်။ ကယားပြည်နယ်တွင် ကျင်းပလျက် ရှိသော တက္ကသိုလ်ဝင် စာမေးပွဲ၌ မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း လေးဦး ဝင်ရောက် ဖြေဆိုရာ ၎င်းတို့အနက် လက်နှစ်ဖက်မပါ၊ ခြေတစ်ဖက်သာ ပါရှိသူ မနော်ဒါးခူမှာ ၎င်း၏ ခြေတစ်ဖက်ဖြင့် ကောင်းမွန်စွာ ဖြေဆိုနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ကယားပြည်နယ် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆို နေမှုကို ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦး ခင်မောင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့ရှိ စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အောင်ထွန်းလေး